News

POST TYPE

POPULAR POST

ရန်ကုန်၌ အဝိုင်းပတ်စနစ် ဖျက်သိမ်းရန် သုံးသပ်ဟု ဝန်ကြီးဆို
03-Dec-2017 tagged as ရန်ကုန်


ရန်ကုန်၊ ဒီဇင်ဘာ ၂

ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်ရန် တိုင်းအစိုးရအဖွဲ့နှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိရာတွင် ယာဉ်ကြော ကျပ်တည်းမှု အများဆုံးဖြစ်သော ဟံသာဝတီနှင့် ဦးထောင်ဘို အဝိုင်းတို့အား ဖျက်သိမ်းရန် သုံးသပ်နေကြောင်း တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှု၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး၌ ဟံသာဝတီအဝိုင်း၊ ဦးထောင်ဘိုအဝိုင်း အပါအဝင် အဝိုင်းပတ်စနစ်ကို ဖျက်သိမ်းရန် အစီအစဉ် ရှိ၊ မရှိ မရမ်းကုန်းမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက မေးခွန်းမေးမြန်းခဲ့ခြင်းအပေါ် ၎င်းက ပြောကြားခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှု၊ အချိန်ကြန့်ကြာမှု ပြဿနာကို ဖြေလျှော့နိုင်ရန် တတ်နိုင်သည့်ဘက်က ဝိုင်းဝန်း စဉ်းစားပေးသည့်အနေနှင့် ထိုမေးခွန်းကို မေးမြန်းခြင်းဖြစ်ကြောင်း မရမ်းကုန်းမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောကြားသည်။

“ဝန်ကြီး ဒေါ်နီလာကျော်က ဖျက်သင့်၊ မဖျက်သင့် သုံးသပ်နေပါတယ်လို့ ပြောတယ်။ အစိုးရအဖွဲ့က မီးပွိုင့်စနစ်နဲ့ စမ်းသပ်တာလည်း လုပ်ခဲ့တာ နည်းနည်း လေးအဆင်မပြေတာလည်း တွေ့ရတယ်။ ယာဉ်ကြောပိတ်ဆို့မှုက ပိုများသွားတာ တွေ့တယ်။ ဒါကြောင့် သုံးသပ်နေတာလို့ ပြောတာပါ”ဟု ၎င်းက ဆိုသည်။

ဟံသာဝတီ အဝိုင်းအနေနှင့် အဝိုင်းပတ်စနစ်ကို ကျင့်သုံးခဲ့စဉ်က နံနက်ပိုင်းရုံး တက်ချိန်တွင် ယာဉ်ကြောကျပ်တည်း နေသော်လည်း ယာဉ်များ တရွေ့ရွေ့ဖြင့် မောင်းနှင်နိုင်သေးပြီး မီးပွိုင့်စနစ်မှာ အချိန်ကြာမြင့်အောင် ရပ်တန့်ပိတ်ဆို့နေကြောင်း ၎င်းက ပြောကြားသည်။

ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းရန် ဟံသာဝတီအဝိုင်း၌ ဖေဖော်ဝါရီလ ၁၆ ရက်က မီးပွိုင့်စနစ်ကို စမ်းသပ် တပ်ဆင် အသုံးပြုခဲ့ပြီး အဆင်မပြေမှုများကြောင့် ရက်ပိုင်းအတွင်း အဝိုင်းပတ်စနစ်ကိုသာ ပြန်ကျင့်သုံးခဲ့ကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးရဲမှူး မျိုးအောင်မြင့်က ပြောကြားသည်။

မီးပွိုင့်စနစ်ဖြင့် စမ်းသပ်ခြင်းကို ဟံသာဝတီ အဝိုင်းကိုသာ တပ်ဆင်စမ်းသပ်ခဲ့ပြီး ယင်းစနစ်မှာ အဆင်မပြေမှုများ ရှိနေသဖြင့် ဦးထောင်ဘိုအဝိုင်းနှင့် ဦးဝိစာရအဝိုင်းတို့ကို စမ်းသပ်ခြင်းမပြုဘဲ အဝိုင်းပတ်စနစ်ဖြင့်သာ အသုံးပြုခဲ့ကြောင်း အမှတ် ၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“စည်းကမ်းလိုက်နာမှု အားကောင်းရင် အဝိုင်းပတ်စနစ်က ပိုကောင်းတယ်။ ပုံမှန် လည်ပတ်နေမှာပေါ့။ အများစုက စည်းကမ်းမဲ့ မောင်းနှင်ရင်တော့ မီးပွိုင့်စနစ်နဲ့ ထိန်းချုပ်တာ သင့်လျော်တာပေါ့လေ။ အဝိုင်းပတ်စနစ်နဲ့ သူ့ဥပဒေအတိုင်း မောင်းနှင်ကြရင်တော့ အကောင်းဆုံးလို့ ပြောချင်တယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ဟံသာဝတီအဝိုင်း၊ ဦးထောင်ဘိုအဝိုင်းနှင့် ဦးဝိစာရအဝိုင်းတို့သည် အဝိုင်းပတ်စနစ်ဖြင့် မောင်းနှင်လျက်ရှိပြီး တိုင်းအစိုးရအဖွဲ့အနေနှင့် ဆင်ဆာ မီးပွိုင့်စနစ်ဖြင့် ချိတ်ဆက် အသုံးပြုရန် လေ့လာ သုံးသပ်နေကြောင်း အမှတ် ၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးထံမှ သိရသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့သည့်နေရာများနှင့် လမ်းဆုံများတွင် ယာဉ်ကြော ကျပ်တည်းမှုများ ဖြေရှင်းနိုင်ရန် တိုင်းအစိုးရအဖွဲ့နှင့် JICA တို့ ပူးပေါင်းကာ အဝိုင်းပတ်များ ဖျက်သိမ်းရေး အတွက်လည်း လေ့လာလျက်ရှိကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

J-06