News

POST TYPE

POPULAR POST

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၏ မီးအာမခံ ကုမ္ပဏီ ၇ ခုက စုပေါင်းပေးလျော်မည်

ရန်ကုန်၊ အောက်တိုဘာ ၁၉

ယနေ့(အောက်တိုဘာလ ၁၉ ရက်) နံနက် အစောပိုင်းက မီးလောင်ကျွမ်းခဲ့သည့် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ကို အာမခံ ကုမ္ပဏီ ၇ ခုက စုပေါင်း၍ လျော်ကြေးပေးအပ်မည်ဖြစ်ကြောင်း အောင်သစ္စာဦး အာမခံ ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ ဒေါ်မာလာညွန့်က ပြောကြားသည်။

ကန်တော်ကြီးပဲလေ့စ် ဟိုတယ်သည် ပင်မ အဆောက်အအုံကို မြန်မာ့အာမခံလုပ်ငန်း၌ မီးအာမခံအဖြစ် ငွေကျပ်သန်း ၈၀၀ ထားရှိခဲ့ပြီး အောင်သစ္စာဦး အာမခံလုပ်ငန်းတွင် ငွေကျပ်သန်း ၅၀၀ ကျော် မီးအာမခံ ထားရှိခဲ့သည်။

“ကျွန်မတို့ဆီမှာ အာမခံထားတဲ့ အဆောက်အအုံက ကနဦး စစ်ဆေးချက်အရ မီးဟပ်သွားရုံပဲရှိတယ်။ ပုဂ္ဂလိက အာမခံ ကုမ္ပဏီတွေမှာ အာမခံ ထားတဲ့ငွေက ကျပ်သန်း ၅၀၀ ကျော်ရင် တခြား ကုမ္ပဏီတွေကိုလည်း ခွဲဝေ အာမခံ ထားရတဲ့စနစ် သတ်မှတ်ထားတော့ ကုမ္ပဏီတွေ အားလုံး စုပေါင်းလျော်ရမှာပါ”ဟု ဒေါ်မာလာညွန့်က ရှင်းပြသည်။

ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်သည် ၂၀၁၃ ခုနှစ်ကတည်းက အောင်သစ္စာဦး ကုမ္ပဏီထံတွင် မီးအာမခံ ထားရှိခဲ့ပြီး တစ်ပတ်အတွင်း အာမခံ လျော်ကြေးပေးသွားမည်ဖြစ်ကြောင်း အောင်သစ္စာဦး အာမခံကုမ္ပဏီထံမှ သိရသည်။

J-13