News

POST TYPE

POPULAR POST

Distinct Trading မော်တော်ယာဉ်တင်သွင်း ရောင်းချသည့်ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးထွဋ်ထိပ်နှင့်တွေ့ဆုံခြင်း
17-Oct-2017 tagged as

ယခုထွက်ရှိလာသော မော်တော်ယာဉ်မူဝါဒကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကားဈေးကွက် အခြေအနေ၊ ဈေးနှုန်း အခြေအနေများနှင့် ယင်းမူဝါဒ ပြောင်းလဲခြင်းကြောင့် စားသုံးသူများအပေါ် သက်ရောက်နိုင်ခြေများကို The Voice က တွေ့ဆုံမေးမြန်းထားသည်ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : အခုထွက်လာတဲ့ မူဝါဒနဲ့ပတ်သက်ပြီး အရင်ဆုံး ပြောပေးပါဦး။
UHH : အခုမူဝါဒကတော့ ၂၀၁၈ မှာ ညာမောင်းတွေ ပေးမသွင်းတော့ဘူး။ ဘယ်မောင်းတွေပဲ ပေးသွင်းတော့မယ်။ ၂၀၁၄ ကနေပြီးတော့ Brand New 2018 အထိ ပေးသွင်းမယ်ပေါ့။ အဲဒါ အခု အတည် ဖြစ်သွားပြီ။ တရားဝင် စာထွက်လာပြီ။ 

Voice : မူဝါဒသစ်နဲ့ပတ်သက်ပြီး လုပ်ငန်းရှင် တစ်ယောက်အနေနဲ့ အစ်ကို့အမြင်လေးကို သိချင်ပါတယ်။
UHH : လုပ်ငန်းရှင်တစ်ယောက်အမြင်နဲ့ ပြောရမယ်ဆိုရင် ဒါကတော့ အဓိက သူတို့ပြောင်းလဲရတဲ့ အကြောင်းအရင်းက မြန်မာပြည်ရဲ့ လမ်းကြော အနေအထားအရ ဘယ်မောင်းနဲ့ ပိုပြီး သင့်တော်တယ်၊ ပိုပြီးကိုက်ညီတယ်ဆိုပြီး ပြောင်းလိုက်တာပေါ့။ ပြောင်းတယ်ဆိုတော့ တစ်ချက်ပဲပေါ့။ ပြောင်းတာ အဆင်သင့်ဖြစ်ပြီလား၊ အဆင်သင့် ဖြစ်ပြီလား၊ မဖြစ်သေးဘူးလားပေါ့။ ဒါတော့ တစ်ချက်လေး ထည့်ပြီး စဉ်းစားပေးရင်တော့လည်း ပိုပြီးတော့ ကောင်းတာပေါ့။ အဆင်သင့်ဖြစ်တာဆိုတာက အဓိက ပြည်သူတွေ အဆင်သင့်ဖြစ်ပြီလားပေါ့။ အဲဒါကို ပြောတာပါ။  လက်ရှိပြည်သူတွေ အစီးများတာက ညာမောင်းတွေ အစီးများတယ်။ တန်ဖိုး မများဘူးပေါ့။ သိန်းတစ်ရာနဲ့ နှစ်ရာကြားကားပေါ့။ နှစ်ရာဝန်းကျင်ကားလို့လည်း ပြောလို့ရတာပေါ့။ ကားဈေး တက်သွားတော့ အဲလို တစ်ရာနဲ့ နှစ်ရာကြားက အစားထိုးစရာ ဘယ်မောင်းကားက အဆင်သင့်ဖြစ်ပြီလား ဆိုတာကိုရော သက်ဆိုင်ရာက ဆုံးဖြတ်ထားတာ ရှိလား၊ မရှိလား။ ဒါတော့ အစ်ကိုလည်း မပြောတတ်ဘူးပေါ့။ ဒါတော့ အစ်ကို့ တစ်ယောက်တည်းရဲ့ အမြင်အရဆိုတော့ ဒါမျိုးသူတို့ အစားထိုးစရာ ကားလေးတွေ အဆင်သင့် ရှိတော့မှ ပြောင်းတာကတော့ အပြောင်းအလဲက ပိုပြီးတော့ ညင်သာမယ်လို့ မြင်ပါတယ်။ 

