News

POST TYPE

POPULAR POST

အကျဉ်းထောင်မှ လွတ်မြောက်လာသူ တစ်ဦး၏ အိမ်အပြန်ခရီး
18-Nov-2017 tagged as


မူးယစ်ဆေးဝါးမှုဖြင့် အကျဉ်းကျခံခဲ့ရသော အနုပညာရှင် ရဲတိုက်တစ်ယောက် ထောင်မှ ပြန်လည် လွတ်မြောက်လာသည့် နိုဝင်ဘာ ၁၇ ရက်နေ့တွင် လူမှုကွန်ရက် စာမျက်နှာ၌ ကာယကံရှင် သာမက သူ၏ အမာခံပရိသတ် အမျိုးသမီးများ၏ ပျော်ရွှင်ကြည်နူးသည့်ပို့စ်များ အများဆုံး ဖြစ်နေလေသည်။

လူသားတစ်ဦးအတွက် အပျော်ရွှင်ဆုံးရက်များတွင် ပါဝင်သော ထိုနေ့တွင် ရဲတိုက်နှင့် တစ်ရက်တည်း ထောင်မှ လွတ်လာသူတစ်ဦးအတွက်ကမူ ပျော်ရွှင်ကြည်နူးမှုများအစား ဝမ်းနည်းကြေကွဲမှုများဖြင့် ဆီးကြိုလျက်သာ ရှိခဲ့လေသည်။

ထိန်ပင်သုသာန် ခန်းမ (၁) ရှေ့ တွင် ကော်လံ ကတုံးအဖြူရောင် ဝတ်ဆင်ထားသော အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ယောက် မျက်ရည်များ ရစ်ဝဲစွာ ရပ်နေသည်။ တီးတိုးတီးတိုး ပြောနေသည့် အသံများကြားက အသုဘက သုံးလောင်းပြိုင် လူသတ်မှုမှ သေဆုံးသူများ။ လှိုင်သီရိအိမ်ရာ ခြောက်လွှာ တိုက်ခန်းတစ်ခန်းတွင် ချစ်ဇနီးနှင့် ချစ်သမီးငယ် အပါအဝင် သုံးလောင်းပြိုင် လူသတ်ခံရမှုက မနေ့က အင်းစိန်အကျဉ်းထောင်မှ ပြန်လွတ်လာသူ ကိုလှမျိုးထွန်းအား သတင်းဆိုးဖြင့် ဆီးကြိုနေသည်။ 

“ဒီအချိန်မှာ သူ့ကို ဘာမှ မမေးကြပါနဲ့။ သူ အတော်လေး စိတ်ထိခိုက်နေရှာတာ”ဟု အဆိုပါ အမျိုးသားအနီးတွင် ရပ်နေသော သူ့မိတ်ဆွေက မီဒီယာများကို ပြောသည်။

ဒဂုံ (၁) ကျောင်းသူ ကျောင်းသား ဘဝကတည်းက ချစ်ကြိုက်ခဲ့သော ဇနီးမှာ သူ နရသိန်မှ ပြင်ပကမ္ဘာသို့ ပြန်မရောက်မီ ရက်ပိုင်းအလိုတွင် ရက်စက်စွာ အသတ်ခံခဲ့ရပြီး ကိုးနှစ်အရွယ် သမီးငယ်မှာလည်း လူသတ်သမား၏ ရက်စက်စွာ သတ်ဖြတ်ခံရရှာသည်။ 

ဆယ်ကျော်သက် အရွယ်တည်းက အိမ်ထောင်ပြုခဲ့ကြသော ကိုလှမျိုးထွန်းနှင့် မကေသီလှိုင်မှာ ၁၃ နှစ်နှင့် ၉ နှစ်အရွယ် သမီးနှစ်ဦး ထွန်းကားခဲ့သည်။ ယခုနှစ် စက်တင်ဘာလက ကိုလှမျိုးထွန်းမှာ ငွေအလွဲသုံးစားမှုဖြင့် ထောင်ဒဏ်သုံးလ အမိန့်ချမှတ်ခံရချိန် နောက်ပိုင်း ဒေါ်ကေသီလှိုင်က Stay & While စားသောက်ဆိုင်တွင် မန်နေဂျာအဖြစ်  ဆက်လက် လုပ်ကိုင်ပြီး သမီးနှစ်ဦးနှင့်အတူ အင်းစိန်လမ်းဘေး လှိုင်သီရိအိမ်ရာရှိ ခြောက်လွှာတိုက်ခန်း တစ်ခန်းတွင် နေထိုင်ခဲ့သည်။

