POST TYPE

POPULAR POST

ပြည်သူ့ရေးရာ မူဝါဒနှင့် ဒီမိုကရေစီ အစိုးရ (Daily, Vol-4/No-129)
07-Sep-2016

ပြည်သူ့ရေးရာ မူဝါဒ ဆိုသည်မှာ နိုင်ငံ၏ အုပ်ချုပ်ရေး ယန္တရား အနေနှင့် အများနှင့် ပတ်သက်သော အမှုကိစ္စများကို ဆောင်ရွက်ရာတွင် လူ့အဖွဲ့အစည်း၏ ဓလေ့ထုံးတမ်း ဥပဒေများနှင့်အညီ အကြောင်းအရာအပေါ် မူတည်၍ အကောင်အထည် ဖော်ခြင်းဟု အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

ပြည်သူ့ရေးရာ မူဝါဒများဆိုသော စကားလုံးတွင်ပင် ပြည်သူလူထု၏ လိုအပ်ချက်၊ လိုအင်ဆန္ဒကို အခြေခံကာ ကိစ္စရပ်တိုင်းတွင် ပြည်သူလူထု လွယ်ကူချောမွေ့ လျင်မြန်စွာ အလုပ်ပြီးမြောက် အောင်မြင်စေရေးကို ရှေးရှုသော မူဝါဒ၊ လုပ်ငန်းစဉ်များဟုလည်း နားလည်၍ ရသည့်အတွက် ထိုမူဝါဒများ ပေါ်ထွက်လာစေရန် ပြည်သူလူထု၏ သဘောထားများကို အခြေခံကြရသည်။

စင်ကာပူနိုင်ငံ၏ ဥပမာ တစ်ခုမှာ လူနေအိမ်ရာများနှင့် ဘတ်စ်ကားဂိတ်၊ မိုးပျံရထား ဘူတာရုံများအကြား သစ်ပင်၊ ပန်းပင်နှင့် မြက်ခင်းပြင်များကို ကွေ့ပတ် ဖောက်လုပ်ပေးထားသော လူသွားစင်္ကြံဖြင့် ဆက်သွယ် ပေးထားသော်လည်း အများစုက ပို၍ နီးစေရန် မြက်ခင်းပြင်ကို ကန့်လန့်ဖြတ် လျှောက်သွားကြသောကြောင့် ထိုဖြတ်လမ်းကို ကွန်ကရစ် လူသွား စင်္ကြံ ခင်းပေးလိုက်ခြင်းဖြင့် ဖြေရှင်းပေးခြင်းမျိုး ဖြစ်သည်။

ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသော နိုင်ငံတိုင်းတွင် ပြည်သူ့ရေးရာ မူဝါဒများ အားကောင်းလျှင် ကောင်းသလို ယင်းမူဝါဒကို အကောင်အထည် ဖော်ပေးနိုင်သော အစိုးရများကို လူထု ထောက်ခံမှုနှုန်း မြင့်မားလေ့ ရှိသည်။

ပြည်သူ့ရေးရာ မူဝါဒကောင်းများ ပေါ်ထွက်လာစေရန် သက်ဆိုင်ရာ နယ်ပယ်၊ လုပ်ငန်း၊ ကဏ္ဍအလိုက် ပြည်သူ့ဆန္ဒ ခံယူခြင်း၊ လူထု သဘောထား စစ်တမ်း ကောက်ယူမှုများ၊ စာရင်းကောက်ယူ ဆန်းစစ်ချက်များ၊ သုတေသနပြုချက်များကို မဖြစ်မနေ အခြေခံကြရသည်။

ဤနေရာတွင် ကိစ္စရပ်တိုင်းကို ပြည်သူ့ဆန္ဒ ခံယူနေပါက အစိုးရ တစ်ရပ်အတွက် မူဝါဒများ ချမှတ် အကောင်အထည် ဖော်ရာတွင် နှောင့်နှေး ကြန့်ကြာကာ အလုပ် မဖြစ်နိုင်ကြောင်း ရပ်ခံတုံ့ပြန် လာသူများလည်း ရှိနိုင်သည်။

ပြည်သူ့ဆန္ဒ ခံယူခြင်း အဆင့်မျိုးအထိ မလုပ်ဆောင်နိုင်ပါက အနိမ့်ဆုံးအဆင့် သက်ဆိုင်ရာ နယ်ပယ်၊ ဒေသအတွင်းရှိ ပညာရှင် အဖွဲ့အစည်းများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ၊ ညှိနှိုင်း၊ တိုင်ပင်၊ ဆွေးနွေး၊ အကြံဉာဏ် ရယူခြင်းဖြင့် ယင်းနယ်ပယ်၊ ဒေသနှင့် ဆီလျော် အပ်စပ်ပြီး အမှားအယွင်း နည်းပါးသည့် ပြည်သူ့ရေးရာ မူဝါဒကောင်းများ ပေါ်ထွက် လာတတ်သည်။

အချို့ ကိစ္စရပ်များသည် သက်ဆိုင်ရာ ဒေသခံ၊ နယ်ပယ်၊ ကဏ္ဍ အသီးသီးရှိ Stakeholder ခေါ် အဓိက တာဝန်ရှိ သက်ဆိုင်သူများနှင့် ကျေလည်စွာ ညှိနှိုင်း တိုင်ပင်ခြင်း မရှိပါက မည်မျှ စေတနာပါ၊ ကောင်းမွန်၊ ထောင့်စေ့သော မူဝါဒမျိုး ဖြစ်စေ အောင်မြင်ရန် ခက်ခဲ တတ်ပေသည်။

အထူးသဖြင့် နောက်ခံ သမိုင်းကြောင်းနှင့် အုပ်ချုပ် စီမံခန့်ခွဲမှု အလွဲများစွာကြောင့် ဒေသနှင့် ဒေသခံများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းအကြီးအကျယ် ဒဏ်ရာသင့်နေသော နေရာ ဒေသများတွင် အကောင်အထည် ဖော်မည့် မူဝါဒများ ဖြစ်နေပါလျှင် ဒေသခံများ၏ အသံကို လေးလေးစားစား နားထောင်ရမည်မှာ ပြည်သူ့ရေးရာ မူဝါဒ ချမှတ်မည့်သူများ၏ အခြေခံတာဝန် ဖြစ်သည်။

တစ်ခါတစ်ရံ မူဝါဒ ချမှတ်မည့်သူများ မကြည့်၊ မမြင်နိုင်သည့် အရေးကြီးသော ရှုထောင့်မျိုး ဒေသခံများတွင် ရှိနေနိုင်သောကြောင့် အနိမ့်ဆုံးအားဖြင့် ဒေသခံများ၏ ထောက်ခံ၊ ကန့်ကွက်ရခြင်း အကြောင်းအရင်းကို မူဝါဒမချမှတ်မီ ကြိုတင်လေ့လာသင့်သည်။

ပြည်သူ့ရေးရာ မူဝါဒများ အောင်မြင်ခြင်း၊ ကျရှုံးခြင်းသည် ယင်းမူဝါဒ အကောင်အထည် ဖော်မည့် သက်ဆိုင်ရာ နယ်ပယ်၊ ဒေသရှိ နယ်မြေခံ ပြည်သူလူထု အပါအဝင် ပြည်သူ့ အခြေပြု အဖွဲ့အစည်းများ၏ ထောက်ခံမှု၊ ပူးပေါင်းပါဝင် ကူညီမှု အတိုင်းအတာ အပေါ်တွင် မူတည်နေကြောင်း သိစေလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၇-၉-၂ဝ၁၆)

  • VIA