News

POST TYPE

POPULAR POST

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေနှင့် တွေ့ဆုံခြင်း
18-Jan-2018

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင် ဇန်နဝါရီလ ၁၆ ရက်နေ့ညက ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် ရဲတပ်ဖွဲ့က သေနတ်နှင့်ပစ်ခတ် ဖြေရှင်းခဲ့ခြင်းကြောင့် လူ ၇ ဦးသေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ The Voice Daily သတင်းစာက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေနှင့် ဆက်သွယ် မေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြပါသည်။

Voice : မြောက်ဦးမှာ မနေ့ည (ဇန်နဝါရီလ ၁၆ ရက်)က ဖြစ်ခဲ့တဲ့ပဋိပက္ခဖြစ်စဉ်ဟာ ဘယ်လိုကြောင့် ဖြစ်ရတာလဲ။
UTMS : ည ၁၀ နာရီ မိနစ် ၂၀ လောက် ခရိုင်ထွေအုပ် ရုံးကို လူလေးထောင်လောက် ဝင်တယ်။ ဝင်ပြီးတော့ အကြမ်းဖက်တာပေါ့။ ရုံးကို ရိုက်ခွဲတာတွေ၊ ရုံးခန်းတွေကို ခဲတွေနဲ့ပေါက်တာတွေ လုပ်ကြတယ်။ အထဲမှာလည်း အကုန် ဖျက်ဆီးတယ်။ နောက် အလံတိုင်မှာလည်း သူတို့ တင်ချင်တဲ့အလံကို တင်တယ်။ ရုံးထဲမှာ လုပ်တာပေါ့။ ရုံးထဲမှာလုပ်တော့ ရုံးလုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေ ရှိတယ်။ ပထမ အသံချဲ့စက်နဲ့ တားတယ်။ ခြံစည်းရိုးကို ဆက်ကျော်ပြီးတက်တယ်။ ဆက်ဝင်တော့ ရော်ဘာကျည်ဆန်နဲ့ပစ်တယ်။ အဲ့ဒါကို ဆက်ပြီးတော့ တိုးတယ်။ တိုးတာကို ရုံးထဲထိ ရောက်ခဲ့တာပါ။ အထဲထိရောက် ပြီးတော့ နောက်ဆုံး ရဲတွေနားထိ အနီးကပ်ရောက် ပြီး သေနတ်လုတဲ့အဆင့်ထိ ရောက်ပါတယ်။ ရောက်လာတော့ နောက်ဆုံး ပစ်ခတ်မှုအထိ ဖြစ်တာပါ။

