News

POST TYPE

POPULAR POST

လေးမျက်နှာတွင် လူသတ်မှုဖြစ်၊ အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ
ဟင်္သာတ၊ ဖေဖော်ဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ဘိသလွန်အုပ်စု၊ ဗောဓိကျေးရွာရှိ နေအိမ်တစ်ခုတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲပိုင်းက အမျိုးသားတစ်ဦးက နေအိမ်သို့ဝင်ရောက်ကာ ဓားဖြင့်ထိုးခဲ့ခြင်းကြောင့် မိခင်ဖြစ်သူသေဆုံးခဲ့ပြီး သမီးနှစ်ဦးမှာ ပြင်းထန်သည့် ဒဏ်ရာများရရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်တွင် ဗောဓိကျေးရွာနေ အသက် ၄၈ နှစ်အရွယ် ဒေါ်ခင်မာကြူ သေဆုံးခဲ့ပြီး သမီးအရင်းဖြစ်သူ အသက် ၂၂ နှစ်အရွယ် မအေးမူခိုင်နှင့် အသက် ၁၈ နှစ်အရွယ် ၁၀ တန်းကျောင်းသူ မအေးမို့မို့ခိုင်တို့တွင် ပြင်းထန်သည့်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အဆိုပါသေဆုံးသူနှင့် ဒဏ်ရာရရှိသူတို့ကို ဓားဖြင့်ထိုးသူမှာ ကျုံပျော်မြို့နယ် ဒိုက်ပျက်အုပ်စု ကြံတောစုကျေးရွာတွင် နေထိုင်သည့် အသက် ၃၇ နှစ်အရွယ် ခင်မောင်ဝင်း (ခ)ကရင်လေးဖြစ်ကြောင်း ယင်းရုံးထံမှ သိရသည်။ 

ယင်းနေ့က ဗောဓိကျေးရွာနေ အသက် ၅၀ အရွယ် ဦးတင်စိုး၊ ဇနီးဒေါ်ခင်မာကြူတို့၏ နေအိမ်သို့ လူသတ်မှုကျူးလွန်သူ ခင်မောင်ဝင်း (ခ) ကရင်လေးက ကျောပိုးအိတ်တစ်လုံးဖြင့် ရောက်ရှိလာကြောင်း၊ ယင်းနောက် ဦးတင်စိုး၏သားဖြစ်သူ ဝင်းကိုနိုင်ရှိလားဟု မေးမြန်းခဲ့ပြီး ဦးတင်စိုးက မရှိဟုဖြေကာ အိမ်နောက်ဘက်သို့ ထွက်သွားစဉ် ခဏအကြာ အော်သံကြား၍ သွားကြည့်ရာ ဇနီးဒေါ်ခင်မာကြူနှင့်သမီးနှစ်ဦးမှာ ဓားဒဏ်ရာဖြင့် လဲကျနေသည်ကို တွေ့ရကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

ယင်းနောက် ခင်မောင်ဝင်း(ခ) ကရင်လေး လက်ထဲတွင် ကိုင်ဆောင်ထားသည့် ဓားကို ဦးတင်စိုးနှင့် ယောက်ဖတော်စပ်သူ နေလင်းတို့က ဝင်ရောက်ဆွဲယူခဲ့ရာ နေလင်း၏ လက်ကောက်ဝတ် ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ ဒဏ်ရာများရရှိခဲ့သူ ဒေါ်ခင်မာကြူ၊ မအေးမူခိုင်၊ မအေးမို့မို့ခိုင်နှင့် နေလင်းတို့ကို ဟင်္သာတခရိုင် ဆေးရုံကြီးသို့တင်ပို့စဉ် ဖေဖော်ဝါရီ လ ၄ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဒေါ်ခင်မာကြူ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ခင်မောင်ဝင်း (ခ) ကရင်လေးကို လေးမျက်နှာ မြို့မစခန်းက (ပ) အမှတ် ၁၉/၂၀၁၈ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂/ ၃၂၆/၃၂၄ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ယင်းစခန်းထံမှ သိရသည်။ 

R-13