Voice : ဒီဈေးကွက်က ညာမောင်း ကြိုက်တာဆိုတော့ အခုအနေအထားအရ ဈေးကွက် အရောင်းအဝယ်က ဘယ်လို ပြောင်းသွားမလဲ။
UHH : လောလောဆယ်ကတော့ မြန်မာပြည်မှာ ဟိုးအရင်ကတည်းက အရိုးစွဲနေတာက ညာမောင်းပေါ့။ တချို့လူတွေကတော့ ဘယ်မောင်းကားဆို လုံးဝ မမောင်းတတ်ဘူး။ လမ်းပေါ်မှာ ညာမောင်း အနေနဲ့ပဲ  မောင်းလာတာဆိုတော့ မောင်းရတာ အခက်အခဲရှိတယ်။ အခုလို ညာမောင်းကားတွေလည်း ထပ်ပြီး သွင်းလို့မရတော့ဘူးဆိုတော့ ညာမောင်းကားဈေးကတော့ အနည်းနဲ့အများ တက်သွားမှာပေါ့။ အဲဒါတော့ ကျိန်းသေတယ်။ 

Voice : အစိုးရပိုင်းက ပြောနေကြတဲ့ Safety ပိုင်းဆိုတာက ဒီလို ဘယ်မောင်း ပြောင်းလိုက်တာနဲ့ လုံခြုံသွားနိုင်မှာလား။
UHH : အစ်ကို့အမြင်အရတော့ သာမန်ပြည်သူ တစ်ယောက်အနေနဲ့ ပြောရရင် သုံးချက်ရှိပါတယ်။ လမ်းကြောအရ Safety ပိုင်းကတော့ နံပါတ်တစ်ပဲ။ အဲဒါ တစ်အချက်ပေါ့။ သူတို့(အစိုးရ)ရဲ့ အကြောင်းပြချက်လည်း ဖြစ်ချင်ဖြစ်မယ်။ ဘယ်မောင်း ပြောင်းလိုက်ရတဲ့ အကြောင်းပြချက်ပေါ့။ နောက်တစ်ချက်က ဘာရှိမလဲဆိုတော့ ဒါက အဓိက ရန်ကုန်မှာ ကားကျပ်တာ။ ရန်ကုန်မှာ ကားအရမ်း ကျပ်တော့ အဓိက ဝင်တာက ဂျပန်က ညာမောင်းကားတွေ များတော့ ဒါကို ကန့်သတ်ချင်လို့ ကားအရမ်း ပိတ်တဲ့ပြဿနာကို ဖြေရှင်းချင်လို့ လတ်တလောက မဖြေရှင်းတောင်မှ  လမ်းမပိတ်အောင်ဆိုတာ ဝင်လာမယ့်ကားတွေ မရှိတော့ဘူးဆိုရင် ထပ်မပိတ်တော့ဘူးပေါ့။ အဲဒါကြောင့်လည်း ပါမယ်လို့ထင်တယ်။ တတိယ အချက်ကတော့ ဒါဖြစ်နိုင်ခြေ ပိုများတဲ့ဟာက ပြည်တွင်းမှာထုတ်မယ့် Brand New ကား ဘယ်ကိုင်း (ဘယ်မောင်း) တွေကို ဦးစားပေးချင်တယ်။ ပြည်တွင်း စက်မှုလုပ်ငန်းနဲ့ တိုးတက်လာမယ်။ ပြည်တွင်းက လူတွေလည်း အလုပ်အကိုင် အခွင့်အလမ်း ရလာမယ်ပေါ့။ အရမ်းစက်ရုံတွေ ဖွံ့ဖြိုးလာတဲ့တစ်နေ့ပေါ့။ အဲလိုဖြစ်အောင်လို့ ဒီ ဈေးကွက်မှာ နေရာယူနေတဲ့ကားတွေကို လုံးဝ ရပ်ပစ်လိုက်တာ ဖြစ်ဖို့များတယ်။ ဒါက သုံးအချက် ပေါ့။ အဲဒါကြောင့် Safety ပိုင်းတစ်ခုနဲ့တော့ မကဘူး။