“မကေ (မကေသီလှိုင်)က ဆိုင်မှာ အလုပ် ဝင်လုပ်တာ တစ်နှစ်ခွဲလောက်ရှိပြီ။ လူသတ်မှု ကျူးလွန်တဲ့ ဆိုင်ဝန်ထမ်း ဇွဲလင်းထက်ကို မကေကိုယ်တိုင် အင်တာဗျူးပြီး ခန့်ထားတာ။ ဇွဲလင်းထက် အလုပ်ဝင်တာ တစ်နှစ်လောက်ရှိပြီ”ဟု Stay & While စားသောက်ဆိုင်မှ ဝန်ထမ်းအမျိုးသမီးတစ်ဦးက ဆိုသည်။ 

သုံးလောင်းပြိုင် လူသတ်မှု ကျူးလွန်ခဲ့သည်ဆိုသည့် ဆိုင်ဝန်ထမ်း ဇွဲလင်းထက်က ဆိုင်မန်နေဂျာ မကေသီလှိုင်ထံ သွားရောက်၍ လစာတိုးပေးရန် တောင်းဆိုရာ မတိုးပေးသဖြင့် စကားများ ရန်ဖြစ်ရာမှ လူသတ်မှု ကျူးလွန်ခဲ့ကြောင်း ထွက်ဆိုခဲ့သော်လည်း ဆိုင်ရှိ ဝန်ထမ်းများမှာ လစာတိုးပေးရန် ယင်းသို့ ဆိုင်မန်နေဂျာနေအိမ် သွားရောက်၍ တောင်းဆိုခြင်း မရှိဖူးကြောင်း ယင်းဆိုင်မှ ယာဉ်မောင်း အမျိုးသားက ပြောသည်။ 

“ကျွန်တော်လည်း ဒီဆိုင်မှာ အလုပ်ဝင်တာ တစ်နှစ်ကျော်ပြီ။ မန်နေဂျာအိမ် သွားပြီး လစာတိုးပေးဖို့ သွားပြောတဲ့ ဝန်ထမ်းတစ်ယောက်မှ မရှိခဲ့ကြဘူး။ ဒီလူ ငွေလိုနေလို့ ပြစ်မှုကျူးလွန်ခဲ့တာလို့ပဲ ယူဆမိတယ်”ဟု ၎င်းကဆိုသည်။ 

“မကေ (ကေသီလှိုင်) က စကားပြောရင် ပြတ်တယ်။ သူ့ဘာသာ အေးဆေးနေတယ်။ မသိသူဆို မာနကြီးတဲ့သူလို့ ထင်ရတယ်။ ဒါပေမဲ့ သူက မာနကြီးသူ မဟုတ်ပါဘူး”ဟု သေဆုံးသူ မကေသီလှိုင်၏ ငယ်သူငယ်ချင်း အမျိုးသမီးတစ်ဦးက ပြောသည်။

သုံးလောင်းပြိုင် လူသတ်မှု ကျူးလွန်ခဲ့သူဆိုသူ ဆိုင်ဝန်ထမ်း အသက် ၂၁ နှစ် ဇွဲလင်းထက်မှာ ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူ ဖြစ်သည်။ နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းက ဆိုင်မန်နေဂျာ မကေသီလှိုင် နေထိုင်သည့် လှိုင်သီရိအိမ်ရာသို့ ရောက်ရှိလာခဲ့ပြီးနောက် ဇွဲလင်းထက်က လစာတိုးပေးရန် ပြောဆိုရာ မကေသီလှိုင်က မတိုးပေးနိုင်ကြောင်း ပြန်ပြောသဖြင့် ၎င်းက လက်သီးဖြင့် မကေသီလှိုင်ကို ထိုးကြိတ်စဉ် ယင်းတိုက်ခန်းရှိ စားသောက်ဆိုင်မှ ဝန်ထမ်း အသက် ၂၅ နှစ် မအေးမာဦးက ဝင်ဆွဲခဲ့သည်။

