News

POST TYPE

POPULAR POST

KBZ Bank Women's League ပြိုင်ပွဲတွင် အသင်းသစ်တစ်သင်း ထပ်တိုးယှဉ်ပြိုင်မည်
18-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်ကာ KBZ Bank ၏ အဓိကပံ့ပိုးမှုဖြင့် ကျင်းပမည့် KBZ Bank Women's League 2017-18 အမျိုးသမီးလိဂ် ပြိုင်ပွဲတွင် အသင်းသစ်တစ်သင်း ထပ်တိုးပါဝင်မည်ဖြစ်သည်ဟု သတင်းထုတ်ပြန်လိုက်သည်။ 

ပြိုင်ပွဲကို မူလက အသင်းခုနစ်သင်းဖြင့် ကျင်းပရန် စီစဉ်ထားသော်လည်း အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်မှ တက္ကသိုလ်အမျိုးသမီးအသင်း ယခုပြိုင်ပွဲကို ယှဉ်ပြိုင်မည်ဖြစ်သည့်အတွက် ပြိုင်ပွဲဝင် အသင်းရှစ်သင်းအထိ ရှိလာတော့မည်ဖြစ်သည်ဟု သိရသည်။ 

လိဂ်ပြိုင်ပွဲ၏ ပထမအကျော့များကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ဒုတိယအကျော့ ပွဲစဉ်များကို ၂၀၁၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှ မေလ ၁၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ 

ဒုတိယအကြိမ်မြောက်အဖြစ် ကျင်းပမည့် KBZ Bank Women's League 2017-18 ပြိုင်ပွဲတွင် ပထမနှစ်က ပါဝင်ခဲ့သည့် အသင်းများဖြစ်သည့် မြဝတီ၊ သစ္စာအားမာန်၊ ISPE၊ Sports & Education၊ ဂန္ဓမာ၊ ဇွဲကပင်၊ YREO အသင်းတို့နှင့် ယခုထပ်တိုးယှဉ်ပြိုင်မည့် တက္ကသိုလ်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်ဟု သိရှိရသည်။ 

၂၀၁၇-၁၈ ဘောလုံးရာသီ၏ အဖွင့်ပွဲစဉ်အဖြစ် မြဝတီအသင်းနှင့် သစ္စာအားမာန်အသင်းတို့ ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင်ရမည်ဖြစ်သည် ။ 

ထို့အပြင် ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးရှုံးထွက်ပြိုင်ပွဲကို၂၀၁၈ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့မှ စက်တင်ဘာလ ၄ ရက်နေ့အတွင်း ကျင်းပသွားရန် စီစဉ်ထားသည်။ 

ပထမအကြိမ် ကျင်းပခဲ့သည့် အဆိုပါ လိဂ်ပြိုင်ပွဲတွင် မြဝတီအသင်းက အနိုင်ရ ဗိုလ်စွဲခဲ့ပြီး သစ္စာအားမာန်အသင်းက ဒုတိယဆုရရှိခဲ့ကာ Sports & Education အသင်းက တတိယနေရကို ရရှိခဲ့ပြီး ISPE၊ ဂန္ဓမာ၊ ဇွဲကပင်နှင့် YREO တို့က အစဉ်လိုက် ရပ်တည်ခဲ့ကြသည်။ 

J-04

  • VIA