Voice : ပစ်ခတ်မှုတွေဖြစ်တော့ နှစ်ဖက် ဘာတွေ ဆက်ဖြစ်လဲ။
UTMS :ရဲတပ်ဖွဲ့ဝင် ၂၀ လောက် ဒဏ်ရာရပါတယ်။ ဟိုဘက်ကတော့ ခုနစ်ယောက် သေတယ်။ ၁၂ ယောက် ဒဏ်ရာရတယ်။ ဖြစ်စဉ်ကတော့ မြို့ထဲကနေ စခဲ့တာပေါ့။ သူတို့လုပ်မယ့် ဟောပြောပွဲက အခမ်းအနား ကျင်းပခါနီးအချိန်ရောက်မှ ပျက်တယ်ဆိုပြီးတော့ ကြေညာတဲ့အတွက် လူတစ်သောင်းလောက် မြို့ထဲမှာ လှည့်လည် ဆန္ဒပြနေရင်း၊ လျှောက်သွားနေရင်းနဲ့ လူလေးထောင်လောက် ခရိုင်ထွေအုပ်ရုံးဘက်ကို ရောက်လာတာ။ ရောက်လာပြီး အကြမ်းဖက်တာ။ ဒါနဲ့ ပတ်သက်ပြီးတော့ ဇန်နဝါရီလ ၁၅ ရက်က ပွဲကျင်းပရေး ကော်မတီက တင်ပြထားတာ ရှိပါတယ်။ ကျင်းပမည့်နေရာက မြောက်ဦးမြို့က နန်းတော်ရာကုန်း။ ဒါက ရှေးဟောင်းဇုန်ဆိုတော့ ဘာမှလုပ်မရဘူး။ အားလုံး သိကြတဲ့အတိုင်းပါ။ ဒါကြောင့် ရှေးဟောင်း သုတေသန ဦးစီးဌာနက ဒီနေရာမှာမလုပ်ဖို့ မေတ္တာရပ်ခံတယ်။ ဘောလုံးကွင်းထဲမှာလုပ်ရင် ပြဿနာ မရှိဘူး။ ဒီရှေးဟောင်းဇုန်မှာ မလုပ်ဖို့ပါ။ အဲ့ဒီနေ့မှာပဲ အကြောင်းပြန်ခဲ့တယ်။ အဲ့ဒီမှာ ဒီပွဲကော်မတီက ဆက်ပြီးလုပ်တာပေါ့။ လူတွေကိုလည်း တိုးပြီးဖိတ်တယ်။ ဖိတ်ပြီးတော့ ဖွင့်ပွဲအခမ်းအနား လုပ်ပြီးတော့မှ အခမ်းအနား မကျင်းပနိုင်ပါဘူး။ ကျင်းပခွင့် ပိတ်လိုက်ပါတယ်ဆိုပြီး ကြေညာလိုက်တော့ လူထုက ဆူပူမှုဖြစ်သွားတာပေါ့။ ဒါနဲ့ပတ်သက်ပြီးတော့ ဒီကိစ္စက အကြမ်းဖက်တာလေ။ လူထုနဲ့ မဆိုင်တော့ဘူး။ အကြမ်းဖက်မှုကြောင့် ပစ်ခတ်မှုဖြစ်လာတာ။ ကျန်တာအားလုံးကိုလည်း ဆက်စုံစမ်းပြီးတော့ စိစစ်ဖော်ထုတ်နေပါတယ်။ ဒီဖြစ်စဉ် လတ်တလော ဖြစ်သွားတဲ့ အကြောင်းအရင်းက ရုံးကို ဝင်ရောက် အကြမ်းဖက်တဲ့အတွက် ပစ်ခတ်မှုဖြစ်သွားတာ ဖြစ်ပါတယ်။

Voice : ဘယ်လို အကြမ်းဖက်မှုတွေ လုပ်ဆောင် ခဲ့လဲ။ ဘယ်လိုကနေ ပစ်ခတ်ဖြေရှင်းရတဲ့ အဆင့်အထိ ရောက်လာတာလဲ။
UTMS :ခုနက ပြောသလို ည ၇ နာရီလောက်မှာ အခမ်းအနားနေရာကနေ စပြီးတော့ အခမ်းအနား မကျင်းပတော့ဘူး ပိတ်လိုက်တယ်ဆိုပြီး ကြေညာတဲ့အခါမှာ လူထုက ဒေါသထွက်ပြီး မြို့ထဲမှာ လူတစ်သောင်းလောက်စပြီး လှည့်လည်တာပေါ့။ အဲ့ဒီမှာ လူ ၄၀၀၀ လောက်က ခွဲထွက်ပြီးတော့ အစိုးရ ခရိုင်ထွေအုပ်ရုံးဘက်ကို ရောက်လာတာ။ ဒီအချိန်မှာ ဘယ်သူမှလဲ မရှိတော့ဘူး။ ရုံးချိန်လည်း မဟုတ်တော့ဘူး။ ည ၁၀ နာရီလောက်ရောက်တယ်။ ည ၁၀ နာရီ မိနစ် ၂၀ လောက်ရောက်တော့ လူ ၄၀၀၀ လောက်က ခဲတွေနဲ့ ပေါက်၊ ခရိုင်အုပ်ချုပ်ရေးမှူး အိမ်ဆိုရင်လည်း ခဲတွေနဲ့ အပေါက်ခံရပါတယ်။ အစိုးရဝန်ထမ်းအိမ်တွေလည်း ခဲတွေနဲ့ အပေါက်ခံရတယ်။ ရုံးထဲကိုလည်း ဝင်ဖျက်ဆီးတယ်။ စာအုပ်တွေလည်း ဖျက်ဆီးတယ်။