Voice : ဒီအချိန် ကားဝယ်သင့်လား။
UHH : ဒါကတော့ နှစ်ပိုင်းရှိတယ်။ လက်ရှိ ဂျပန်ကားညာမောင်းတွေ လက်ဝယ်ရှိတဲ့လူပေါ့။ အကယ်၍ သူတို့ကား ရောင်းချင်တယ်ဆိုရင်တော့ နည်းနည်းတော့ ဈေးကွက် အနေအထားလေးတော့ နားစွင့်ဖို့ လိုမယ်။ ဈေးကွက်က နည်းနည်း တက်ရိပ်ပြနေတာကိုး။ ဒါတစ်ပိုင်းပေါ့။ ဒါက ကားရှိနေတဲ့လူပေါ့။ ကား မရှိသေးဘူး။ ကားဝယ်ဖို့ ပိုက်ဆံကတော့ ရှိတယ်။ ဝယ်သင့်လား၊ ကျမှာလား၊ တက်မှာလား ဆိုတာကျတော့ ကိုယ်ဘာကား ဝယ်မလဲနဲ့ပဲ ဆုံးဖြတ်ပြီးတော့မှ ဒီဂျပန်ကားလေးတွေပဲ ဝယ်မလား။ ညာကိုင်းပဲ ဝယ်မယ်ဆိုရင်တော့ ဈေးလည်း သင့်တင့်တဲ့ ကားလေး၊ စိတ်တိုင်းကျတဲ့ ကားလေးတွေ့ရင် ဝယ်လိုက်တာ မမှားဘူးလို့ ထင်တယ်။ ဝယ်ထားလိုက်တာ မမှားဘူး။

Voice : အခုထုတ်ပြန်ချက် ထွက်လာပြီး နာရီပိုင်းအတွင်းမှာရော ကားဈေးကွက် အခြေအနေ ဘာကြားသေးလဲ။ အပြောင်းအလဲရှိလား။ 
UHH : ဒီသတင်းကတော့ လွန်ခဲ့တဲ့ နှစ်ရက်၊ သုံးရက်လောက်တည်းက ကျယ်ကျယ်ပြန့်ပြန့် ထွက်နေတာဆိုတော့ အဲဒီအတိုင်းပဲ ဖြစ်လာတယ်။ ဖြစ်လာ တော့ အကျိုးဆက်ကတော့ ကားဟောင်းအပ် စလစ် ဈေးလည်း တက်လာတယ်။ ပြီးတော့ ပြည်တွင်းက ကားတွေလည်း ဈေးပိုခေါ်တယ်။ တချို့လည်း ဈေးပို မခေါ်ရင်တောင်မှ အများကြီးမလျှော့ပေးတော့ဘူး။  ဒါလည်း သဘောတရားက အတူတူပဲပေါ့။ အနည်းနဲ့ အများတော့ ဈေးမာသွားတယ်ပေါ့။ 

