POST TYPE

POPULAR POST

ဘဏ်အတိုးနှုန်း ၃ ရာခိုင်နှုန်း လျှော့ပေးရန် ဘဏ်များအသင်း အစိုးရထံတောင်းဆို
01-Jan-2018 tagged as ရန်ကုန် ဘဏ်

ရန်ကုန်၊ ဒီဇင်ဘာ ၃၁ 

ပုဂ္ဂလိကကဏ္ဍတွင် ဖြစ်ပေါ်နေသော လက်ရှိအခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ချေးငွေအပေါ် အတိုးနှုန်းလျှော့ချရန်နှင့် ဘဏ်အပ်ငွေအပေါ်၌လည်း အတိုးနှုန်းလျှော့ချရန် မြန်မာနိုင်ငံ ဘဏ်များအသင်းက အစိုးရထံ တောင်းဆိုထားကြောင်း ယင်းအသင်းထံမှ သိရသည်။

ဘဏ်ချေးငွေနှင့်ပတ်သက်၍ လက်ရှိကောက်ခံနေသည့် ၁၃ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချပေးရန်နှင့် ဘဏ်အပ်ငွေအတွက်မူ လက်ရှိ ၈ ရာခိုင်နှုန်းမှ သင့်တင့်သော နှုန်းထားဖြစ်သည့် ၅ ရာခိုင်နှုန်းသို့ လျှော့ချပေးရန်တင်ပြခဲ့ကြောင်း မြန်မာနိုင်ငံဘဏ်များအသင်းထံမှ သိရသည်။

“ဒီအချိန်မှာ ချေးငွေအပေါ်လျှော့ရင် အပ်ငွေမှာပါ လျှော့မှာပါ။ ဒီကိစ္စဟာ အရမ်းကို ဆတ်ဆတ်ထိမခံတဲ့ ကိစ္စတွေပါ။ ဒါပေမဲ့လည်း လက်ရှိစီးပွားရေးအခြေအနေအရတော့ ဘဏ်တိုးနှုန်းဟာ လျှော့ချလို့ရတယ်ဆိုတာ ပညာရှင်တွေကလည်း သုံးသပ်ကြတယ်”ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

ဗဟိုဘဏ်က ဘဏ်အတိုးနှုန်းများနှင့်ပတ်သက်၍ ဘောင်အကျဉ်းအကျယ် (လက်ရှိ ၈ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းအကြား သတ်မှတ်ချက်အပေါ် ပြင်ဆင်ရေး) တစ်ခုလုပ်နိုင်ရေး ဖြေလျှော့ပေးရန် စဉ်းစားနေကြောင်း၊ သို့သော်လည်း ဘဏ်အပ်ငွေများ စုပြုံထုတ်မည်ဆိုလျှင် ဘဏ်များအနေနှင့် အကျပ်ရိုက်နိုင်သည့်အတွက် အားလုံးအဆင်ပြေမည့် နည်းလမ်းကို စီစဉ်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“လုပ်ငန်းရှင်တွေ၊ ဘဏ်တွေဘက်ကလည်း ဘဏ်အတိုးနှုန်းနဲ့ပတ်သက်ပြီး ပြောကြတာရှိပါတယ်။ အခုဆိုလည်း နိုင်ငံခြားဘဏ်တွေလည်း ဝင်လာပြီဖြစ်တဲ့အတွက် အတိုးနှုန်းကို လက်ရှိထက်လျှော့ဖို့ အစီအစဉ် ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ပြည်တွင်းဘဏ်များထံမှ ငွေချေးရန်မလွယ်ကူသဖြင့် ပြည်တွင်းရှိ နိုင်ငံခြားဘဏ်ခွဲများထံမှ ချေးငွေရရှိရန် တောင်းဆိုနေကြပြီး ပြည်ပမှ တိုက်ရိုက်ငွေချေးရန် လုပ်ငန်းရှင်များက လိုလားကြသည်။

လက်ရှိ၌ အနိမ့်ဆုံး အပ်ငွေအတိုးနှုန်းအဖြစ် ၈ ရာခိုင်နှုန်းနှင့် အမြင့်ဆုံးချေးငွေ အတိုးနှုန်းအဖြစ် ၁၃ ရာခိုင်နှုန်းထားရှိရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်ထားသည်။

J-13