News

POST TYPE

POPULAR POST

ပန်ဆယ်လို အကောင့်ပိုင်ရှင်ကို ဆက်သွယ်ရေးပုဒ်မဖြင့် အမှုဖွင့်
12-Dec-2017 tagged as

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

လူမှုကွန်ရက်စာမျက်နှာတွင် လူသိများသည့် ပန်ဆယ်လို အကောင့်ပိုင်ရှင်ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူပေးရန် ဒီဇင်ဘာလ ၁၂ ရက်နေ့က တာမွေမြို့မ ရဲစခန်းတွင် တိုင်ကြားထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထောက်ကြန့် လမ်းဆုံအနီးရှိ လမင်းသာ (၂) စားသောက်ဆိုင်တွင် ရဟန်းတစ်ပါး အကြမ်းဖက်ခံရမှုနှင့်ပတ်သက်၍ ပန်ဆယ်လို အကောင့်စာမျက်နှာပေါ် ရေးသားမှုများကို စိစစ်အရေးယူပေးရန် လှိုင်သာယာမြို့နယ်၊ ၂၂ ရပ်ကွက်တွင် နေထိုင်သော အသက် ၆၀ နှစ် ဦးမောင်မောင်တာက တရားလိုပြု တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိက ပြောကြားသည်။

“ပန်ဆယ်လို ခေါ် မအိမ့်ပိုးဥက အရင်က တာမွေမြို့နယ်ထဲက အဆောင်တစ်ခုမှာ နေသွားတယ်လို့ တိုင်ကြားသူက ပြောတယ်။ လက်ရှိ ဘယ်မှာနေလဲတော့ သူလဲ မသိဘူး။ အမှုဖွင့်ပေးထားတယ်ဆိုပေမယ့် လတ်တလော စစ်ဆေးမှုအပိုင်းကို မဆောင်ရွက်ရသေးဘူး”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ပန်ဆယ်လို (ခ) မအိမ့်ပိုးဥ(ခ) အိအိမွန်မှ နိုဝင်ဘာလ ၂၈ ရက်နေ့က လမင်းသာ (၂) စားသောက်ဆိုင်သို့ ဆေးသောက်ရန် ရေနွေးဝင်တောင်းသည့် ရဟန်းတစ်ပါး အကြမ်းဖက်ခံရမှုဖြစ်စဉ်တွင် ပန်ဆယ်လို အကောင့်စာမျက်နှာပေါ်၌ ထောက်ကြန့်မြို့ မဟာဗောဓိ ကျောင်းထိုင်ဆရာတော်ဆီမှာ အရက်သေစာ ဝယ်ယူမှုကိစ္စအဝဝကို နောက်နောင်တွင် မဖြစ်အောင် ရှောင်ကြည်ပါ့မည်ဟု ဝန်ခံကတိ လက်မှတ်ရေးထိုးပါသည်တဲ့ဟု စာသားများ ရေးသားခဲ့ကြောင်း၊ ယင်းအပြင် ပန်ဆယ်လိုနှင့် အိအိမွန် အကောင့်စာမျက်နှာတို့တွင် ယခုနှစ်အတွင်း ဂုဏ်သိက္ခာ ထိခိုက်စေသည့်စာများ ရေးသားဖော်ပြခဲ့ခြင်းတို့နှင့် ပတ်သက်၍ ဥပဒေနှင့်အညီ အရေးယူပေးရန် တရားလိုဖြစ်သူက တိုင်ကြားထားသည်။

“အခု တိုင်ကြားမှုနဲ့ပတ်သက်ပြီး လာမယ့် ၁၆ ရက်နေ့မှာ တိုင်ကြားသူတွေဘက်က သတင်းစာရှင်းလင်းပွဲ လုပ်ပေးလိမ့်မယ်လို့တော့ ကြားမိတယ်။ အဲကျမှ ကိုယ်သိချင်တာ မေးကြည့်ကြပါ။”ဟု ရဲအရာရှိက ပြောသည်။

အမှုဖွင့် တိုင်ကြားခံရမှုနှင့်ပတ်သက်၍ ပန်ဆယ်လိုက ယနေ့ (ဒီဇင်ဘာလ ၁၂ ရက်)ည ၁၀ နာရီခန့်တွင်သူမ၏ လူမှုကွန်ရက်စာမျက်နှာမှ Live လွှင့်ခဲ့ရာတွင် “ကျွန်မအနေနဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ရှိပါတယ်၊ ကျွန်မ ရေးထားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး ယုံကြည်မှု အပြည့်အဝ ရှိပါတယ်၊ ကျွန်မ ရေးတာနဲ့ပတ်သက်ပြီး ဖြေရှင်းသွားဖို့ အဆင်သင့်ရှိပါတယ်”စသည်ဖြင့်ပြောကြားခဲ့သည်။

S-03

  • TAGS