News

POST TYPE

POPULAR POST

အလုပ်က ထွက်သင့်နေပြီဆိုတဲ့ လက္ခဏာ (၆) ခု
29-Aug-2016

အလုပ်မှာ အဆင်မပြေတာတွေ ရှိပေမယ့် လခအတော်အသင့်ကောင်းပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း ခင်မင်နေတဲ့အခါ “ရပါတယ်လေ၊ ငါလုပ်ချင်တဲ့အလုပ် မဟုတ်ပေမယ့် လောလောဆယ်တော့ မထွက်သေးပါဘူး” ဆိုပြီး ဆက်လုပ်ဖြစ်တတ်ကြပါတယ်။

ဒါပေမဲ့ နေပျော်တယ်ဆိုတဲ့ ခံစားချက်ကနေ တဖြည်းဖြည်း ကိုယ့်ကိုယ်ကိုယ် ဆင်ခြေတွေပေးပြီး အလုပ်က မထွက်ရဲတော့ဘဲ ဖြစ်လာတတ်ပါတယ်။ အဲဒီအခါ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို ဘယ်တော့မှ မလုပ်ဖြစ်ဘဲ ကိုယ်တကယ်ဖြစ်ချင်တဲ့ ဘဝနဲ့ ဝေးကွာသွားပါတော့တယ်။

ဒါကြောင့် အောက်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေ ရှိနေတယ်ဆိုရင် အလုပ်က တတ်နိုင်သမျှ အမြန်ဆုံး ထွက်သင့်ပါပြီ။

(၁) တိုးတက်မှု မရှိရင်

သင်ဟာ ဒီအလုပ်မှာ သုံးနှစ်ဝန်းကျင်လောက် လုပ်လာပေမယ့် လခတိုးပေးတာ ရာထူးတိုးပေးတာ မရှိသေးဘူး သင်ကကျတော့ တိုးတက်မှု လိုချင်နေတယ်ဆိုရင် အလုပ်ပြောင်းဖို့ စဉ်းစားသင့်ပါပြီ။

(၂) တုံ့ပြန်မှုမရရင်

အချိန်တိုအတွင်းမှာ လခတိုးပေးဖို့ ရာထူးတိုးပေးဖို့ မလွယ်ပေမဲ့ အရည်အချင်းပြည့်ဝတဲ့ မန်နေဂျာတွေဟာ သူတို့လက်အောက်က ဝန်ထမ်းတွေကို ဂရုတစိုက်စောင့်ကြည့်ပြီး အကြုံပြုတာ ချီးမွမ်းတာတွေ လုပ်တတ်ပါတယ်။ သင့်ရဲ့ အထက်လူကြီးဆီက အဲဒီလိုတုံ့ပြန်မှုမျိုး တစ်ခါမှ မရဘူးရင် သင်တခြားမှာ အလုပ်ရှာသင့်ပါပြီ။

(၃) အသိပညာတစ်ခုခု မရရင်

အလုပ်မှာ ငွေကြေးနဲ့ ရာထူး တိုးတက်မှု မရှိရင်တောင် အသိပညာ ကိုယ်ရည်ကိုယ်သွေး တိုးတက်လာဖို့ လိုအပ်ပါတယ်။ အလုပ်တစ်မျိုးတည်းကိုပဲ ထုံးစံအတိုင်း လုပ်ခိုင်းနေပြီး သင့်အရည်အချင်းကို တိုးတက်စေမယ့် စိန်ခေါ်မှုမျိုး မပေးဘူးဆိုရင် သင့်ကုမ္ပဏီဟာ သင့်ကို ဂရုမစိုက်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။

(၄) ထွက်တဲ့သူများရင်

သင့်အလုပ်မှာ နှုတ်ဆက်ပွဲတွေ မကြာခဏ တက်နေရတယ်ဆိုရင် ထွက်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း အလုပ်တွေ မကြာခဏ ပြောင်းတတ်သူတွေ မဟုတ်ဘူးဆိုရင် သူတို့ ဘာကြောင့်ထွက်ရသလဲ ဆိုတာ မေးကြည့်ဖို့ လိုပါတယ်။ ဒါမှ သူတို့ရဲ့ လမ်းကို လိုက်လုပ်သင့် မလုပ်သင့် စဉ်းစားနိုင်မှာပါ။

(၅) ဖွဲ့စည်းပုံတွေ ပုံမှန်ပြောင်းနေရင်

သင့်ကုမ္ပဏီရဲ့ ရာထူးအမြင့်ဆုံး နေရာတွေက ပုံမှန်လို အပြောင်းအလဲ ရှိနေတတယ်၊ ခေါင်းဆောင်တွေ မကြာခဏ ပြောင်းနေမယ်ဆိုရင် အခြေအနေ မကောင်းပါဘူး။ ဖွဲ့စည်းပုံ ပြောင်းတာဟာ ဝန်ထမ်းတွေအတွက် စိန်ခေါ်မှု ဖန်တီးပေးဖို့လည်း ဖြစ်နိုင်ပေမယ့် များသောအားဖြင့်တော့ ကုမ္ပဏီမှာ ပြဿနာတွေ ရှုပ်ထွေးနေကြောင်း ပြသတာပါ။

(၆) နာမည်ကြီး လုပ်ငန်းတွေက ကမ်းလှမ်းလာရင်

အလုပ်ခေါ်စာ အီးမေးလ်တွေက များသောအားဖြင့်တော့ ဘာမှအကျိုးမထူးတတ်ပါဘူး။ ဒါပေမဲ့ နာမည်ကြီး လုပ်ငန်းတွေ အဖွဲ့အစည်းကြီးတွေဆီ ကမ်းလှမ်းစာတွေ ဝင်တာများလာပြီဆိုရင် သူတို့ပေးမယ့် ရာထူးနဲ့ လစာကို ကြည့်ြ့ပီး သင့်ရဲ့ တက်လမ်းအတွက် ပြောင်းသင့်ပါတယ်။

Ref: Time