News

POST TYPE

POPULAR POST

ပိုင်ရှင်မဲ့ ကျွဲ၊ နွား ပြန်မအပ်သူများကို ကျပ်ခုနစ်သိန်းခွဲ ဒဏ်ရိုက်မည်
21-Jan-2018
သပိတ်ကျင်း၊ ဇန်နဝါရီ ၂၀ 

သပိတ်ကျင်းမြို့နယ်အတွင်း ပိုင်ရှင်မဲ့ ဖမ်းဆီးရမိထားသော ကျွဲ၊ နွားများကို ထိန်းကျောင်းပေးရန် ဒေသခံများထံ အပ်နှံထားရာ ပြန်မအပ်နိုင်သူများကို ကျပ်ခုနစ်သိန်းခွဲစီ ဒဏ်ရိုက်မည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးဦးက ပြောကြားသည်။

၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ဖမ်းဆီးရမိသော ပိုင်ရှင်မဲ့ကျွဲ၊ နွား အကောင် ၆၀၀ ရှိသည့်အနက် စစ်ဆေးသည့်အချိန်တွင် လာရောက်ပြသသည့် ကျွဲခုနစ်ကောင်နှင့် နွား ၃၄၀ ကောင်ကိုသာ လေလံတင် ရောင်းချပေးနိုင်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“ကျွဲ၊ နွား လာမပြနိုင်တဲ့သူတွေကို တစ်ကောင် ခုနစ်သိန်းခွဲနှုန်းဒဏ်ရိုက်ဖို့ အစိုးရအဖွဲ့က ညွှန်ကြားထားတယ်။ အရေးယူဒဏ်ရိုက်ဖို့ မြို့နယ်လေလံကော်မတီ အစည်းအဝေးထိုင်ပြီး ဆောင်ရွက်သွားမယ်”ဟု ၎င်းက ရှင်းပြသည်။

မန္တလေးတိုင်းအစိုးရအဖွဲ့က ဒဏ်ရိုက်အရေးယူရန် ညွှန်ကြားထားသော်လည်း ထိန်းကျောင်းခွင့် ရယူထားသူများအနေနှင့် ပြန်လည်အပ်နှံခြင်းမပြုဘဲ ငွေပေးသွင်းမည့်အနေအထား ဖြစ်နေကြောင်း၊ ယင်းသို့ ဒဏ်ငွေပေးဆောင်ခိုင်းမည်ဆိုပါက ဥပဒေနှင့်အညီ လေလံဆွဲ၍ ဝယ်ယူကြသော တောင်သူများအနေနှင့် နစ်နာသည်ဟု ကျွဲ၊ နွား လေလံဆွဲယူခဲ့သည့် ဒေသခံများက ပြောဆိုသည်။ 

တိုင်းအစိုးရအဖွဲ့က ဒဏ်ရိုက်အရေးယူရန် သတ်မှတ်လိုက်သော ကျွဲ၊ နွားများသည် တကောင်း၊ တွင်းငယ်၊ ကြာညှပ်၊ သပိတ်ကျင်းနယ်တို့မှ ဖမ်းဆီးရမိခဲ့သော ပိုင်ရှင်မဲ့ ကျွဲ၊ နွားများဖြစ်ကြောင်း၊ ယင်း ကျွဲ၊ နွားများကို ၂၀၁၇ ဇန်နဝါရီက လေလံပစ်ခဲ့ရာ ဒေသခံများထံအပ်နှံထားသည့် ကျွဲ၊ နွား အကောင်တစ်ရာကျော် ကျန်ရှိနေသေးခြင်းဖြစ်ကြောင်း သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ 

R-05


  • VIA