News

POST TYPE

POPULAR POST

သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုမှ ဖမ်းဆီးထားသူ သုံးဦးကို အင်းစိန်ထောင် လွှဲပြောင်း
18-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၁၈

နှစ်သစ်ကူးည ပါတီပွဲတွင် ထိုးကြိတ်ကန်ကျောက်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့သော ဟာသ သရုပ်ဆောင် အောင်ရဲထွေး၏အမှုမှ ဖမ်းဆီးထားသူ အမျိုးသား သုံးဦးကို ဇန်နဝါရီလ ၁၈ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် ဒုတိယအကြိမ်မြောက် ရုံးထုတ်ချုပ်ရမန်ယူခဲ့ပြီး အင်းစိန်ဗဟိုအကျဉ်းထောင်သို့ လွှဲပြောင်းပို့အပ်လိုက်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အကျဉ်းထောင်သို့ လွှဲပြောင်းလိုက်သူ သုံးဦးမှာ အသက် ၂၆ နှစ် သားကြီး(ခ) သန်းထွဋ်အောင်နှင့် အောင်လေး(ခ) ပြည့်ဖြိုးအောင်၊ ကျော်ဇောဟန်(ခ) ကျော်ဇောတို့ဖြစ်ပြီး နှစ်သစ်ကူးညက သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ပေါ်ဆန်းမွှေးလမ်းရှိ The One Entertainment ၌ ပါတီပွဲတွင် အောင်ရဲထွေးကို ၎င်းတို့က ဝိုင်းဝန်းထိုးကြိတ်ကန်ကျောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့တွင် ဝန်ခံထွက်ဆိုထားသူများဖြစ်သည်။

ထိုးကြိတ်ကန်ကျောက်ခံရသူ အောင်ရဲထွေးမှာ ဦးခေါင်းခွံ ကြွေမွဒဏ်ရာဖြင့် ဇန်နဝါရီလ ၂ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးခဲ့ပြီးနောက် ပြစ်မှုကျူးလွန်ခဲ့သူဟု ဆိုသော သားကြီး (ခ) သန်းထွဋ်အောင် အပါအဝင် သုံးဦးက ရဲစခန်းသို့ ကိုယ်တိုင် လာရောက် ဖမ်းဆီးခံခဲ့သည်။

အဆိုပါ ရဲစခန်း လာရောက်ဖမ်းဆီးခံသည့် သုံးဦးနှင့် သေဆုံးသူ အောင်ရဲထွေးမှာ အခင်းဖြစ်ရက်မတိုင်မီ လေးရက်ခန့်က မရမ်းကုန်းမြို့နယ်ရှိ The Brave Bar ကလပ်တွင် စကားများ ရန်ဖြစ်ခဲ့ဖူးကြောင်း လူသတ်မှုပုဒ်မဖြင့် အရေးယူခံရသူ သုံးဦးက ရဲတပ်ဖွဲ့ထံ ထွက်ဆိုချက် ပေးထားသည်။

S-03