Voice : ဘယ်မောင်းပဲ သွင်းရတော့မယ်ဆိုတော့ ညာမောင်းကားတွေ ဈေးဆောင့်တက်တာတွေ ဖြစ်နိုင်လား။ 
UHH : ဈေးကတော့ အတိုင်းအတာ တစ်ခုအထိ တက်မယ်ဆိုပေမယ့် ရုပ်ပျက် ဆင်းပျက်ကြီးတော့ မတက်နိုင်ဘူး။ ဥပမာ သိန်း ၁၅၀ နဲ့ ရောင်းနေတဲ့ ကားတစ်စီးက သိန်း ၃၀ဝ တော့ မဖြစ်နိုင်ဘူး။ အဲလောက်ထိ တက်သွားစရာ အကြောင်းမရှိဘူး။ အလွန်ဆုံး ၁၇၀ ဖြစ်ရင်ဖြစ်မယ်။ ၁၈၀ ဖြစ်ရင်ဖြစ် မယ်။ အဲလောက်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဈေးကွက် ထဲမှာကလည်း ရောင်းချင်တဲ့ကားတွေကလည်း အများကြီး။ Showroom တွေမှာလည်း ကားတွေ အများကြီး။ ပြီးတော့ နံပါတ်ထွက်ပြီးသား ကားတွေလည်း အများကြီး ရှိနေတော့။ ပြီးတော့ တိုင်းပြည်ရဲ့ စီးပွားရေးကလည်း အရမ်းကြီး ကောင်းတာ မဟုတ်တော့ ကားဝယ်စီးမယ်ဆိုတဲ့ Demand ကလည်း အရမ်းကြီးရှိမှာ မဟုတ်ဘူး။ ဒီလူဒီလူတွေသာ လှည့်ပတ်ပြီးတော့ ကိုယ့်ရှိတဲ့ကားလေးကို ရောင်း၊ အသစ်လေး ဝယ်၊ ဒါမှမဟုတ် အဲလိုပဲ လှည့်ပတ်တာက များတော့ အရမ်းကြီးတော့လည်း ဈေးရုပ်ပျက်ဆင်းပျက်ကြီး တက်သွားမယ်လို့တော့ မထင်ဘူး။ ဒါပေမဲ့ အတိုင်းတာ တစ်ခုအထိတော့ ဈေးလေး မြင့်သွားမယ်။ 

Voice : အခုကားဈေး မြင့်နေတာက CIF (ဆိပ် ကမ်းရောက်တန်ဖိုး) ကြောင့်ပေါ့နော်။ အဲ့ဒါလျှော့ပေးရင်ရော ကားဈေးကျနိုင်လား။ 
UHH : ကားဈေးတက်တာ အခွန်ကြောင့် လည်းပါတယ်။ CIF တစ်ခုတည်းအတွက်ကြောင့် တော့ မဟုတ်ဘူး။ ကောက်တဲ့အခွန်ရာခိုင်နှုန်း ပြောင်းလိုက်တာလည်းပါတယ်။ Income Tax လိုမျိုး ကောက်တဲ့ဟာကြောင့်လည်း ပါတယ်။ ကားမော်ဒယ်လ် မြင့်သွားတာကြောင့်လည်း ပါတယ်။ အရင်ကဆိုရင် ၂၀ဝ၆ မော်ဒယ်လ်ကား တစ်စီးဆို မော်ဒယ်လ်လည်း နိမ့်တော့ အခွန်လည်း သက်သာတယ်။ အခုက မော်ဒယ်လ် အနိမ့်ဆုံးတောင် ၂၀၁၁ ဆိုတော့ ၂၀၁၁ မော်ဒယ်လ်ရဲ့ အခွန်ကလည်း များသွားသလို သူ့ရဲ့ ပင်ကိုယ်ကားတန်ဖိုးကလည်း များသွားတာပေါ့။ အဲဒါကြောင့်လည်း ပါသွားမှာပေါ့။