Voice : အဲ့ဒီမှာ အဓိကရုဏ်းဖြစ်ပြီး ပစ်ခတ်မှုဖြစ်တာလား။
UTMS : လူထုအဓိကရုဏ်းကို လုပ်တယ်ဆိုတာ လူထုဆန္ဒပြပွဲကြီးကို သွားပြီးတော့ အခမ်းအနားကြီးကို သွားပြီးတော့ လုပ်ခဲ့တာမဟုတ်ဘူး။ ဒီမှာ အကြမ်း ဖက်တဲ့လူနဲ့ ဖြစ်တာ။ အစိုးရရုံးကိုလာပြီး အကြမ်းဖက် တဲ့လူနဲ့ ရဲတွေနဲ့ ဖြစ်တာ။ ရဲတွေဆီက သေနတ်လုတဲ့ အဆင့်ထိ ဖြစ်တယ်ဆိုတော့ မျက်စိထဲမှာ မြင်ကြည့် တော့ အခြေအနေက တော်တော်ဆိုးတယ်။ ရဲကလည်း လူ ၂၀ လောက် ဒဏ်ရာရပါတယ်။ ရုံးလည်း တော်တော် ပျက်စီးသွားတယ်။ အကြမ်းဖက်လာလို့ ပစ်ခတ်မှုဖြစ် တာ။ လူထုနဲ့ မဆိုင်ဘူး။ ဆန္ဒဖော်ထုတ်တာကတော့ ဒီမိုကရေစီတိုင်းပြည်မှာ ကြိုက်တဲ့နေရာမှာ ကြိုက် သလို ပြောလို့ရတယ်။ ရှေးဟောင်းယဉ်ကျေးမှုဇုန် ဆိုတာ တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တယ်။ ယူနက်စကိုနဲ့ ကမ္ဘာ့သမိုင်းဝင် ဒေသတစ်ခုဖြစ်ဖို့ အခုက ကြိုးစားဆောင်ရွက်နေတဲ့အချိန်ဖြစ်တယ်။ ဒီလို နန်းတော်ရာ ကုန်းကြီးပေါ်မှာ တက်ပြီးတော့ လုပ်တယ်ဆိုတော့ စဉ်းစားကြည့်ကြပါ။

Voice : ပဋိပက္ခဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် လူသေဆုံးတဲ့အထိ ဖြစ်သွားတော့ ပြည်နယ်အစိုးရ အနေနဲ့ ဘာပြောချင်လဲ။
UTMS : ဒီကိစ္စက သူ့အစီအစဉ်အလိုက် လုပ်သွား တယ်လို့ ကျွန်တော် ပြောချင်တယ်။ နောက်တစ်ခုကလည်း သူတို့ရှိနေတဲ့ လူအုပ်နေရာကို သွားပြီးတော့ ဖြိုခွင်းတာ မဟုတ်ဘူးလေ။ လူအုပ်ရှိတဲ့ အစည်းအဝေး လုပ်နေတဲ့နေရာ ဟောပြောပွဲလုပ်နေတဲ့နေရာကို သွား ပြီးတော့ ဖြိုခွင်းတာ မဟုတ်ဘူး။ အစိုးရရုံးနေရာကို လာရောက် တိုက်ခိုက်တဲ့အချိန်၊ အဆင့်ဆင့် သတိပေးပြီးတဲ့အချိန် နောက်ပိုင်း ရုံးထဲမှာ လုံးထွေးလာတဲ့အချိန် လက်နက်လာလုတဲ့အဆင့်ရောက်မှ ပစ်ခတ်မှု ဖြစ်သွားတာပါ။ ဒါက ဘယ်လိုပဲဖြစ်ဖြစ် မိမိကိုယ်ကိုယ် ခုခံ ကာကွယ်ပိုင်ခွင့်ပါ။ ဒါတွေအားလုံးကို ဥပဒေနဲ့အညီ ဖြေရှင်းမှာပါ။

Voice : လက်ရှိအချိန်ထိ သေဆုံးတဲ့သူနဲ့ ဒဏ်ရာရသူ ဘယ်လောက်ရှိနေပြီလဲ။
UTMS : သေဆုံးတာ ၇ ယောက်၊ ဒဏ်ရာရတာ ၁၂ ယောက် ရှိပါတယ်။

Voice : မြောက်ဦးဖြစ်စဉ်မှာ ဦးဆောင်တဲ့သူ ဘယ်နှ ယောက်လောက်ကို လက်ရှိ ဖမ်းဆီးစစ်ဆေးနေတာ ရှိလဲ။
UTMS : လောလောဆယ်တော့ ဖမ်းဆီးတာ စစ်ဆေးတာ မရှိပါဘူး။ ဒါပေမဲ့ ဒါက အကြမ်းဖက်မှုဖြစ်တယ်။ ရာဇဝတ်မှုလည်း မြောက်တယ်။ သူ့ဟာနဲ့သူ ဆက်ပြီးတော့ လုပ်မှာပေါ့။ ရဲမှုခင်းဖွင့်ပြီး ဆက်ပြီး လုပ်စရာရှိတာ ဆက်လုပ်သွားမှာပါ။

