News

POST TYPE

POPULAR POST

ရန်ကုန်မြို့တော်နှင့် ယာဉ်ကြောကျပ်တည်းမှု
29-Aug-2016

အစိုးရ ရုံးပိတ်ရက်များပါမကျန် လမ်းများပိတ်ဆို့နေသော ရန်ကုန်မြို့တော်၏ ယာဉ်ကြောကြပ်တည်းမှုသည် အဓိက လမ်းမကြီးများမှ လွဲ၍ ယခင်နှစ်များကထက် ယာဉ်ကြောပိတ်ဆို့မှု အနည်းငယ် သက်သာလာသည့် အကြောင်းကို ယာဉ်မောင်းများနှင့် ခရီးသည်အချို့၏ အမြင်များကို စုစည်းဖော်ပြအပ်ပါသည်။

“လက်ရှိယာဉ်လမ်းကြောကို ပိုချောင်စေချင်ရင်တော့ လမ်းဘေးဈေးသည်တွေကို ရှင်းရပါမယ်”
ကိုတေဇာမောင်မောင် (ခရီးသည်)

ကျွန်တော်ကတော့  လှိုင်သာယာမှာ ဆေးခန်းဖွင့်ထားတော့ စမ်းချောင်းကနေ လှိုင်သာယာကို Taxi ရော၊ လိုင်းကားရော အမြဲစီးဖြစ်ပါတယ်။ အဲဒီဘက်လမ်းတွေကျ Taxi ရော၊ လိုင်းကားရော ရောက်တဲ့ အချိန်ချင်း အတူတူလောက်ပဲ။ Taxi နဲ့မို့ ပိုမြန်သွားတယ်လို့ မရှိဘူး။ တစ်ခါတလေ လိုင်းကားကတောင် မြန်မြန်ရောက်သွားတာမျိုး။ လက်ရှိမှာ လမ်းတွေပိုချောင်လာလား ဆိုတော့ ကျွန်တော်တို့တွေဆို မချောင်သေးပါဘူး။ အရင်အတိုင်းပဲ ရှိသေးတယ်။ အထူးသဖြင့် စမ်းချောင်း၊ လှိုင်သာယာ၊ ဘုရင့်နောင်လမ်းတွေက အရင်အတိုင်းပဲ။ အဲဒီနေရာတွေမှာ အများဆုံး ယာဉ်လမ်းကြောင်းကျပ်တဲ့ နေ့တွေက တနင်္လာနဲ့ သောကြာနေ့တွေဆို ကြားရက်တွေထက် ယာဉ်လမ်းကြောင်း ပိုကျပ်လေ့ရှိတယ်။ တနင်္ဂနွေ ဆိုရင်တော့ ယာဉ်လမ်းကြောင်း အတော်လေးချောင်တယ်။

လက်ရှိ ယာဉ်လမ်းကြောကို ပိုချောင်စေချင်ရင်တော့ လမ်းဘေးဈေးသည်တွေ ရှင်းရပါမယ်။ နောက် ကျွန်တော်တို့ဘက်မှာဆို ကုန်ကားအဝင် အထွက်တွေကို ညပိုင်းမှာ ပြီးအောင် လုပ်ရပါမယ်။ သတ်မှတ်ချိန်အတွင်း ခရီးသည်တင်ယာဉ်နဲ့ ကိုယ်ပိုင်ယာဉ်မှအပ တခြားကုန်ကားတွေ၊ ကွန်တိန်နာတွေ မောင်းခွင့်မပေးသင့်ဘူး။ အဓိကကတော့ ဘုရင့်နောင်လမ်း တစ်လျှောက်မှာဆို ကွန်တိန်နာနဲ့ ကုန်တင်ကားတွေ များတယ်။ ဘုရင့်နောင် ဆိုတာကလည်း တကယ့်ဈေးကြီးလေ။ ကျွန်တော်တို့ အနေနဲ့တော့ သွားမယ့်ခရီးကို စောထွက်ရင် စောရောက်မယ်လို့ ပုံသေတွက်လို့ မရတာက ဆိုးတယ်။ ညပိုင်းကုန်ချတဲ့ ကားတွေဆို မနက် ၆ နာရီအထိ မရှင်းသေးဘူး။ ဒါကြောင့်မို့ ယာဉ်လမ်းကြောင်းတွေ အရင်ကထက် ပိုပြီး သွားရလာရ လွယ်ကူဖို့ဆို သူ့စည်းသူ့ကမ်းလေးနဲ့ ကုန်တင်ကုန်ချတာမျိုးတွေ လုပ်စေချင်ပါတယ်။

