POST TYPE

POPULAR POST

ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှု ဖွံ့ဖြိုးချိန်တန်(Daily, Vol-4.No-130)
08-Sep-2016

မြန်မာနိုင်ငံ၏ ခေတ်အမီဆုံး၊ အဖွံ့ဖြိုးဆုံး၊ အကြီးဆုံး ရန်ကုန်မြို့တော်ရှိ ပုဂ္ဂလိက အထူးကု ဆေးရုံကြီး တစ်ခုတွင် လျှပ်စစ်မီး ပြတ်တောက် သွားချိန်တွင် ဆေးရုံရှိ မီးစက် နှစ်လုံးမှာလည်း ချို့ယွင်း နေသောကြောင့် မီးပျက်နေစဉ် လုပ်ငန်း အားလုံးနီးပါး ရပ်တန့်သွားသည်ဟု ဆိုလျှင် ယုံကြပါသလောဟု မေးစရာ ရှိပေသည်။

ယင်းအဖြစ်အပျက်သည် လွန်ခဲ့သည့် နှစ်အနည်းငယ်က ပုဂ္ဂလိက ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ အကန့်အသတ်ဖြင့် ရှိခဲ့စဉ်က မထူးခြားသော အခြေအနေ ဖြစ်သော်လည်း ယနေ့ ပြည်ပနိုင်ငံများမှ ပုဂ္ဂလိက ဆေးရုံကြီးများပါ ကိုယ်စားလှယ်ရုံးများ အပြိုင်အဆိုင် လာရောက် ဖွင့်လှစ်နေချိန်၊ ပြည်တွင်းတွင်လည်း ဈေးကွက် ပြိုင်ဆိုင်မှု အားကောင်း နေချိန်တွင်မူ ယုံရခက်ခက် သတင်းမျိုး ဖြစ်နေပေသည်။

အခြေအနေ အရပ်ရပ်ကြောင့် မြန်မာနိုင်ငံတွင် နယ်ပယ် အရပ်ရပ်၊ ကဏ္ဍ အသီးသီးတွင် လိုအပ်ချက်၊ အားနည်းချက်များ ရှိနေခြင်းကို လက်ခံ နားလည်ပေး၍ ရသော်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်၍ မရသော အထောက်အကူ ကိရိယာများ တပ်ဆင်ချိတ်တွဲ ထားရသည့် အသည်းအသန် လူနာများအတွက်နှင့် ဓာတ်လှေကားအတွက်ပင် အရန်မီးစက် စီစဉ် မထားနိုင်သည့် အထူးကုဆေးရုံ တစ်ခု၏ စီမံခန့်ခွဲမှု၊ လူနာများအပေါ် ထားရှိသည့် စေတနာနှင့် ဝန်ဆောင်မှုတို့မှာ နားလည်ရ ခက်လှသည်။

စင်စစ်အားဖြင့် ကျင့်သုံးခဲ့သော စနစ်ဆိုးများကြောင့် အရာရာ ချွတ်ခြုံကျနေသော မြန်မာနိုင်ငံ၏ အထွေထွေ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်းမှာ ယင်းနှင့် ချိတ်ဆက်နေသော နိုင်ငံ၏ အခြားသော အခြေအနေ အရပ်ရပ်နှင့်အညီ လိုအပ်ချက်ကြီးစွာ ရှိနေပေသည်။

အရှေ့တောင် အာရှဒေသတွင်း ကျန်းမာရေးဆိုင်ရာ အညွှန်းကိန်းများ နှိုင်းယှဉ်ပါက အချို့နေရာတွင် လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံများ အောက်သို့ပင် ရောက်ရှိနေခြင်းမှာ များစွာ သတိထားစရာ အခြေအနေ ဖြစ်သည်။

အစိုးရ၏ ဘတ်ဂျက်ခေါ် အရ၊ အသုံး မှန်းခြေငွေ စာရင်းတွင်လည်း ကျန်းမာရေး အသုံးစရိတ် လွန်စွာ နည်းပါးနေရာ ပြည်သူ အများစုမှာ အစိုးရ ဆေးရုံများတွင် တက်ရောက်သော်လည်း အရာအားလုံးနီးပါး ကိုယ်ပိုင်ငွေဖြင့်သာ ကျခံ သုံးစွဲနေခဲ့သည်မှာ ဆယ်စုနှစ် ငါးခုကျော် ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။