Voice : အခွန်လျှော့ပေးရင်ရော ဘယ်မောင်း ကားတွေ ဈေးကျနိုင်လား။
UHH : အခွန်လျှော့ပေးမယ်ဆိုရင်ရော ဘယ်မောင်းဘယ်ကားတွေကိုလဲပေါ့။ တစ်ကမ္ဘာလုံးမှာ ဈေးပေါပြီး ကားအနေအထား ကောင်းပြီးတော Grade လည်းပြည့်တာ ဂျပန်ပေါ့။ ဒါကြောင့်လည်း  သူတို့က တစ်ကမ္ဘာလုံးကို ကားရောင်းပြီးတော့ ဒီအတိုင်း သူတို့ရပ်တည်နိုင်တာပေါ့။ ဘယ်မောင်း ပင်ကိုကားကလည်း ရှေ့နှစ်မှာ အနိမ့်ဆုံးက ၂၀၁၄ ဖြစ်သွားမယ်။ ၂၀၁၄ မော်ဒယ်လ်ပင်ကိုကားတစ်စီးရဲ့ တန်ဖိုးကလည်း အရမ်းမပေါတော့ဘူး။  နိုင်ငံတော်အနေနဲ့လည်း အခွန်ချပေးဖို့ ဆိုတာကတော့ အစ်ကို့အမြင် အနေနဲ့ကတော့ သိပ်ပြီးမမြင်ဘူး။  ဘာဖြစ်လို့လဲဆိုတော့ သူတို့ ဒီကားတင်သွင်းမှုကို အရမ်းကြီး ကန့်သတ်ချင်တဲ့ အနေအထားရှိတဲ့ အတွက် ချပေးဖို့တော့ မမြင်မိဘူး။ ဒါပေမဲ့ တစ်ခုရှိတာက ပြည်တွင်းစက်မှုလုပ်ငန်း အားပေးချင်တယ် ဆိုရင်တော့ သူတို့ ပြည်တွင်းထုတ်ကားတွေကိုတော့ အခွန်လျှော့ပေါ့ပေးတာ၊ အခွင့်အရေး ပေးတာတွေ လုပ်ကောင်း လုပ်နိုင်တယ်။ 

Voice : အခုလက်ရှိ ပြည်တွင်းထုတ် ကားတွေ အပေါ်မှာရော ဘယ်လိုမြင်လဲ။
UHH : အဲလိုတော့ မှတ်ချက် မပေးချင်ဘူး။ ဒါပေမဲ့ ဘယ် Level လဲ၊ ဘယ်လိုအမျိုးအစားကားလဲ။ ဥပမာအနေနဲ့ ပြောရင် ဟွန်ဒါဖစ် GE 6 ပေါ့။ အကုန်လုံး သိတယ်။ အခုမှသာ ဈေးတွေ တက်ကုန်တာ။ လွန်ခဲ့တဲ့ ၂ နှစ်ကဆို သိန်း ၁၀ဝ ဝန်းကျင်၊ သိန်း ၁၀ဝ အောက်နဲ့ ရတယ်။ အဲကားလေးက စီးလို့လည်း ကောင်းတယ်။ ပြန်ရောင်းလို့လည်း လွယ်တယ်။ ပစ္စည်းတင်လို့လည်း ရတယ်။ အပိုပစ္စည်းလည်း ပေါတယ်။ ကြိုက်တဲ့ ဝပ်ရှော့ထိုး၊ လူတိုင်း ပြင်တတ်တယ်။ အဲလိုကားပေါ့။ အဲလို GE 6 နဲ့ အလားသဏ္ဌာန်တူ သိန်း ၁၀ဝ ဝန်းကျင်နဲ့ရမယ့် ဘယ်မောင်းကား ရှိပြီလား။ ဒါစဉ်းစားစရာပေါ့။ မရှိသေးဘူးဆိုရင်တော့ အဲအချက်ကို နိုင်ငံတော်က ဘယ်လို ဖြည့်ဆည်းပေးမှာလဲ။ ကားကုမ္ပဏီတွေကရော ဘယ်လို ဖြည့်ပေးမှာလဲ။ ကားရဲ့ ဂရိတ်ရော၊ ကွာလတီပိုင်းရော၊ ဈေးနှုန်းပိုင်းရောပေါ့။ အဲဒါတွေအားလုံး ဂျပန်ကားကို အစားထိုးမယ့်ဟာ ရယ်ဒီဖြစ်ပြီလားပေါ့။ အဲဒါလေးတော့ ပြန်စဉ်းစားဖို့ လိုလိမ့်မယ်။ 