Voice : မြောက်ဦးဖြစ်စဉ် တစ်ခုလုံးကို ပြည်ထောင်စုအဆင့်က ကိုင်တွယ်မှာလား၊ ပြည်နယ် အစိုးရအဖွဲ့က ကိုင်တွယ်မှာလား။
UTMS :ပြည်ထောင်စုအဆင့်ကော ပြည်နယ်အဆင့်ကော အားလုံးက အတူတူပါပဲ။ အကုန်လုံးက အစိုးရအဖွဲ့ပါပဲ။ ဒီပြည်နယ်မှာ ဖြစ်တဲ့အတွက် သူရဲ့ ဆင့်ကဲ ဆင့်ကဲပဲ သွားမှာ။ မြို့နယ်မှာ ဖြစ်တဲ့အတွက် မြို့နယ်အဆင့်ကနေ အရေးယူမယ်။ ခရိုင်အဆင့်၊ ပြည်နယ်အစိုးရ၊ ပြည်နယ်အစိုးရကနေ ပြည်ထောင်စု အစိုးရ အဆင့်ဆင့်တင်ပြပြီး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်။

Voice : ဆရာ့အနေနဲ့ မြောက်ဦးဖြစ်စဉ်နဲ့ ပတ်သက် ပြီး ဘာပြောချင်တာ ရှိပါသေးလဲ။
UTMS :ဒီအချိန်မှာ ကျွန်တော်တို့ တိုင်းပြည်က စည်းစည်းလုံးလုံးနဲ့ တည်ငြိမ်အေးချမ်းမှု ဖွံ့ဖြိုးတိုးတက်မှု အချိန်ကာလကို သွားရမည့်အချိန်ဖြစ်တယ်။ မလိုလားအပ်တဲ့ ဆူပူမှုတွေ၊ သဘောထားကွဲလွဲမှုတွေ မဖြစ်သင့်ပါဘူး။ တစ်ဖက်ကလည်း ထာဝရ ငြိမ်းချမ်းရေးဘက်ကို သွားနေတဲ့အချိန်ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ လတ်တလော ငြိမ်းချမ်းရေး မဟုတ်ပါဘူး။ အနာဂတ်ပြည်သူတွေအတွက် ထာဝရ ငြိမ်းချမ်းရေးဘက်ကို သွားနေတဲ့အချိန်မှာ ဒီလိုမျိုး ပြည်သူတွေအပေါ်ကို လှုံ့ဆော်မှုတွေ မလိုလားအပ်တဲ့ ဆွဲဆောင်စည်းရုံပြီး အမုန်းတရားတွေ ပွားစေမယ့်ကိစ္စတွေကို ရှောင်ရှား သင့်ပါတယ်။ မနေ့ကဖြစ်ခဲ့တဲ့ အဓိကရုဏ်း ပုံသဏ္ဌာန်က တကယ်ဆိုရင် စိတ်မကောင်းစရာပါ။ ဒီလောက်ထိ ဖြစ်ဖို့လည်း မလိုပါဘူး။ ဖြစ်ခဲ့တာက ဆန္ဒဖော်ထုတ်တဲ့ နေရာမှာ အဓိကရုဏ်း ဖြေရှင်းတာ မဟုတ်ဘဲ အစိုးရရုံးကို ဝင်ရောက်တိုက်ခိုက်တဲ့ အကြမ်းဖက်သမားတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ဖြစ်သွားတာ ဖြစ်တယ်။ပိုင်နက်ကျူးလွန်မှုဆိုတာလည်း ပြောလို့ရတယ်။ အခုအချိန်မှာတော့ အားလုံးက စည်းစည်းလုံးလုံးနဲ့ တိုင်း ပြည်မှာ ကြုံတွေ့နေတဲ့ ဘေးအန္တရာယ် အားလုံးကို ရင်ဆိုင်ကျော်လွှားကြဖို့နဲ့ ထာဝရငြိမ်းချမ်းရေးကို ဆောင်ရွက်သွားကြဖို့ ပြောလိုပါတယ်။

ကျော်စိုးဦး