News

POST TYPE

POPULAR POST

သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှု တစ်ယောက်လွတ်မြောက်နေသည့်သတင်း မဟုတ်မမှန်ဟု ရဲတပ်ဖွဲ့ဆို
10-Jan-2018
ရန်ကုန်၊ ဇန်နဝါရီ ၉

နှစ်သစ်ကူးညပါတီပွဲတွင် ထိုးကြိတ်ကန်ကျောက်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့သော ဟာသသရုပ်ဆောင် အောင်ရဲထွေးအမှုတွင် ပြစ်မှုကျူးလွန်သူ အမျိုးသားတစ်ဦး လွတ်မြောက်နေသည်ဆိုသည့်သတင်းမှာ မဟုတ်မမှန်ကန်ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

“ပြစ်မှုကျူးလွန်တာ သုံးယောက်တည်းပါ။ အခင်းဖြစ်ညက ပါတီပွဲကို ပြစ်မှုကျူးလွန်တဲ့ အဖွဲ့ကလာတာ အားလုံး ခုနစ်ယောက် အမျိုးသမီးတွေလည်းပါတယ်။ အဲ့အဖွဲ့ထဲက သားကြီးအပါအဝင် သုံးယောက်က စင်ပေါ်တက်ပြီး အောင်ရဲထွေးကို ထိုးကြိတ်ကန်ကျောက်ခဲ့တာ။ ကျန်တဲ့သူတွေက ဘာမှဝင်မလုပ်ခဲ့ဘူး။ သားကြီးတို့သုံးယောက်ကိုလည်း မိထားတယ်။ နောက်တစ်ယောက် ထပ်ပါတယ်ဆိုတဲ့သတင်းက အမှားပါ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အောင်ရဲထွေးမှာ နှစ်သစ်ကူးညက ၎င်း၏ ချစ်သူနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ပေါ်ဆန်းမွှေးလမ်းရှိ The One Entertainment သို့ သွားရောက်ပြီး ပါတီပွဲတက်ရောက်စဉ် သားကြီး (ခ) သန်းထွဋ်အောင်အပါအဝင် သုံးဦးက ဝိုင်းထိုးကြိတ်ကန်ကျောက်ခဲ့သောကြောင့် ဦးခေါင်းခွံ ကြေမွဒဏ်ရာနှင့် ရင်ဘတ်တွင် ညိုမည်းစွဲဒဏ်ရာများ ရခဲ့ပြီး ဇန်နဝါရီလ ၂ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးခဲ့သည်။

“အခင်းဖြစ်ညက ကျွန်တော့်ညီလေးနဲ့အတူ သူ့ချစ်သူပါ အတူရှိနေခဲ့တယ်။ သူတွေ့ခဲ့တာက လေးယောက်လို့ပြောတယ်။ ဒါပေမဲ့ အခုဖမ်းမိထားတာက သုံးယောက်၊ တစ်ယောက်က လွတ်နေသလို ဖြစ်နေတာပေါ့။ အခင်းဖြစ်ဆိုင်က ဝန်ထမ်းတွေလည်း ဒီဖြစ်စဉ်မှာ ဘယ်နှယောက်ပါဝင်လဲဆိုတာ သိကြမှာပါ။ ဒီဖြစ်ရပ်ကို အမှုမှန်ဖော်ထုတ်ပြီး ဥပဒေအရ ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ဖို့ပဲ မျှော်လင့်နေမိတယ်”ဟု သေဆုံးသူ အောင်ရဲထွေး၏ အစ်ကိုရင်း ကိုသန့်ဇင်ဦးက ဆိုသည်။

အောင်ရဲထွေးသေဆုံးမှုမှ ရဲစခန်းသို့ လာရောက်ဖမ်းဆီးခံခဲ့သူသုံးဦးမှာ သားကြီး (ခ) သန်းထွဋ်အောင်၊ အောင်လေး (ခ) ပြည့်ဖြိုးအောင်နှင့် ကျော်ဇောဟန် (ခ) ကျော်ဇောတို့ဖြစ်ပြီး အခင်းဖြစ်ရက်မတိုင်မီက မရမ်းကုန်းမြို့နယ်၊ The Brave Bar ကလပ်တွင် မီးခြစ်ကိစ္စဖြင့် အောင်ရဲထွေးနှင့် ၎င်းတို့အဖွဲ့ အချင်းများခဲ့ကြပြီး နှစ်သစ်ကူးည ပါတီပွဲတွင် ရန်ငြိုးရန်စရှိခဲ့သော အောင်ရဲထွေးကို ဝိုင်းထိုးကြိတ်ကန်ကျောက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ဝန်ခံထွက်ဆိုထားသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်းရှိ အချုပ်ခန်းတွင် ထိန်းသိမ်းထားသည့် သားကြီး (ခ) သန်းထွဋ်အောင်တို့ သုံးဦးကို ဇန်နဝါရီလ ၅ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်ချုပ်ရမန်ယူခဲ့ပြီး ဇန်နဝါရီလ ၉ ရက်နေ့က အောင်ရဲထွေးအတွက် ၎င်း၏ အသိမိတ်ဆွေများနှင့် အနုပညာရှင်အချို့က ဗဟန်းမြို့နယ်၊ သံလွင်လမ်းရှိ ပဏ္ဍိတာရာမကျောင်းတိုက်တွင် ရက်လည်ဆွမ်းကျွေးအလှူကို ပြုလုပ်ခဲ့သည်။

“အောင်ရဲထွေးအသတ်ခံရပြီးနောက်ပိုင်းမှာ ဒီကိစ္စနဲ့ ဖိုးလပြည့် ပတ်သက်နေတယ် သတင်းတွေထွက်လာခဲ့တယ်။ ဖိုးလပြည့်နဲ့ ဘာမှ ပတ်သက်မှုမရှိပါဘူး”ဟု ရက်လည်ဆွမ်းကျွေးသို့ လာရောက်ခဲ့သည့် ဦးအေးနေဝင်းက ပြောသည်။

အောင်ရဲထွေး အသတ်ခံရပြီးနောက်ပိုင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လူထု ထင်ယောင်ထင်မှားဖြစ်စေမည့် သတင်းအမှားများကို ရေးသားဖော်ပြမှုများရှိခဲ့ကြောင်း အောင်ရဲထွေး နောက်ဆုံးအနေနှင့် ပါဝင်သရုပ်ဆောင်ခဲ့သည့် ဒိုင်ယာရီရုပ်ရှင်ဇာတ်ကားမှ ထုတ်ဝေသူ ကိုရိုးရှန်းက မီဒီယာများကို ဖြေကြားခဲ့သည်။

S-03