News

POST TYPE

POPULAR POST

သားအမိနှစ်ဦးကို သတ်သည်ဟု တရားစွဲခံထားရသူက မသတ်ဟု ငြင်းဆို
07-Feb-2018


မန္တလေး၊ ဖေဖော်ဝါရီ ၇

ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်းရပ်ကွက်အတွင်း သားအမိနှစ်ဦးကိုသတ်ကာ မီးရှို့အလောင်းဖျောက်သည်ဟုဆိုကာ စွဲချက်တင်ခံထားရသူ ခိုင်ဝေကို ဖေဖော်ဝါရီလ ၇ ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့ရာတွင် ယင်းသားအမိနှစ်ဦးကို မသတ်ခဲ့ဟု ထွက်ဆိုခဲ့သည်။ 

ယင်းထွက်ဆိုချက်သည် စတင်ဖမ်းဆီးချိန်က ထွက်ဆိုချက်နှင့် ကွဲလွဲနေကြောင်း တရားလိုဖြစ်သူ ဦးဘိုတောက်က ပြောကြားသည်။

ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်းရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၇ နှစ်အရွယ် ဒေါ်နန်းခင်ထွေးဝင်းနှင့် ၎င်း၏သမီးဖြစ်သူ သုံးနှစ်အရွယ် မနန်းဝင့်ရွှေရည်ဗိုလ်တို့ ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေ ၅ နာရီခန့်က နေအိမ်အခန်းအတွင်း သေဆုံးနေခဲ့ပြီး မီးရှို့ထားသည်ကို ရဲတပ်ဖွဲ့နှင့် မီးသတ်ဦးစီးဌာနက တွေ့ရှိခဲ့သည့်အမှု ဖြစ်သည်။ 

ယင်းအမှုတွင် ကျူးလွန်သူဟုယူဆရသည့် ခိုင်ဝေကို ခရိုင်တရားရုံးတွင် တရားစွဲဆို စစ်ဆေးနေခြင်းဖြစ်ပြီး တရားလိုပြသက်သေ ၁၅ ဦးကို စစ်ဆေးပြီးချိန်တွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၁-ဂ) ၊ ၃၀၂ (၂) နှင့် ၄၃၆ တို့ဖြင့် စွဲချက်တင်ခဲ့ပြီး ၃၀၂ (၁-ဂ) သည် ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် သေဒဏ်အထိ ချမှတ်နိုင်ပြီး၊ ၃၀၂(၂) သည် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်နိုင်ကာ၊ ၄၃၆ သည် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သည့်ပြစ်မှုများဖြစ်ကြောင်း ရှေ့နေများ အသိုင်းအဝိုင်းထံမှ သိရသည်။

“ကျွန်တော် ဘူတာကြီးကနေ အိမ်ပြန်ရောက်တော့ ခါတိုင်း အမြဲပိတ်ထားတတ်တဲ့ ဝင်းတံခါး ပွင့်နေတယ်။ အိမ်ရှေ့အိမ်က လူကိုမေးကြည့်တော့ မှန်အမည်းနဲ့ ကားအဖြူတစ်စီးလာပြီး နှစ်နာရီလောက်ကြာအောင် နေသွားတယ်လို့ သိရတယ်။ ဧည့်ခန်းမှာ အန်တီထွေး (သေဆုံးသူ) ရဲ့ လက်ကိုင်ဖုန်းကို တွေ့တယ်။ လူမတွေ့တာနဲ့ ဦးလေးဘိုတောက် (တရားလို)ကို လှမ်းမေးတော့ သူလည်း ခေါ်မသွားဘူး။ အိပ်နေတယ်ထင်တယ် မနှိုးနဲ့လို့ပြောတာနဲ့ ဖုန်းသုံးရင်း ဧည့်ခန်းမှာ ထိုင်နေခဲ့တာပါ။ မီးလောင်လို့ အခန်းထဲ ဝင်ကြည့်ကျတော့မှ သေနေတာကို တွေ့တာပါ”ဟု ဖေဖော်ဝါရီလ ၇ ရက်နေ့က တရားခွင်တွင် ထွက်ဆိုခဲ့သည်။

ခိုင်ဝေအနေနှင့် ယခုရုံးချိန်းတွင် ယင်းသို့ ထွက်ဆိုခဲ့သော်လည်း စတင်စစ်ဆေးသည့်အချိန်နှင့် ရဲစခန်းတွင်စစ်ဆေးစဉ်အချိန်က ပစ္စည်းရလိုမှု လောဘကြောင့် လူသတ်မှု ကျူးလွန်မိခြင်းဖြစ်ပြီး အလောင်း ဖျောက်ဖျက်ရန်အတွက် ဓာတ်ဆီလောင်းကာ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားခဲ့သည်။

သေဆုံးနေသည့် ဒေါ်နန်းခင်ထွေးဝင်း၏ အလောင်းကို ပလတ်စတစ်ပုံးတစ်ခုအတွင်း ခွေခေါက်ထည့်ထားသည်ကို တွေ့ရပြီး ကလေးငယ်၏အလောင်းကိုမူ ခရီးဆောင်အိတ်တစ်ခုအတွင်း မီးလောင်လျက်တွေ့ရှိခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။ 

“သူက ရဲဆီမှာရော၊ တရားရုံးက တရားသူကြီးတွေ သက်သေတွေရှေ့မှာရော သူသတ်ပါတယ်ဆိုတာ ဝန်ခံပြီးသားပါ။ ထောင်ထဲ ရောက်သွားပြီးတော့ ရှေ့နေတွေ ဘာတွေငှားပြီး သင်ပေးတဲ့အတိုင်း ထွက်ဆိုနေတာလို့ ထင်ပါတယ်။ အဲ့ဒီတော့ တရားရုံးမှာ ထွက်ဆိုထားတဲ့ သက်သေတွေရဲ့ ထွက်ဆိုချက်နဲ့ တရားသူကြီးက သုံးသပ်ဆင်ခြင်ပြီး အမိန့်ချမှာပါ။ တရားကို နတ်စောင့်မှာပါ”ဟု သေဆုံးသူ အမျိုးသမီး၏ခင်ပွန်းဖြစ်သူ တရားလို ဦးဘိုတောက်က ပြောကြားသည်။

လက်ရှိတွင် အသက် ၂၀ အရွယ်ရှိ ခိုင်ဝေကို သံသယတရားခံအဖြစ် အိုးဘိုထောင်တွင် ချုပ်နှောင်ထားပြီး တရားစွဲတင် စစ်ဆေးနေခြင်းဖြစ်သည်။  

M-04