ရုန်းရင်းဆန်ခတ် ဖြစ်နေချိန် မကေသီလှိုင်က အိပ်ခန်းထဲရှိ ဓားဦးချွန်ဖြင့် ဇွဲလင်းထက်ကို ထိုးမည် ပြုလုပ်သောကြောင့် ယင်းဓားကို လုယူခဲ့ပြီး မကေသီလှိုင်၊ မအေးမာဦးနှင့် နေအိမ်ထဲရှိ မကေသီလှိုင်၏ အသက် ၉ နှစ်အရွယ် သမီးငယ် မသာယာထွန်းတို့ သုံးဦးကို ၎င်းက ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း ဇွဲလင်းထက်က ဝန်ခံ ထွက်ဆိုခဲ့သည်။

ဓားဦးချွန်ဖြင့် ထိုးခံရသော်လည်း မသေသေးသူများကို ဇွဲလင်းထက်က နေအိမ် မီးဖိုချောင်ထဲရှိ အသားလှီး ဓားဖြင့် ထပ်မံ ခုတ်သတ်ကာ နေအိမ်ထဲရှိ ငွေကျပ် လေးသိန်း လက်ဝတ်ရွှေထည်နှင့် မကေသီလှိုင်၏ လက်ကိုင်ဖုန်း၊ လက်တော့ပ် နှစ်လုံးနှင့် Wish အမျိုးအစား မော်တော်ယာဉ် တစ်စီးတို့ကို ယူဆောင်ကာ တိုက်ခန်းတံခါးကို အပြင်မှ သော့ခတ်ခဲ့သည်ဟု သူ၏ ထွက်ဆိုချက်အရ သိရသည်။

“သမီးအကြီးမက ကျောင်းသွားနေလို့ လွတ်သွားတာ။ သူတို့ တိုက်ခန်းနဲ့ ဘေးချင်းကပ် အခန်းက သူ့ယောက္ခမနေတဲ့ တိုက်ခန်း။ ယောက္ခမကလည်း ဘုရားဖူး ထွက်နေတော့ ရက်အတော် ကြာတဲ့အထိ ဘယ်သူမှ ဒီဖြစ်စဉ်ကို သတိမထားမိကြဘူး။ မကေတို့ မိသားစုတွေ ဆိုင်မှာ သွားနေတယ် ထင်နေတာ။ အပုပ်နံ့တွေ ထွက်လာမှပဲ သိတော့တယ်”ဟု လှိုင်သီရိ အိမ်ရာတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောကြားသည်။

နေအိမ်တိုက်ခန်းထဲ ခုနစ်ရက်ကြာ သေဆုံးနေသည့် ရုပ်အလောင်းများကို နိုဝင်ဘာလ ၁၅ ရက်နေ့ ညပိုင်းက ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ယင်းမိသားစု၏ အိမ်ထောင်ဦးစီးဖြစ်သူ ကိုလှမျိုးထွန်းမှာ အင်းစိန် အကျဉ်းထောင်မှ ပြစ်ဒဏ်စေ့ ပြန်လွတ်မြောက်ခဲ့သည်။ 

“ထောင်က လွတ်လာပြီးမှပဲ ဒီအဖြစ်ဆိုးကို ကိုလှမျိုးထွန်းကို အသိပေးခဲ့တယ်။ ထောင်က လွတ်တဲ့နေ့မှာပဲ သူ့ခမျာ မယားနဲ့ သမီး အသတ်ခံရတဲ့ တိုက်ခန်းကို သန့်ရှင်းရေး လုပ်ရရှာတယ်။ အတော်လေး စိတ်ထိခိုက်နေရှာတာ။ ဘယ်သူနဲ့မှ စကားတောင် သိပ်မပြောဘူး”ဟု လှိုင်သီရိအိမ်ရာတွင် နေထိုင်သည့် အမျိုးသမီးက ဆိုသည်။

အခင်းဖြစ်နေ့ နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းက ကိုလှမျိုးထွန်း၏ သမီးကြီးဖြစ်သူ ရှစ်တန်းကျောင်းသူ မသံသာထွန်းမှာ ကျောင်းသွားနေသဖြင့် ယင်းအဖြစ်ဆိုးနှင့် လွဲချော်ခဲ့သည်။