Voice : အဲဒါဆို အစ်ကို ပြောချင်တာတွေကို ခြုံပြီးကောက်ကြည့်ရရင် ဘယ်မောင်းပဲသွင်းခိုင်းတာက သွင်းခိုင်းပေါ့။ အဲဒါနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ဘာတွေ ပြင်ဆင်ထားသလဲဆိုတာပေါ့။
UHH : ဟုတ်တယ်။ အဲဒါလေးနဲ့ပတ်သက်ပြီးတော့ အစ်ကို နည်းနည်း မေးခွန်းထုတ်ချင်တယ်။ အဲဒါလေးနဲ့ပတ်သက်ပြီး နည်းနည်း အားမရလိုက်ဘူး။ ဒါက ဘယ်သူ့ဘယ်သူရယ်လို့ စော်ကားပြီး ပြောတာ မဟုတ်ဘူး။ ဒါကတော့ အစ်ကို့အမြင်ကို ပြောတာပေါ့။ ငါ ပြောင်းမယ်။ ဟုတ်ပြီ။ ငါတို့ လမ်းကြော အနေအထားအရ ငါတို့ ပြောင်းသင့်တယ်။ ပြောင်း၊ ပြောင်းဆိုတာနဲ့ ဒါက ကလေးတောင် စဉ်းစားတတ်တယ်။ ဒါကတော့ ပညာမပါဘူး။ ဒီလောက်နဲ့တော့ တက်မလာနဲ့ပေါ့။ ဟုတ်ပြီ ငါတို့ ဒီလိုပြောင်းရင် ဘာနောက်ဆက်တွဲ ဖြစ်လာမလဲ။ ဖြစ်လာတဲ့ဟာကို ငါတို့ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ Long Term ကို အမြော်အမြင် ရှိမှရမှာ။ ဒါ Policy Maker အဆင့်ပေါ့။ နိုင်ငံတော်အဆင့်ပေါ့။ ဒါက အစ်ကိုတို့လို သာမန်ပြည်သူ တစ်ယောက်ကတောင် ဒီလိုမျိုးပြောနိုင်ရင် သူတို့အနေနဲ့ အစ်ကိုတို့ထက် အဆတစ်ရာလောက် ဉာဏ် ပြေးရမယ်။ လမ်းကြောနဲ့ မကိုက်ညီဘူး။ ဟုတ်လား။  ပြောင်းလိုက်ရမလား။ ပြောင်းလိုက်။ ဒါကတော့ ကလေးအဆင့်။ ဒါလောက်နဲ့ တက်မလာနဲ့။ အများ ကြီးမြင်ပေးရမယ်။ ပြည်သူတွေ ဘယ်လောက်ကား တွေ စီးကြပြီလဲ။ ဥပမာ သိန်း ၁၀ဝ တန်ကားလေးတွေ စီးတယ်။ ထားပါဦး ခွေးဘီလူးလေးတွေ ဥပမာ သိန်း ၇၀၊ ၈၀။ အရင်ကဈေးပြောတာနော်။ အခုဆို ၁၀ဝ ကျော်လောက်ဖြစ်သွားပြီ။ ဟုတ်ပြီ။ ခွေးဘီလူးလေး ၂၀ဝ၆၊ ၂၀ဝ၇ မော်ဒယ်လ်လေးကို သိန်း ၁၀ဝ လောက်နဲ့တောင် မဝယ်တာ။ ငါတို့ Brand New ကားလေးတွေကို ဘာလို့ မဝယ်တာလဲ ပြန်စဉ်းစား။ သက်ဆိုင်ရာ လူကြီးတွေကို မေးခွန်း ပြန်ထုတ်ရမယ်။ ငါတို့ပြည်တွင်းက ထုတ်တဲ့ကားတွေက ဘာတွေ အားနည်းနေလို့လဲ။ အဲအတွက် ငါတို့ ဘယ်လို စိစစ်ပေးမလဲ။ ကြီးကြပ်ပေးမလဲ။ ငါတို့ဘယ်လို ဝိုင်းကူညီပေးမလဲ။ ဒါမျိုး မရှိဘဲနဲ့။ အာ လမ်းကြောနဲ့ မညီဘူး။ ပြောင်းလိုက်ဆိုတာနဲ့တော့ အစ်ကိုတော့ လုံးဝ အားမရဘူး။ 

