News

POST TYPE

POPULAR POST

မန္တလေးမြို့၏ နှစ်သစ်ကူးည လုံခြုံရေးအင်အား တိုးချဲ့ချထားမည်
28-Dec-2017

မန္တလေး၊ ဒီဇင်ဘာ ၂၈

မန္တလေး မြို့တော်၏ နှစ်သစ်ကူး ညတွင် ပေါက်ကွဲမှုနှင့် ရာဇဝတ်မှုများ မဖြစ်ပေါ်စေရန် လုံခြုံရေးအင်အား တိုးချဲ့ချထားမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“ဒီနှစ်တော့ နည်းနည်း တိုးမြှင့်ဖို့ လုပ်ထားပါတယ်။ နှစ်သစ်ကူးမှာ ဗြောက်အိုးဖောက်တာတို့ ဘာတို့နဲ့ ရောပြီးတော့ ပေါက်ကွဲနိုင်တဲ့ဟာတွေ ဘာတွေ လုပ်လာနိုင်တဲ့အတွက် တိုးမြှင့်ဖို့ စီစဉ်ထားပါတယ်”ဟု ယင်းရဲတပ်ဖွဲ့မှ ပထမတန်း အရာရှိ ဒုတိယရဲမှူးကြီး တင်ဇော်ထွန်းက ပြောကြားသည်။

တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေနှင့် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညတွင် ပိတ်ဆို့ ရှာဖွေခြင်း၊ လှည့်ကင်း ဆောင်ရွက်ခြင်းတို့တွင် အင်အား ခုနစ်ရာခန့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကင်းလှည့်လုံခြုံရေး ဆောင်ရွက်သည့်နေရာ၊ အချိန်တို့ကိုလည်း နေ့စဉ် ပုံမှန် ဆောင်ရွက်နေသည့် အင်အားထက် ပိုမိုတိုးချဲ့သွားမည်ဖြစ်ကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။

“မြို့ဝင် မြို့ထွက် ပိတ်ဆို့တာတွေလုပ်မယ်။ လှည့်ကင်းတို့ ပတ်ကင်းတို့ကိုလည်း တိုးချဲ့သွားမယ်။ ခုလက်ရှိမှာက မနေ့ကဆို နောင်ချိုမြို့မှာ ပေါက်ကွဲမှု ဖြစ်သွားတဲ့ ဖြစ်စဉ်လေး ဖြစ်သွားတယ်။ ဒါမျိုးတွေပေါ့။ နှစ်သစ်ကူး ညနှင့် ရောပြီး ဖြစ်သွားနိုင်တယ်လို့ သုံးသပ်တဲ့အတွက် ကြိုတင် ကာကွယ်တာပေါ့”ဟု ဒုရဲမှူးကြီး တင်ဇော်ထွန်းက ဆက်လက် ပြောကြားသည်။

မန္တလေးမြို့တော်အတွင်းတွင် နေ့စဉ် လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေနှင့် ၂၄ နာရီပတ်လုံး အလှည့်ကျ ကင်းများဖြင့် လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက မူဆယ် ၁၀၅ မိုင်တွင် လက်နက်ကြီးကျည်တချို့ ကျရောက် ပေါက်ကွဲမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မြို့အချို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ ဆမ္မဆယ်ကျေးရွာအုပ်စု အုမ္မသီးကျေးရွာ မွေးမြူရေးခြံတစ်ခုတွင် ဒီဇင်ဘာလ ၂၆ ရက်နေ့ ညက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒေသခံ တိုင်းရင်းသား လေးဦး ဒဏ်ရာရရှိပြီး ပြင်ဦးလွင်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ 

M-04

  • VIA