News

POST TYPE

POPULAR POST

မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးမှ အပေါက်များ ပြုပြင်
07-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းတွင် ကျန်ရှိသည့် မိုင် ၄၀ ကို သံဆူးကြိုးကာရံရေးအတွက် လမ်းဖောက်လုပ်မှုများ ကနဦးဆောင်ရွက်နေပြီး ယခင်ကာရံထားသော ခြံစည်းရိုး မိုင် ၁၃၀ မှ ပျက်စီးနေသည့် သံဆူးကြိုးနေရာများကိုလည်း ပြန်လည်စိစစ်၍ ပြုပြင်လျက်ရှိကြောင်း အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်မှ ဒုတိယကွပ်ကဲရေးမှူးချုပ် ရဲမှူးကြီး ဗညားဦးက ပြောကြားသည်။

“အဲဒါ တပ်က ဆောင်ရွက်နေတာ။ ကျွန်တော်တို့က လှည့်ကင်းသွားတယ်။ ပေါက်တယ်ဆို ဘယ်နေရာ ပေါက်နေတယ်၊ ဒါတွေ ပြန်ဖာပေးပါဆိုပြီးတော့ အဲဒီလောက်ပဲ ပြောတာဗျ။ နိုင်ငံတော် ပရောဂျက်ဖြစ်တော့ အုပ်ချုပ်ရေးပိုင်းကပဲ သေချာသိမယ်။ ကျွန်တော်တို့က ပုံမှန်ခြံစည်းရိုးလှည့်ကင်း လုပ်ရတာပဲရှိတယ်”ဟု ၎င်းက ဆိုသည်။

သို့သော် ခြံစည်းရိုးကာရံမှုနှင့် ပြင်ဆင်မှုအခြေအနေတို့ကို မသိရှိကြောင်း၊ နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်အနေဖြင့် နယ်စပ်တစ်လျှောက် လုံခြုံရေးလမ်းကြောင်းများကို တပ်မတော်နှင့် ပူးပေါင်း၍ လုံခြုံရေးယူလျက်ရှိကြောင်း ရဲမှူးကြီးက ဆက်လက်ဖြေကြားသည်။

အဆိုပါ နယ်စပ်ခြံစည်းရိုး ကာရံမှုအစီအစဉ်မှာ အများပြည်သူ အလှမ်းဝေးသည့်နေရာများဖြစ်ပြီး တာဝန်ယူဆောင်ရွက်နေသော ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပေးမှသာ ပြည်သူက သိရှိရမည်ဖြစ်ကြောင်း မောင်တောမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက ပြောဆိုသည်။

“ခြံစည်းရိုး အသစ်ကာရံမယ့်ကိစ္စက မြေပြင်အနေအထား မရောက်တော့ မပြောနိုင်သေးဘူး။ သဘာဝဘေးကြောင့် ပျက်စီးတဲ့ အရင်ခြံစည်းရိုးတော့ ပြုပြင်တာနည်းနည်းရှိတယ်”ဟု ၎င်းက ဆိုသည်။

နယ်စပ်ခြံစည်းရိုး ပျက်စီးမှုများ ပြုပြင်ခြင်း၊ ကျန်ရှိသည့်နေရာများကို အမြန်ဆုံး ခြံစည်းရိုးကာရံသည့် လုပ်ငန်းများသည် ပြည်ထဲရေးဝန်ကြီးဌာနနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းကြောင့် အဆိုပါဝန်ကြီးဌာနသို့ အတည်ပြုမေးမြန်းနိုင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

လက်ရှိတွင် နယ်စပ်ခြံစည်း ကာရံရေးအတွက် အစိုးရက ပြည်ထဲရေးဝန်ကြီးဌာနမှတစ်ဆင့် လုပ်ငန်းဆောင်ရွက်မည့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးသို့ ပထမအဆင့် ငွေကျပ် ဘီလီယံ ၂၀ လက်ငင်း ဖြည့်ဆည်းပေးထားပြီး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်ရန်ပုံငွေအရ ငွေကျပ် ၆ ဘီလီယံအပြင် ဖြည့်စွက်သုံးစွဲရန် ငွေကျပ် ၂ ဘီလီယံ ပေးထားကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည်။

သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ် - မြန်မာနယ်စပ် Shahpori ကျွန်းမှ မိုင် ၁၇၀ ရှည်သော ပတ်လမ်းတစ်ခုနှင့် သံဆူးကြိုးခတ်ကာ ခြံစည်းရိုးကာရံရန် စီစဉ်နေကြောင်း၊ နယ်စပ်လမ်းကြောင်းရှိ တရားမဝင် မူးယစ်ဆေးဝါး မှောင်ခိုပြဿနာနှင့် ရာဇဝတ်ပြစ်မှုတို့ကို တားဆီးရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်တွင် ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က ပြောကြားကြောင်း နိုင်ငံတကာမီဒီယာအချို့က ရေးသားထားသည်။

J-17