News

POST TYPE

POPULAR POST

တရုတ်နှစ်ကူးကာလ အဖမ်းအဆီးကြမ်းမည်ဖြစ်၍ မြန်မာအလုပ်သမား ၂၀၀၀ ခန့် နေရပ်ပြန်
06-Feb-2018

မူဆယ်၊ ဖေဖော်ဝါရီ ၅ 

တရုတ်နှစ်သစ်ကူးပွဲတော်ကာလ ရောက်ရှိတော့မည်ဖြစ်ရာ နိုင်ငံအတွင်း အထောက်အထားမပြည့်စုံဘဲ လာရောက်အလုပ်လုပ်ကိုင်နေသူများကို ဖမ်းဆီးအရေးယူမည်ဟု သတိပေးထားသည့်အတွက် အလုပ်ရှင်များက နေရပ်ပြန်ခိုင်းသည့် မြန်မာအလုပ်သမား ၂၀၀၀ ခန့်မှာ ယခုရက်ပိုင်းအတွင်း မူဆယ်သို့ ပြန်လည်ရောက်ရှိလာကြောင်း မူဆယ်မြို့ရှိ ကရုဏာလူမှု ကူညီရေးအသင်းမှ ဦးသောင်းထွန်းက ပြောကြားသည်။ 

“တရုတ်နိုင်ငံ ဝမ်တိန်ဖရဲကွင်းမှာရှိတဲ့ မြန်မာအလုပ်သမားတွေကို အလုပ်ရှင်တွေက ပြန်လွှတ်နေတာပါ။ ဝမ်တိန်မြို့ကနေ မြန်မာပြည်ဘက် ကြူကုတ် (ပန်ဆိုင်း) ကတစ်ဆင့် မူဆယ်ကို ပြန်လာနေကြတယ်”ဟု ၎င်းက ဆိုသည်။ 

အဆိုပါ နေရပ်ပြန်လာသည့် အလုပ်သမားများအနက် အမျိုးသားအများစုဖြစ်ပြီး အမျိုးသမီးအနည်းငယ်ပါကြောင်း၊ ငွေကြေးတတ်နိုင်သူများသည် လတ်တလော တည်းခိုခန်းများသို့ သွားရောက်နေထိုင်ကြပြီး ငွေကြေးမတတ်နိုင်သူ အများစုအတွက်ကိုမူ လက်ရှိကူညီစောင့်ရှောက်ပေးထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

တရုတ်နိုင်ငံတွင် မကြာမီရက်ပိုင်းအတွင်း နှစ်သစ်ကူးပွဲတော် ကျင်းပတော့မည်ဖြစ်ရာ တရုတ်နိုင်ငံအတွင်း လာရောက်အလုပ်လုပ်ကိုင်နေသူများကို သတ်မှတ်ထားသော အချက်ငါးချက်နှင့် ပြည့်စုံမှု ရှိ မရှိ စစ်ဆေးမည်ဖြစ်ပြီး အထောက်အထား စာရွက်စာတမ်းပြည့်စုံမှု မရှိသူများကို ဖမ်းဆီးအရေးယူမည်ဟု တရုတ်အစိုးရက သတိပေးထားသည်။ 

ထို့ပြင် ဖရဲကွင်းပိုင်ရှင်များအနေနှင့်လည်း ဒဏ်ငွေပေးဆောင်ရခြင်းရှိသည့်အပြင် မြန်မာအလုပ်သမားများအနေနှင့် ယင်းသို့ဖမ်းဆီးခြင်းခံရပါက တရုတ် အကျဉ်းထောင်တွင် အချုပ်ကျခံရပြီး ဒဏ်ငွေပေးဆောင်ရမည်ကို စိုးရိမ်မှုကြောင့် ပြန်လာကြခြင်းဖြစ်ကြောင်း ဝမ်တိန်ဖရဲကွင်းမှ ပြန်လာသူ အလုပ်သမားကိုအောင်လင်းက ပြောဆိုသည်။

“ရွာမှာ အလုပ်ပါးတဲ့အချိန်မှာ တရုတ်ဘက်က ဖရဲကွင်းမှာ အလုပ်လုပ်ရင် ယွမ်နဲ့ရတယ်။ ခြောက်လလောက်လုပ်လိုက်ရင် ငွေစုမိတယ်။ ဝမ်တိန်မှာနေဖို့အတွက် BP စာအုပ်လုပ်ရတယ်။ အလုပ်ရှင်ထောက်ခံချက်၊ ကျန်းမာရေးထောက်ခံချက်၊ အလုပ်သမားမှတ်ပုံတင်နဲ့ နေထိုင်မယ့်အိမ်ရှင်ရဲ့ ထောက်ခံချက်တွေ လိုတယ်။ ဒါတွေကိုလုပ်ရင် တရုတ်ငွေနဲ့ပေးရတာ မလုပ်နိုင်ကြဘူး။ ဒါကြောင့် တရုတ်ဘက်က စစ်ဆေးမယ် ပြန်ကြဆိုတော့ ပြန်ရုံပဲလေ”ဟု ၎င်းက ဆိုသည်။

အဆိုပါအလုပ်သမားများအနေဖြင့် မူဆယ်သို့ ထပ်မံရောက်ရှိလာနိုင်သေးသည့်အတွက် လတ်တလောနေထိုင်ရေး၊ စားသောက်ရေးနှင့် နေရပ်အသီးသီးသို့ ပြန်နိုင်ရေးတို့အတွက် မူဆယ်ခရိုင် အုပ်ချုပ်ရေးဦးစီးဌာနက ပရဟိတအသင်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ယင်းအဖွဲ့အစည်းများထံမှ သိရသည်။ 

“များများရောက်လာလို့ နေစရာလိုအပ်ရင် ရွက်ဖျင်တဲတွေရှိပါတယ်။ စားနပ်ရိက္ခာအတွက်လည်း ဆန်တို့၊ ပဲတို့၊ အာလူးတို့ အသင့်ရှိတယ်။ ချက်ချင်း အကူအညီပေးမှာပါ”ဟု မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်က ပြောဆိုသည်။

တရုတ်နိုင်ငံဘက်အခြမ်းရှိ ကြံစိုက်ခင်းများ၊ သီးနှံစိုက်ခင်းများ၊ စက်ရုံ၊ အလုပ်ရုံများတွင် မြန်မာအလုပ်သမား အများအပြား သွားရောက်လုပ်ကိုင်နေပြီး ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့က မူဆယ်မြို့နှင့် မုံးကိုးမြို့များ တိုက်ခိုက်ခံရချိန်တွင် မြန်မာအလုပ်သမားများ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။

R-07