Voice : ဘယ်မောင်းပဲ သွင်းရတော့မယ်လို့ ပြောင်းလိုက်တော့ စားသုံးသူတွေ အတွက်ရော ဘယ်လို ပြောင်းလဲသွားနိုင်ခြေရှိလဲ။
UHH : နောက် သုံး၊ လေးနှစ်လောက်ဆိုရင်တော့ Trend ကတော့ လိုက်ပြောင်းသွားလိမ့်မယ်။ ဟိုး အရင်ကားတွေ ပေးမသွင်းခင် အရင်ခေတ်က ကားဆိုတာ တကယ့် ဆရာကြီးပဲလေ။ ကားဈေးက သိန်း ထောင်နဲ့ချီတာ။ အဲတုန်းက ကားဟောင်းတွေက အပ်ပြီး ကားသစ်တွေ ပေးသွင်းတဲ့အချိန်မှာ Trend က ပြောင်းသွားတယ်။ ကားဈေးတွေ ကျလာတယ်။  တစ်ခါထပ်ပြီးတော့ ကားတွေပေးသွင်းလိုက်တဲ့အခါမှာ ၁၃၀ဝ စီစီဆိုပြီးတော့ ဖြစ်သွားတယ်။ အဲလိုပဲ ခေတ်က အမျိုးမျိုး ပြောင်းနေတယ်။ အခုလည်း အခု မသိသာသေးပေမယ့် နောက် သုံး၊ လေးနှစ်လောက် ဆိုရင် ဘယ်မောင်းက အသားကျသွားရင်တော့ ဘယ်မောင်းဈေးကွက် ဖြစ်သွားလိမ့်မယ်လို့မြင်တယ်။ ဒါက လက်မခံလို့လည်း မရတော့ဘူးလေ။ အဲဒီအခါကျရင် ၂၀၂၂ လောက်ဆိုရင် ညာမောင်းကားတွေက မော်ဒယ်လ်အရမ်းနိမ့်သွားပြီ။ အခုအကူးအပြောင်း ကာလမှာတော့ ပြည်သူတွေနည်းနည်းလေး အကျပ် အတည်းဖြစ်မယ်။ ကားဝယ်စီးဖို့ ပိုက်ဆံစုတဲ့သူတွေ  ပိုက်ဆံတွေပြည့်ပြီဆိုမှ အခုဝယ်လို့ မရတော့တဲ့ အဖြစ်မျိုးတွေ ဖြစ်လိမ့်မယ်။ အဲဒါကြောင့် အစ်ကို ဘယ်မောင်း ပြောင်းတာကို အားမပေးဘူးမဟုတ်ဘူး။ အားပေးတယ်။ ပြောင်းသင့်ပြီလား၊ ကိုယ့်ဘက်က ရယ်ဒီဖြစ်ပြီလား။ အစားထိုးစရာမရှိဘဲနဲ့ ပြောင်းလိုက်တာဆိုရင်တော့ အစ်ကိုအားမရဘူး။ 

Voice : အခုအပြောင်းအလဲက ကားဈေးကွက်အတွက် ၂၀၁၀-၁၁ လောက်ကလိုမျိုး အပြောင်းအလဲ ကြီးကြီးမားမားလို့ ပြောလို့ရမလား။
UHH : ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂျပန်ကားတွေ အတွက်ကတော့ လုံးဝ တစ်ခန်းရပ်သွားတာ ဆိုတော့လေ။ အစ်ကိုတို့ မမွေးခင်လောက်တည်းက ကျင်လည်လာတာက ဂျပန်ကားညာမောင်းတွေလေ။ အခုဆိုရင်တောင် ဂျပန်ကား ဥရောပဘက်ကို ဖြန့်နေတဲ့ ဘယ်မောင်းတွေတော့ ရှိပါတယ်။ အဲလို မဟုတ်ဘူး။ ဒါပေမဲ့ အစ်ကိုတို့က ဂျပန်ရဲ့ ပြည်တွင်းထုတ် ညာမောင်းကားတွေကို ရင်းနှီးတာ။ အဲ့ကားတွေက လုံးဝဆုံးခန်းတိုင်သွားပြီဆိုတော့ ဒါက ကားလောကရဲ့ ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုလို့ပဲ သုံးသပ်လို့ရပါတယ်။ 

