POST TYPE

POPULAR POST

ကားမောင်းနှေး၍ ဝေဖန်ရာမှ ရိုက်နှက်ခံရသူ နှစ်ဦးအနက် တစ်ဦးသေဆုံး၊ လူသတ်မှုဖြင့် ပြောင်းလဲအမှုဖွင့်
ရန်ကုန်၊ ဇန်နဝါရီ ၄ 

စမ်းချောင်းမြို့နယ်၊ မြေနီကုန်းခုံး ကျော်တံတားအောက်တွင် ဇန်နဝါရီလ ၁ ရက် နံနက် ၁ နာရီခန့်က ကားမောင်းနှေးသည်ကို ဝေဖန်မိသဖြင့် ရိုက်နှက်ခံရသူ အမျိုးသားနှစ်ဦးအနက် အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦး ဇန်နဝါရီလ ၃ ရက် နံနက် ၈ နာရီခန့်သေဆုံးသွားပြီး ရိုက်နှက်မှုကျူးလွန်သည်ဟုဆိုသော အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၂၅/ ၂၉၄ ဖြင့် ပြောင်းလဲအမှု ဖွင့်ဆောင်ရွက်ထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

သာကေတမြို့နယ်၊ အမှတ် (၁၀/တောင်) ရပ်ကွက်၊တိုင်းရင်းသားကျေးရွာဝင်းတွင် နေထိုင်သူ ကိုဖြိုးအောင်လင်း၊ ဇနီးဖြစ်သူ အသက် ၂၅ နှစ်အရွယ် မမြင့်မြင့်မောင်နှင့် အသက် ၃၇ နှစ်အရွယ်ကိုဇေလင်းဟန်တို့သည် ယင်းနေ့က မြေနီကုန်းခုံးကျော်တံတားအောက်မှ လမ်းဖြတ်ကူးစဉ် ပြည်လမ်းအတိုင်း မြေနီကုန်းဘက်မှ စံပြဘက်သို့မောင်းနှင်နေသော Caldina အဖြူရောင် အငှားယာဉ်မှာ နှေးကွေးစွာမောင်းနှင်နေသဖြင့် “ကားကို ဘယ်လိုမောင်းတာလဲ၊ လိပ်လိုမောင်းနေတယ်”ဟု ကိုဖြိုးအောင်လင်းက ပြောဆိုမိရာ အငှားယာဉ်မောင်းအမျိုးသားက ယာဉ်ပေါ်ကဆင်းလာပြီး ညစ်ညမ်းစွာဆဲဆိုကာ တုတ်နဲ့ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ရိုက်နှက်ခံရလို့ ဆေးရုံတက်နေရတဲ့သူ နှစ်ဦးထဲက တစ်ဦးက မနေ့က မနက် ၈ နာရီလောက်မှာ သေသွားတယ်။ အဲဒါကြောင့် နာကျင်စေမှုကနေ လူသတ်မှုကို ပြောင်းလဲအမှုဖွင့်ထားတယ်။ ကျန်တစ်ဦးရဲ့ ဒဏ်ရာ မစိုးရိမ်ရပါဘူး၊ ရိုက်တာက သစ်သားတုတ်နဲ့ ရိုက်တာပါ။ သေသွားတဲ့သူက ဦးခေါင်းနောက်စေ့ ရိုက်မိတော့ သေသွားတဲ့အထိဖြစ်သွားတာ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ရိုက်နှက်ခံရမှုကြောင့် သေဆုံးသူ အသက် ၃၇ နှစ်အရွယ် ဇေလင်းဟန်မှာ သာကေတမြို့နယ်၊ အမှတ် (၁၀) တောင်ရပ်ကွက်၊ သလ္လာဝတီ (၆) လမ်းတွင်နေထိုင်သူ အငှားယာဉ်မောင်းတစ်ဦးဖြစ်ပြီး ၎င်း၏ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ PR-007 ဖြင့် လက်ခံကာ စမ်းချောင်းမြို့မရဲစခန်းက လူသတ်မှုကျူးလွန်သည်ဟုဆိုသော အသက် ၂၉ နှစ်အရွယ် ကိုရဲမြတ်ဇော်ကို စမ်းချောင်းမြို့မရဲစခန်းက ခံဝန်ဖြင့်လွှတ်ပေးထားရာက ဇန်နဝါရီလ ၃ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ပြန်လည်ဖမ်းဆီးကာ တရားစွဲဆိုတင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

J-16