News

POST TYPE

POPULAR POST

အငှားယာဉ်ပေါ် ဆွဲတင်ကာ သားမယားပြုကျင့်၍ လုယက်သူကို သထုံမြို့တွင်ဖမ်းမိ
02-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၁

အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အငှားယာဉ်ပေါ် ဆွဲတင်ပြီး သားမယား ပြုကျင့်ကာ လက်ဝတ်ရတနာများကို လုယက်ယူသူ အသက် ၃၄ နှစ်အရွယ် အငှားယာဉ်မောင်း အမျိုးသားကို သထုံမြို့တွင် ဖမ်းမိခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။ 

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၅၅)ရပ်ကွက်တွင်နေထိုင်သူ အငှားယာဉ်မောင်း အောင်မျိုးသန့်သည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ နံနက်ပိုင်း က ဗဟန်းမြို့နယ်၊ ဆရာစံမြောက် အရှေ့ရပ်ကွက်၊ ဘောဂလမ်းထိပ်တွင် တွေ့သူ အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အငှားယာဉ်ပေါ် ဆွဲတင်ကာ မောင်းနှင်ထွက်ပြေးလာပြီး တစ်နေရာအရောက် သားမယားပြုကျင့်၍ ခန္ဓာကိုယ်တွင် ဝတ်ဆင်ထားသည့် လက်ဝတ်ရတနာများနှင့် ငွေများကို ခြိမ်းခြောက် လုယူသွားကြောင်း အမှုဖွင့် တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဒီဇင်ဘာလ ၃၀ ရက်နေ့က သထုံမြို့နယ်၊ အင်္ဂပိုကျေးရွာမှာ ဖမ်းမိခဲ့တာပါ၊ အဲဒီကို ရောက်နေတယ် သတင်းရတာနဲ့ သထုံရဲတပ်ဖွဲ့ကို ဆက်သွယ်ဖမ်းခိုင်းလိုက်တာ။ သူက သူ့မိန်းမနဲ့အတူ ထွက်ပြေးသွားတာ၊ သူ့မိန်းမနဲ့အတူ ဖမ်းမိခဲ့ပေမယ့် သူ့မိန်းမက ပတ်သက်မှု မရှိပါဘူး၊ အခုတော့ ကျွန်တော်တို့ ရဲစခန်းမှာ ရောက်နေပါပြီ”ဟု ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ 

သထုံမြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီး ဗဟန်းမြို့မရဲစခန်းကို လွှဲပြောင်းခံရသူ အောင်မျိုးသန့်သည် အမျိုးသမီးထံမှ ရွှေဆွဲကြိုးတစ်ကုံး၊ လက်စွပ်နှစ်ကွင်း၊ ငွေငါးထောင်ကျပ်၊ စတီးသုံးဆင့်ချိုင့်တစ်လုံးနှင့် သော့တွဲတစ်တွဲတို့ကို ယူဆောင်သွားပြီး သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးအနီးရှိ ပြည်ထောင်စုတံတားအနီးတွင် ယင်းအမျိုးသမီးကို ယာဉ်ပေါ်မှ ချထားခဲ့ကြောင်း သားမယားပြုကျင့် လုယက်သည်ဟုဆိုသော ၎င်းကို ဗဟန်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆/ ၃၈၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားသည်။

J-16