News

POST TYPE

POPULAR POST

မြန်မာနိုင်ငံ အခွန်ကောက်ခံမှု များနေကြောင်း အမေရိကန်လုပ်ငန်းရှင်များ ထောက်ပြ
08-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၇

မြန်မာနိုင်ငံ၏ အခွန်ကောက်ခံမှုစနစ်အတွက် သွင်းကုန် ထုတ်ကုန်များကို အခွန် အထပ်ထပ် ကောက်ခံခြင်းများကြောင့် အခွန်အကောက် များပြားနေကြောင်း အမေရိကန် လုပ်ငန်းရှင်များက ပြောကြားသည်။ 

အမေရိကန် လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ အခွန်ကောက်ခံသည့် စနစ်များကို မရှင်းလင်းသည်များရှိပြီး အဆိုပါ အခွန် အထပ်ထပ် ကောက်ခံသည့် စနစ်များနှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)အနေဖြင့် အစိုးရထံ တင်ပြရန် စာတမ်းများပြုစုနေကြောင်း UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။ 

“အခွန်ကောက်တာ သိပ်များလွန်းတယ်ဆိုတာကို သူတို့အနေနဲ့ ပြောသွားတယ်။ အခွန် အထပ်ထပ် ဖြစ်နေတာကို ပြောတာ။ ကုန်ကြမ်းသွင်းရင် အခွန်တစ်ခါ ပေးရတယ်။ ပစ္စည်း အချောထုတ်ရင် တစ်ခါ၊ ရောင်းရင်တစ်ခါ ထပ်ပေးရတယ်။ အမြတ်အစွန်း နည်းသွားတာကို သူတို့က ဒီလောက် ဂရုမစိုက်ဘူး။ အဲဒီအခွန်ကို ရောင်းစရိတ်ထဲ ထည့်လိုက်ရတာကို ပြောတာ။ နောက်ဆုံးတော့ အခွန်တန်ဖိုးတွေကို ပစ္စည်းတန်ဖိုးထဲ ပေါင်းထည့်လိုက်တော့ စားသုံးသူပဲ ထိခိုက်တာလေ”ဟု UMFCCI ဥပဒေအကြံပေး ဦးသန်းမောင်က အမေရိကန် လုပ်ငန်းရှင်များ၏ ပြောကြားချက်ကို ကိုးကား၍ ပြန်လည်ပြောဆိုသည်။ 

မြန်မာနိုင်ငံ၌ ဘဏ်စနစ်၊ ရင်းနှီးမြှုပ်နှံမှု စနစ်များနှင့် ရင်းနှီးမြှုပ်နှံမှုကို လက်ခံနိုင်သည့် အခြေခံ အဆောက်အဦများ မဖွံ့ဖြိုးသေးခြင်း၊ လူ့စွမ်းအားအရင်းအမြစ်၊ လုပ်သား ရှားပါးခြင်းများလည်းရှိပြီး အဆိုပါ မဖွံ့ဖြိုးသေးသည့် စနစ်များအတွက် သင်တန်းများ ပို့ချပေးရန်လိုအပ်ကြောင်း အမေရိကန် လုပ်ငန်းရှင်များက ထောက်ပြပြောဆိုခဲ့ကြောင်း ၎င်းကဆိုသည်။ 

စီးပွားရေး တိုးတက်စေရန် အခွန် ပေးဆောင်ရသည်မှာ ပြဿနာ မရှိသော်လည်း ယခု မြန်မာနိုင်ငံ စီးပွားရေးမှာ တိုးတက်ခြင်းမရှိဘဲ အခွန်များ ပေးဆောင်နေရသည်ကို လုပ်ငန်းရှင်များအနေဖြင့် ဝန်ထုပ်ဝန်ပိုးတစ်ခုဟု ထင်မှတ်လာပြီး နည်းအမျိုးမျိုးဖြင့် အခွန်ရှောင်လာကြ ကြောင်း ဦးသန်းမောင်က ဆိုသည်။ 

“သူတို့အနေနဲ့ အခွန်ကောက်တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး မရှင်းလင်းတာတွေလည်း ရှိတယ်ပေါ့။ ဒါနဲ့ပတ်သက်ပြီး အသင်းချုပ်အနေနဲ့လည်း စာတမ်းပြုစုနေတာ ရှိတယ်။ ဒါတွေကို သူတို့နဲ့အတူ တွဲလုပ်ကြမယ်။ အမေရိကန် လုပ်ငန်းရှင်တွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်မယ်ဆိုရင်လည်း အသင်းချုပ်အနေနဲ့ တတ်နိုင်သမျှ အကူအညီ ပေးသွားမှာပါ”ဟု ကုန်သည်စက်မှု အသင်းချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောဆိုသည်။ 

ဒီဇင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ အမေရိကန် လုပ်ငန်းရှင်များနှင့် ယင်းအသင်းချုပ်တို့ စီးပွားရေး တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

J-11

  • VIA