“ပြစ်မှုကျူးလွန်သူ ဇွဲလင်းထက်က မကေရဲ့ လက်ကိုင်ဖုန်းနဲ့ ဆိုင်ဝန်ထမ်း အိမွန်ဆီ ဗိုက်ဘာကနေ စာပို့တယ်။ ဒဂုံ ၁ မှာ ကျောင်းတက်နေတဲ့ သမီးကြီးကို တက္ကစီနဲ့ သွားကြိုပြီး ခေါ်ထားပေးဖို့နဲ့ မကေ ခရီးလွန်နေကြောင်း စာရေးပို့တယ်။ ဒီဖြစ်စဉ်မှ မသိတော့ မကေ စာပို့တယ်ပဲထင်ပြီး ကလေးကို ခေါ်ထားတာပေါ့”ဟု Stay & While ဆိုင်မှ ဝန်ထမ်း အမျိုးသမီးက ပြောသည်။

ဇွဲလင်းထက်မှာ မကေသီလှိုင်၏နေအိမ်မှ ယူလာသည့် လက်ဝတ်ရွှေထည်များကို ၎င်း၏ မိခင်နှင့်ဇနီးကို ဆင်မြန်းထားပြီး လက်တော့ပ် နှစ်လုံးကို ရောင်းချကာ Wish အမျိုးအစားယာဉ်ကို လှည်းကူးမြို့နယ်ရှိ ၎င်း၏ သူငယ်ချင်းထံ သွားရောက် အပ်နှံထားခဲ့သည်။

“သက်သေခံပစ္စည်းတွေ သိမ်းဆည်းပြီး သေဆုံးသူ အမျိုးသမီးရဲ့ ခင်ပွန်းထံ ပြန်အပ်လိုက်ပါပြီ။ လူသတ်မှု ကျူးလွန်သူရဲ့ မိခင်နဲ့ ဇနီးကိုပါ လတ်တလော စစ်ဆေးနေတယ်”ဟု လှိုင်မြို့မ ရဲစခန်းမှူး ဒုရဲမှူးသိန်းဆွေမြင့်က ပြောသည်။

သမီးကြီး မသံသာထွန်းနှင့် ထောင်မှ လွတ်မြောက်လာသူ ကိုလှမျိုးထွန်းတို့မှာ ဆွေမျိုးများ၏ နေအိမ်သို့ ခေတ္တ ပြောင်းရွှေ့နေထိုင်ပြီး နိုဝင်ဘာလ ၁၈ ရက် ညနေ ၄ နာရီက ထိန်ပင်သုသာန်တွင် သေဆုံးသူ သုံးဦး၏ ဈာပနကို ကြေကွဲဝမ်းနည်းစွာ ပြုလုပ်ခဲ့ရသည်ကို ရစ်ဝဲနေသည့် ၎င်း၏ မျက်ရည်များက သက်သေပြနေရှာသည်။

အထက်တန်း ကျောင်းသူဘဝတည်းက ချစ်မြတ်နိုးခဲ့ရသည့် ဇနီး မကေသီလှိုင်နှင့် ချစ်သမီးငယ် မသာယာထွန်းတို့၏ ရုပ်အလောင်းတို့ကို မီးသင်္ဂြိုဟ်စက်ထဲ ထည့်လိုက်သည့် မြင်ကွင်းကို မျက်ရည်များကျကာ ရပ်ကြည့်နေရှာသော ကိုလှမျိုးထွန်းအား ငယ်သူငယ်ချင်းများက ဝိုင်းဝန်း ဖေးမ နှစ်သိမ့်ပေးကြရှာသည်။

ထိန်ပင်သုသာန်ထဲမှ လေးကန်သည့် ခြေလှမ်းများဖြင့် ပြန်ထွက်လာသည့် ကိုလှမျိုးထွန်းနှင့် သမီးကြီးတို့ နှစ်ဦးမှာ မိသားစု၏ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ဆိုးကြီး၏ ရင်နင့်ကြေကွဲဖွယ် ခံစားမှုများနှင့်အတူ ဘဝခရီးလမ်းကို ရှေ့ဆက်ရဦးမည်ဖြစ်သည်။

ခိုင်စိုးလင်း၊ ဇော်မိုးလွင်

  • TAGS