News

POST TYPE

POPULAR POST

YBS ယာဉ်မောင်း အမူးလွန်ပြီး ယာဉ်ရပ်တန့် အိပ်ပျော်
06-Dec-2017 tagged as YBS


ရန်ကုန်၊ ဒီဇင်ဘာ ၅ 

ပုဇွန်တောင်မြို့နယ်၊ အောက်ပုဇွန် တောင်လမ်းရှိ ညောင်တန်းမှတ်တိုင်အနီးတွင် အရက်အမူးလွန်နေသည့် YBS (၆၅) ယာဉ်မှ ယာဉ်မောင်းသည် ဆက် မမောင်းနိုင်သဖြင့် လမ်းလယ်တွင် ယာဉ်ကိုရပ်တန့်ခဲ့သောကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

လှော်ကားလိပ်ခုံးဂိတ်မှ ဗိုလ်တထောင်ဘုရားဂိတ်သို့ ပြေးဆွဲနေသော YBS (၆၅) ဟွန်ဒိုင်း ယာဉ်တစ်စီးမှာ နိုဝင်ဘာလ ၅ ရက် မွန်းလွဲ ၁ နာရီခွဲဝန်းကျင်က အောက်ပုဇွန်တောင်လမ်းအတိုင်း မောင်းလာစဉ် ညောင်တန်းမှတ်တိုင်အနီးအရောက် လမ်းလယ်တွင် ယာဉ်ကို အချိန်ကြာမြင့်စွာ ရပ်တန့်ထားသဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေကြောင်း သတင်းရရှိမှုကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။ 

“ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် နှစ်ယောက်လုံး ကားမမောင်းနိုင်လောက်အောင် အရက်မူးလွန်နေလို့ လမ်းပေါ်မှာ ကားကို ရပ်ထားလိုက်တာ။ ဗိုလ်တထောင်ဂိတ်ကနေ ပြန်ထွက်လာတာဆိုတော့ ကားပေါ်မှာလည်း ခရီးသည် မပါလာခဲ့ဘူး။ လမ်းလယ်ခေါင်မှာ ကားကြီးရပ်ထားတော့ ယာဉ်ကြောပိတ်ဆို့မှုတွေ နာရီဝက်လောက် ဖြစ်သွားတာပေါ့”ဟု ယာဉ်ထိန်းရဲ အရာရှိက ပြောသည်။ 

အဆိုပါလမ်းပေါ် ရပ်ထားသည့် YBS (၆၅) ယာဉ်ပေါ်တွင် အရက် အမူးလွန်နေသည့် ယာဉ်မောင်း အသက် ၂၉ နှစ် ဝေလျှံကျော်မှာ ယာဉ်မောင်း ထိုင်ခုံပေါ်တွင် အိပ်ပျော်နေပြီး ယာဉ်နောက်လိုက် အသက် ၂၇ နှစ် ယာဉ်နောက်လိုက် မင်းကိုဇော်မှာ ခရီးသည်ထိုင်ခုံတွင် အိပ်ပျော်နေကြောင်း ညောင်တန်းအိမ်ရာဝင်းတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။ 

အရက်အမူးလွန်နေသော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် နှစ်ဦးကို ပုဇွန်တောင် မြို့မရဲစခန်းသို့ ခေါ်ဆောင်ပြီး မော်တော်ယာဉ် ဥပဒေပုဒ်မ ၅၈(က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ စုံစမ်းသိရှိရသည်။ 

S-03