News

POST TYPE

POPULAR POST

ရထားလမ်းကူးဂိတ်များကို အလိုအလျောက် အဖွင့်အပိတ်စနစ် တပ်ဆင်မည်
07-Feb-2018



ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ရန်ကုန်မြို့ပတ်ရထားလမ်း တစ်လျှောက်ရှိ ကား-ရထားလမ်းကူးဂိတ် ၂၅ ခုတွင် ဂျပန်နည်းပညာဖြင့် အလိုအလျောက် အဖွင့်၊ အပိတ်စနစ် (Automatic Level Crossing) တပ်ဆင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

“ရထားလမ်းကူးဂိတ်ကို တင်ဒါအောင်တဲ့သူက ဂျပန်နည်းပညာပဲ သုံးရမယ်လို့ သတ်မှတ်ထားတာ။ လာပြိုင်တဲ့ကုမ္ပဏီကလည်း ဂျပန်ကုမ္ပဏီတွေ ဖြစ်နေတယ်”ဟု မြန်မာ့မီးရထား (ထောက်ပံ့ရေးရုံး) မှ တာဝန်ရှိသူက ဆိုသည်။

Automatic Level Crossing တပ်ဆင်ခြင်းလုပ်ငန်းကို လုပ်ကိုင်လိုသည့် ကုမ္ပဏီများကို တင်ဒါခေါ်ယူရာတွင် ဂျပန်ကုမ္ပဏီနှစ်ခု လျှောက်ထားမှုရှိပြီး တင်ဒါကို အမြန်ဆုံးရွေးချယ်မည်ဖြစ်ကာ တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို အသိပေးကြေညာမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ၏ ချေးငွေ အမေရိကန်ဒေါ်လာ ၂၀၇ သန်းဖြင့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအနက် Automatic Level Crossing များ တပ်ဆင်ခြင်းလုပ်ငန်းပါဝင်ကြောင်း မြန်မာ့မီးရထား၊ တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီမှ တာဝန်ရှိသူက ပြောကြားသည်။

“တင်ဒါရွေးချယ်ပြီးတာနဲ့ လုပ်ငန်းစတင်မှာဖြစ်တယ်။ ၂၀၂၁ မှာ တပ်ဆင်တဲ့ လုပ်ငန်းအပြီးလုပ်မှာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ရထားလမ်းကူး Automatic Level Crossing တပ်ဆင်မှုသည် ကုန်ကျစရိတ် များပြားနိုင်ခြင်းကြောင့် မြို့ပတ်ရထား လမ်းပိုင်းတွင်သာ တပ်ဆင်မည်ဖြစ်ပြီး မြို့စွန်မြို့ဖျားရှိ တရားဝင် ရထားလမ်းကူးများ၌ တပ်ဆင်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်ရာတွင် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ပလက်ဖောင်းများ ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။ 

J-06


  • VIA