“လမ်းတွေဘာလို့ချောင်လာလဲဆိုတော့ မှတ်တိုင်တွေ လျော့လိုက်တာလဲ ပါတယ်”
ဦးချစ်ကိုကို (ခရီးသည်တင် ယာဉ်မောင်း)

အခုတစ်လောတော့ ကားတွေ အရမ်းမပိတ်ပါဘူး။ ဘာလို့လဲဆိုတော့ အခုမြို့ထဲမှာဆို သိမ်ကြီးဈေးနားက မှတ်တိုင်တို့၊ လမ်း ၃၀ နားက မှတ်တိုင်တွေ၊ နောက် လှည်းတန်းဆိုရင် မှတ်တိုင်မရှိတော့တဲ့အတွက် အရှိန်သေသွားတယ်။ အဓိကကတော့ လှည်းတန်းမှာ မီးပွိုင့်ဆင်းရင် မရပ်ရတာ တော်တော်ကောင်းသွားတယ်။ လှည်းတန်းကပိတ်ရင် ဘူတာရုံမှတ်တိုင်လောက်အထိ ဆက်တိုက်ပိတ်သွားတာမျိုး ဆိုတော့ ခုတော့ တော်တော်လေး အဆင်ပြေသွားတယ်လို့ ပြောလို့ရပါတယ်။ နောက် အရင်ဆို အဝိုင်း(ဟံသာဝတီ) နားရောက်ရင် တော်တော်ပိတ်တယ်။ အခုတော့ အရင်ကလောက် မပိတ်တော့ဘူးလို့ ခံစားရတယ်။ နောက်ပြီး အဝိုင်းမှာ ရဲထားပေးတာလည်း ကောင်းပါတယ်။

လမ်းတွေ ဘာလို့ချောင်လာလဲဆိုတော့ မှတ်တိုင်တွေ လျှော့လိုက်တာလည်း ပါတယ်။ တချို့နေရာတွေဆို မရပ်ရဘူး။ တချို့နေရာတွေဆို တင်မောင်းပဲ။ အဲဒီလိုလေးတွေ ကြပ်ကြပ်မတ်မတ် လုပ်ပေးတာကြောင့်လည်း ပါတယ်။ နောက် ကားမောင်းရတဲ့ ယာဉ်လမ်းကြောပေါ်မှာလည်း မူတည်ပါတယ်။ အရင်က ကျွန်တော်က အောက်လမ်းကြောမောင်းတာ အောက်လမ်းကြောကတော့ တော်တော်ပိတ်တယ်။ ဘုရင့်နောင်ဈေး တစ်ချက် ထောက်လိုက်ရင် သုံး၊ လေးနာရီလောက် ကြာတယ်။ ဘုရင့်နောင်ပိတ်ရင် တော်တော်ဆိုးတာ။ ဟိုနားက ဖြတ်၊ ဒီနားကဝင်နဲ့ အဲဒီလိုမျိုးတွေ ရှိတယ်။

တခြားလိုင်းကားတွေတော့ မသိဘူးပေါ့နော်။ ဒီလိုင်းကားကျတော့ သီးသန့်ပုံစံဖြစ်တယ်။ Air Con ကား ဖြစ်တဲ့အတွက် ဒီအတိုင်း ပုံမှန်လေးမောင်းရုံပဲ။ လက်ရှိ ဒီကားကတော့ အင်းစိန်လမ်းကြောကနေ မောင်းတာပေါ့။ အခုဆိုရင် စံပြကနေ ပြည်လမ်း၊ ပြည်လမ်းကနေ အင်းစိန်လမ်း၊ အဲဒီကနေ တညင်းကုန်း ဂိတ်ဆုံးပေါ့။ လမ်းကြောင်းတစ်လျှောက်မှာ ပိတ်တဲ့နေရာဆို ဖော့ကန်နားမှာ ရပ်ကားနဲ့၊ ဈေးသည်နဲ့။ ပြီးတော့ ကုန်ကားတွေနဲ့။ အဲဒီနေရာတွေတော့ တော်တော်ပိတ်တယ်။
နောက်တစ်ခုက အခုက ယာဉ်စည်းကမ်းဖောက်ဖျက်လို့ဖမ်းရင် လိုင်စင်ပိတ်လိုက်တာ ဆိုတော့ အရင်ကထက်စာရင် ယာဉ်မောင်းတွေလည်း အရမ်းမမောင်းရဲတော့ဘူးလေ။                                              

“အရမ်းယာဉ်ကြော ချောင်လာတာမျိုး မဟုက်ဘဲ အရင်ကထက်စာရင် အဖမ်းအဆီးလေးတွေ များလာလို့ ချောင်လာတာလဲ ပါတယ်”
ဦးလှိုမျိုးကျော် (အငှားယာဉ်မောင်း)

