News

POST TYPE

POPULAR POST

တရုတ်ပုဆိုးများကို ဈေးချိုတော် အထည်သည်များ လက်မခံသေး
02-Dec-2017 tagged as မန္တလေး


မန္တလေး၊ နိုဝင်ဘာ ၃၀

တရုတ်နိုင်ငံမှ တင်သွင်းသည့်ပုဆိုးများ မြန်မာပြည် အထက်ပိုင်း မြို့နယ်အချို့တွင် ဖြန့်ဖြူးမှုများရှိနေပြီး မန္တလေး ဈေးချိုတော်သို့ လာရောက်မိတ်ဆက် ရောင်းချမှုကို အထည်သည် အများစုက လက်ခံရောင်းချခြင်း မရှိသေးကြောင်း ဈေးချိုတော်အတွင်းရှိ အထည်ဆိုင်များထံမှ သိရသည်။

“လွန်ခဲ့တဲ့ရက်တွေကပဲ ကုမ္ပဏီ တစ်ခုက လာစပ်ပါတယ်။ ဆိုင်တင်ပြီး ရောင်းပေးဖို့ပါ။ ကျွန်မတို့အနေနဲ့ သူတို့ပစ္စည်းရဲ့ အရည်အသွေးရော အဆင်ပိုင်းရော သိပ်မကြိုက်ဘူး။ ဈေးလည်း နည်းနည်း များနေတယ်လို့ထင်တယ်။ ခုထိတော့ ဆိုင်မှာ လက်မခံထားသေးပါဘူး။ သူတို့ပုဆိုးတွေက ပေါင်းပုဆိုးတွေပါ။ ကျွန်မတို့နိုင်ငံက ချည်ပုဆိုးကို ပိုကြိုက်တယ်။ သူတို့ပုဆိုးက ချည်သားနည်းတယ်”ဟု ဈေးချိုတော်အတွင်း ပုဆိုးမျိုးစုံ သီးသန့် ရောင်းချသည့် ယွန်းရွှေရည် အထည်ဆိုင်ရှင် ဒေါ်အိအိကျော်က ပြောကြားသည်။

တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ပုဆိုးများ၏ ဆေးရောင်၊ အရည်အသွေးနှင့် ဒီဇိုင်းမှာ မြန်မာနိုင်ငံကြိုက်ပုံစံ မဖြစ်သေးသည့်အတွက် မြန်မာလူမျိုးများ လက်ခံလာနိုင်သည့် အနေအထားတွင် မရှိသေးကြောင်း၊ ထုတ်လုပ်သည့် ဒီဇိုင်းများမှာလည်း ပြည်တွင်းမှထွက်သည့် ဒီဇိုင်းများကို တုပထုတ်လုပ်ထားခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့မှ ရက်ကန်းလုပ်ငန်းရှင်တစ်ဦက ပြောဆိုသည်။

“ကျွန်တော်တို့ကတော့ တရုတ်ပုဆိုးတွေ ဝင်လည်း မလာစေချင်ဘူး။ ရောင်းလည်း ရောင်းမပေးချင်ပါဘူး။ ကျွန်တော်တို့က သူတို့ပစ္စည်းတွေ ရောင်းပေးလိုက်ရင် ပြည်တွင်း ထုတ်လုပ်သူတွေ ထိခိုက်ကုန်မယ်။ ဒါကြောင့်မရောင်းပါဘူး။ ကျွန်တော် သိသလောက်ဖြင့် ဆိုင်တွေမှာတင်ထားတာ မမြင်မိသေးဘူး”ဟု ဈေးချိုတော်ရှိ ရွှေမန်းမေ အထည်ဆိုင်ပိုင်ရှင် ဦးသန်းထွန်းက ပြောကြားသည်။

တရုတ်ပုဆိုးများသည် မူဆယ်ဘက်ကနေတစ်ဆင့် ဈေးချိုတော်သို့ ဈေးကွက် ထိုးဖောက်လာခြင်းဖြစ်နိုင်ကြောင်း၊ ချည်ကြမ်းအမျိုးအစား ၁/၄၀ များဖြင့် ဈေးကွက် ထိုးဖောက်လာခြင်း ဖြစ်သောကြောင့် ပြည်တွင်းထွက် ပုဆိုးများကို မယှဉ်နိုင်သေးကြောင်း ဝမ်းတွင်းမြို့နယ်မှ ခုနစ်စင်ကြယ် အထည်လုပ်ငန်းရှင် ဦးလှဘူးက ပြောကြားသည်။

ပြည်တွင်း ပုဆိုးဈေးကွက်ကိုတော့ အနည်းနဲ့အများ ထိခိုက်နိုင်တယ်။ ဥပမာအနေနဲ့ တရုတ်ကနေ တရုတ်စောင်တွေ ဝင်လာတော့ မုံရွာဘက်က စောင်ရက်တဲ့ရက်ကန်းတွေ အကုန် ရပ်ကုန်တယ်ဗျာ။ ပုဆိုးကို သူတို့က တိုက်ကွက်တစ်ခုအနေနဲ့ လာတာဆိုရင်တော့ ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်။ ပြည်တွင်းက အခွန်ထမ်းနေရတဲ့ အက်စ်အမ်အီး လုပ်ငန်းတွေကို ကာကွယ်ဖို့က အစိုးရပိုင်း၊ လွှတ်တော်ပိုင်းက တာဝန်ရှိပါတယ်။ ပြည်တွင်း လုပ်ငန်းတွေ ရပ်သွားရင် အစိုးရအနေနဲ့ အခွန်တွေ အများကြီး နစ်နာကုန်မယ်ဗျ။ တရားဝင် သွင်းတာလား။ တရားဝင်သွင်းတာ ဘယ်လောက်ရှိပြီး တရားမဝင် ဘယ်လောက်သွင်းလဲ၊ ဒါတွေကိုလည်း စိစစ်ဖို့လိုပါတယ်ဗျ”ဟု ၎င်းကပြောဆိုသည်။

M-04