လမ်းစဉ်ပါတီ ခေတ်တွင်မူ နိုင်တော်က အလုံးစုံ ထောက်ပံ့ပေးသည့်စနစ် ကျင့်သုံးခဲ့သော်လည်း အမည်ခံသာသာ အဆင့်မျိုးထက် မပိုခဲ့သောကြောင့် ပြင်ပ ပုဂ္ဂလိက ဆေးခန်းများဖြင့် ထောက်ကူထားခဲ့ရသည်။ 

၁၉၉ဝ ပြည့်နှစ် နောက်ပိုင်း ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်ရေး လုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်ခွင့် ပြုလာသည့် အချိန်မှစကာ အထူးကု ဆေးခန်း နာမည်ဖြင့် ပုဂ္ဂလိက ဆေးရုံများ အပြိုင်းအရိုင်း ပေါ်ပေါက်လာခဲ့သည်။ 

သို့သော် ဆေးပညာနှင့် ဆေးဝါးဗေဒဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှုများ အချိန်နှင့်အမျှ အလျင်အမြန် ပြောင်းလဲနေသည့်အပြင် စားသောက် နေထိုင်မှုဆိုင်ရာ လူနေမှု ဟန်ပန်များ အပြောင်းအလဲကြောင့် ပို၍ရှုပ်ထွေးသော ရောဂါဆန်းများ ကူးစက် ဖြစ်ပွားလာခြင်းကို မူတည်ပြီး နောက်ဆုံးပေါ် ကုထုံးများ အမြဲမပြတ် တီထွင်ကြံဆ ဖော်ထုတ်နေသော ကမ္ဘာ့ဆေးပညာ လောကနှင့်မူ အဆက်ပြတ်နေခဲ့ပေသည်။

ထို့ကြောင့်ပင် မြန်မာနိုင်ငံမှ အထူးကု ဆေးရုံများ၏ လူနာများအပေါ် လွယ်လင့်တကူ သေမိန့်ပေး ရောဂါ အမည်တပ်ခြင်း၊ ပဋိဇီဝ ဆေးပြင်းများ ပေးခြင်း၊ ဆေးဝါးကုမ္ပဏီများ မားကက်တင်း ဆင်းကာ မက်လုံးပေးထားသည့် အားဆေးများနှင့် အခြားဆေးဝါးများ ပေးခြင်းတို့ကြောင့် အနာနှင့်ဆေးလွဲကာ အခြေအနေ ပိုဆိုးသွားသော အဖြစ်အပျက်များ ပြည်ပ ဆေးရုံများသို့ သွားရောက် ကုသသည့်အခါမှ သိရှိရသည်များ ဒုနှင့်ဒေး ရှိနေခြင်းဖြစ်သည်။

စင်စစ်အားဖြင့် မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်သည် ဝန်နှင့်အားမမျှဘဲ မနိုင်ဝန် ထမ်းထားရသကဲ့သို့ ဖြစ်နေသည့်အပြင် ပုဂ္ဂလိက ဆေးရုံများကို စနစ်တကျ ကြီးကြပ် ကွပ်ကဲနိုင်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ စည်းကမ်း၊ စည်းမျဉ်း စသည့် အင်စတီကျူးရှင်းများ အားနည်းနေခြင်းနှင့် ရှိနေသော စည်းမျဉ်း၊ ဥပဒေများကိုလည်း ကြီးကြပ်၊ လိုက်နာမှု အားနည်းခြင်းတို့ကို ပြင်ဆင်နိုင်မှသာ ဖွံ့ဖြိုးရေးလမ်းစ မြင်နိုင်ကြောင်း သတိပြုမိ စေလိုရင်း ဖြစ်သည်။

အယ်ဒီတာ(၈-၉-၂ဝ၁၆)

  • VIA