ယာဉ်လမ်းကြောင်းကတော့ ချောင်တဲ့အချိန်လည်း ရှိသလို ယာဉ်လမ်းကြောင်းကျပ်တဲ့ အချိန်လည်း ရှိပါတယ်။ အဓိကကတော့ ရုံးတက်၊ ရုံးဆင်းချိန်ဆို နည်းနည်းယာဉ်ကြောကျပ်တာပေါ့နော်။ တခြားအချိန်တွေ ဆိုရင်တော့ ပြောလောက်အောင်ကြီး မကျပ်တော့ဘူး။ ကျွန်တော်တို့ Taxi သမားတွေ အနေနဲ့ သွားလို့လာလို့ အဆင်ပြေပါတယ်။ အခုတစ်လောတော့ အရမ်းကြီး ချောင်လာတယ်လို့ မဟုတ်ပေမယ့် အရင်ကထက် စာရင်တော့ သွားလို့လာလို့ အဆင်ပြေလာပါတယ်။

ကျွန်တော်တိ Taxi တွေကျတော့လည်း အဆင်ပြေသလိုပဲ သွားရတာပေါ့။ တစ်ခါတလေကျတော့လည်း လမ်းပိတ်နေတယ်ဆို လမ်းကြိုလမ်းကြားကနေ ဖြတ်မောင်းရတာတွေလည်း ရှိတယ်။ အရမ်းယာဉ်ကြောချောင်လာတာမျိုး မဟုတ်ဘဲ အရင်ကထက်စာရင် အဖမ်းအဆီးလေးတွေ များလာလို့ ချောင်လာတာလည်း ပါတယ်။ သိသိသာသာ ချောင်သွားတာမျိုးတော့ မဟုတ်သေးဘူးဗျ။ ဥပမာ- မင်္ဂလာဈေးတို့ ဘာတို့ဆို အရင်အတိုင်းပဲ ကျပ်နေတုန်း။ အဲဒီနေရာတွေမှာတော့ ဘာမှပြောင်းလဲတာမျိုး မရှိသေးပါဘူး။

လက်ရှိယာဉ်ကြောကို အရင်ကထက်ပိုပြီး ချောင်လာစေချင်ရင်တော့ လိုင်းကားသမားတွေကို စည်းကမ်းရှိအောင် အရင်လုပ်ရမယ်လို့တော့ ထင်ပါတယ်။ တချို့ကျတော့လည်း လမ်းဖြတ်တွေဆို ဦးစားပေးတဲ့သူ ရှိသလို ဦးစားမပေးတဲ့သူတွေ ရှိတယ်။ တချို့တွေကျတော့လည်း သူတို့လမ်းမှန်တယ်ဆိုပြီး အတင်းထိုးထည့်တဲ့သူတွေ ရှိတယ်။ ဖြတ်မယ့်သူကလည်း ကားပိတ်နေတော့ မြန်မြန်ရောက်ချင်ဇောနဲ့ အတင်းဝင်တိုးမိတာတွေ ရှိတယ်။ တစ်ဖက်ကလည်း လမ်းမပေးဘူး။ အဲဒီအခါကျတော့ ယာဉ်ကြောတွေက ထပ်ပြီး မကျပ်သင့်ဘဲကျပ်ပြီး အချိန်ကုန်သွားတာမျိုးတွေ အဖြစ်များတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့ မောင်းမယ်ဆိုရင်တော့ အရင်ကထက် လမ်းတွေပိုချောင်လာမယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ Taxi သမားတွေကတော့ လိုင်းကားသမားတွေထက်စာရင် ခရီးသည်သွားမယ့်လမ်းကို မသွားခင် ဘယ်လမ်းကသွားရင် လမ်းကြောပိုချောင်တယ် ဆိုပြီး စဉ်းစားမောင်းရတာမျိုးလေးတွေ အားသာချက် ရှိပါတယ်။

ယာဉ်လမ်းကြောင်းတွေ အရင်ကထက် ပိုချောင်ဖို့ ဆိုရင်တော့ လိုင်းကားသမားတွေကို ထိန်းချူပ်လိုက်မယ်ဆို အရင်ကထက် လမ်းကြောတွေအများကြီး ပိုချောင်လာနိုင်ပါတယ်။ ဥပမာ- BRT လို ယာဉ်လိုင်းမျိုးတွေ များများပေါ်လာမယ်ဆို ယာဉ်လမ်းကြောင်းတွေ အရင်ကထက် ပိုချောင်လာနိုင်ပါတယ်။

ခိုင်ချယ်ရီထွန်း