News

POST TYPE

POPULAR POST

ဟာသ သရုပ်ဆောင် အောင်ရဲထွေး ရန်ငြှိုးကြောင့် အသတ်ခံရဟု ဆို
02-Jan-2018 tagged as


ရန်ကုန်၊ ဇန်နဝါရီ ၂ 

လူမှုကွန်ရက် စာမျက်နှာပေါ် ဟာသ ဗီဒီယိုဖိုင်များတင်ခဲ့ရာမှ လူသိများပြီး ဟာသ ရုပ်ရှင် သရုပ်ဆောင်အဖြစ် အောင်မြင်ခဲ့သည့် အောင်ရဲထွေးမှာ ရန်ငြှိုးရန်စကြောင့် ပါတီပွဲတစ်ခုတွင် ဝိုင်းရိုက်ခံရပြီး သေဆုံးခဲ့ကြောင်း အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

တာမွေမြို့နယ်၊ သမိန်ဗရမ်းလမ်းတွင်နေထိုင်သူ အောင်ရဲထွေးမှာ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ပေါ်ဆန်းမွှေးလမ်းရှိ The One Entertainment သို့ နှစ်သစ်ကူး ညက ၎င်း၏ချစ်သူနှင့်အတူ သွားရောက်ခဲ့ပြီး ပါတီပွဲ တက်ရောက်ခဲ့ရာ အဆိုပါ ပါတီတွင် ပြီးခဲ့သည့် လေးရက်ခန့်က မရမ်းကုန်းမြို့နယ်ရှိ The Brave Bar ကလပ်တွင် ၎င်းနှင့် ခိုက်ရန် ဖြစ်ပွားခဲ့သည့် အမည်မသိ အမျိုးသား ငါးဦးနှင့် တွေ့ဆုံခဲ့ပြီးနောက် အောင်ရဲထွေးမှာ ဝိုင်းထိုးကြိတ်ကန်ကျောက် ခံရပြီး ဦးခေါင်းခွံ ကြေမွဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်း၏ချစ်သူ အမျိုးသမီးက ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့သည်။

“ဒီအမှုက ကျူးလွန်သူတွေရဲ့ ဓာတ်ပုံနဲ့ အမည်တွေ ရထားတာပါ။ လက်ရှိ ဘယ်သူ့ကိုမှ မမိသေးဘူး။ သေဆုံးသူ မိသားစုဘက်က ဓာတ်ပုံတွေ ရထားပြီဆိုတော့ ဖမ်းမိထားပြီလို့ ထင်တာဖြစ်မယ်။”ဟု ရဲအရာရှိက ပြောသည်။ ဟာသ သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုမှာ ရန်ငြှိုးရန်စကြောင့် မဟုတ်ဘဲ အောင်မြင်မှုကို မလိုလားသူများက အညွှန့်ချိုးလိုက်တာဖြစ်ကြောင်း သေဆုံးသူ၏ အစ်ကိုဖြစ်သူက ၎င်း၏ ထင်မြင်ယူဆချက်ကို ပြောသည်။

အဆိုပါ ဖြစ်စဉ်မှ အောင်ရဲထွေးမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဇန်နဝါရီလ ၂ ရက် မွန်းလွဲ ၃ နာရီက သေဆုံးခဲ့သဖြင့် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏနယ်မြေ ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၂၅/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားမှုကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ သို့ ပြောင်းလဲ အမှုဖွင့်၍ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03

  • TAGS