News

POST TYPE

POPULAR POST

၈၈ ကျောင်းသားခေါင်းဆောင်ကို စာမတတ်သူဟု ဦးလှဆွေ ဝေဖန်
04-Feb-2018 tagged as ရန်ကုန်


ရန်ကုန်၊ ဖေဖော်ဝါရီ ၎

၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးကို ခေါကြီးဟု ပြောဆိုကာ ၈ တန်းနှစ်ခါကျခဲ့သော စာမတတ်သူဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေက ဝေဖန်ပြောကြားသည်။

ဖေဖော်ဝါရီလ ၄ ရက် မွန်းလွဲပိုင်းက ဒဂုံမြို့နယ် ဦးဝိစာရလမ်း၊ မိုင်ဒါကွင်းတွင် ပြုလုပ်ခဲ့သော နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် သပ်လျှိုသွေးခွဲနေသူများကို ဆန့်ကျင်ရှုတ်ချပွဲတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

ဟောပြောပွဲတွင် ယခင်အစိုးရလက်ထက်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဦးလှဆွေက “ခေါကြီးတို့က ဒုံး ဝေးတယ်။ ဝေးမှာပေါ့ စာမှမတတ်တာကိုး။ ဘယ်သူလဲတော့မသိဘူး ၈၈ က ကျောင်းသားခေါင်းဆောင်လို့ ပြောတာပဲ။ ၈ တန်းကို နှစ်ခါကျပြီးတော့ ညကျောင်းကနေမှ ပြန်အောင်တဲ့ကောင်တဲ့။ ကလေးတွေကို သေနတ်နဲ့ချိန်ဖို့ မပြောနဲ့ လူတွေကို ပစ်ဖို့မပြောနဲ့ ရှေ့တန်းမှာ ကျွဲတစ်ကောင်တောင် မတော်တဆ ဘယ်ကောင်ပစ်မှန်း မသိလို့ သေတာတောင် ကျွန်တော်တို့ လျော်ခဲ့ရဖူးတယ်”ဟု ဆိုသည်။

ထို့အပြင် တပ်မတော်သည် ကျင့်ဝတ် ၆၀ ဖြင့် နေထိုင်ရခြင်းဖြစ်ပြီး ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို အတိအကျ လိုက်နာရပြီး မလိုက်နာပါက စစ်စည်းကမ်းအရ ထိရောက်စွာ အရေးယူခဲ့ခြင်းကြောင့် စည်းမဲ့ကမ်းမဲ့ဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုမဟုတ်ကြောင်း ဦးလှဆွေက ဟောပြောချက်၌ ထည့်သွင်းပြောကြားသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအား ကြိုဆိုထောက်ခံပွဲတွင် ငြိမ်းချမ်းရေး သရုပ်ဖော် ပြကွက်တင်ဆက်မှုနှင့်ပတ်သက်၍ အားလုံးကို တာဝန် အပြည့်အဝ ယူကြောင်း၊ ယင်းပြကွက်တွင်ပါဝင်သည့် လက်နက်ကိုင် အဖွဲ့အစည်း သဏ္ဌာန်တွင် မည်သည့် အဖွဲ့အစည်းဖြစ်ကြောင်း တံဆိပ်များ တိတိကျကျ သုံးစွဲထားခြင်း မရှိကြောင်း၊ စစ်ပွဲများ၏ အနိဋ္ဌာရုံကိုသာ ရည်ညွှန်းခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက် ဦးမင်းကိုနိုင်ကလည်း မီဒီယာတစ်ခုသို့ ဖြေကြားခဲ့သည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြုလုပ်ခဲ့သည့် ဟောပြောပွဲတွင် ဦးလှဆွေ၏ ၈၈ အဖွဲ့အပေါ် ဝေဖန်ပြောကြားမှုနှင့် ပတ်သက်၍ ဦးမင်းကိုနိုင်ထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍မရပေ။

မြန်မာ့တပ်မတော်သည် ပြည်တွင်းစစ်များအား ဖန်တီးဆောင်ရွက်နေသယောင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မင်းကိုနိုင် ဦးဆောင်သည့် အဖွဲ့ဝင်များက နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို အသက်ပေး ထမ်းဆောင်နေသည့် တပ်မတော်သားများအပေါ် အထင်မှားနှင့် အမြင်မကြည်လင်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ တင်ဆက်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး တပ်မတော် ချစ်မြတ်နိုးသူများအဖွဲ့က ထုတ်ပြန်ကြေညာသည်။

နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် သပ်လျှိုသွေးခွဲနေသူများကို ဆန့်ကျင်ရှုတ်ချပွဲ ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် အဆိုပါ ဟောပြောပွဲတွင် လူအင်အား တစ်သောင်းကျော်က ကန့်ကွက်ရှုတ်ချခဲ့ပြီး ဦးအေးနေဝင်း အပါအဝင် အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ဒေါ်ခင်ဝိုင်းကြည်တို့ တက်ရောက်ခဲ့သည်။

ထို့အပြင် ပြည်ထဲရေး ဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်တွင် ထုတ်ပြန်ထားသော ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၇၁၊ လျှို့ဝှက်အက်ဥပဒေပုဒ်မ ၆ ပုဒ်မခွဲ (၁)၊ ပုဒ်မ ၆ ပုဒ်မခွဲ ၃ တို့အရ နိုင်ငံတော်လုံခြုံရေး အဖွဲ့အစည်းများ၏ အသွင်သဏ္ဌာန်ဖြင့် ယူနီဖောင်းများ ဝတ်စားဆင်ယင်ခြင်းမပြုရန် ညွှန်ကြားချက်အရ လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးရန် မြန်မာ့တပ်မတော် ချစ်မြတ်နိုးသူများအဖွဲ့က တိုက်တွန်းထားသည်။

J-17