Voice : ညာမောင်းပဲ သွင်းရောင်းတဲ့ ကား အရောင်းစင်တာအတွက်ကရော ဘယ်လိုပြောင်းလဲ သွားနိုင်လဲ။
UHH : သူတို့လည်း ပါတာပေါ့။ သူတို့လည်း လာမယ့်နှစ်ကစပြီး ဘယ်မောင်းပဲသွင်းရတော့မှာပေါ့။  အဲခါကျရင် စဉ်းစားရမှာက ကိုရီးယားတို့၊ တရုတ်ကားတို့ သွားမလား။ ဆော်ဒီအာရေဗီးယားတို့၊ ယူအေအီးတို့ဘက်ပဲ သွားမလား။ အနောက်နိုင်ငံတွေဘက်ပဲ သွားမလားပေါ့။ အဲဒီဘက်က ကားတွေကို အစားထိုးပြီး ပြန်ရောင်းကြမှာပေါ့။ ဈေးကွက်ကတော့ အခုလို တွင်ကျယ်ချင်မှ တွင်ကျယ်မယ်ဆိုပေမယ့် သူ့ဘာသူတော့ အပြောင်းအလဲ တစ်ခုလိုတော့ ပြောင်းလဲသွားမှာပေါ့။ အရေအတွက်တော့ များချင်မှများမယ်။ 

Voice : ဒီအပြောင်းအလဲက စားသုံးသူတွေအတွက် ကောင်းတဲ့ အပြောင်းအလဲလား။
UHH : ဘယ်မောင်းက ပြောင်းတော့ ပြောင်းရမယ်။ ဒါပေမဲ့ အခု အပြောင်းအလဲက ရယ်ဒီမဖြစ်သေးဘဲ ပြောင်းလိုက်တဲ့ အပြောင်းအလဲလို့ မြင်တယ်။ ဒါပေမဲ့ ရယ်ဒီမဖြစ်သေးဘူးလားဆိုတော့ ၂၀၁၅ ခုနှစ်လောက်တည်းက အစ်ကို ခဏခဏ ပြောတယ်။ နောက်ထပ် ၂ နှစ်၊ သုံးနှစ်လောက် အချိန်ပေးခဲ့ပါ။ ပြည်သူတွေ အဆင်သင့် မဖြစ်သေးပါဘူး။ အဲတုန်းကလည်း ဟွန်ဒါဖစ်နဲ့ပဲ ဥပမာ ပေးခဲ့တယ်။ အဲတုန်းကဆို ပိုဆိုးတယ်။ Ertiga တောင် မရှိတော့။ Brand New ကားတွေမှာလည်း မာစီဒီးတို့ BMW ပဲ ရှိတဲ့အချိန်ဆိုတော့ ဈေးအရမ်းကြီးတယ်။ အဲလိုပဲ အခုလိုပဲ ပြောခဲ့တယ်။ အခုလည်း ၂ နှစ်သာကြာသွားတယ်။ အစား ထိုးစရာက ဟုတ်တိပတ်တိ မပေါ်လာဘဲနဲ့ ပြောင်းတော့ ပြောင်းသွားတယ်။ ထပ်ပြီးတော့ Extension  ထပ်ပေးပါလို့လည်း မပြောချင်တော့ဘူး။ ကောင်းတဲ့ အပြောင်းအလဲလား၊ ဆိုးတဲ့ အပြောင်းအလဲလား ဆိုတာတော့ ကောင်းတယ် ဆိုးတယ်ဆိုတာထက် အားရလား အားမရဘူးလား ဆိုတော့ ထင်သလောက်တော့ အားမရဘူး။ ပြောင်းတာတော့ ပြောင်းရမယ်ဆိုတာ သိတယ်။ ဒီလို ပြောင်းလိုက်လို့ နောက်ဆက်တွဲ ဘာတွေ ဖြစ်လာနိုင်လဲ ဆိုတာလဲရယ်၊ ပြည်သူတွေ အဆင်ပြေမလားရယ် ကြိုတင်ပြီး ဖြည့်ထားရင်တော့ ပိုပြီးအားရမိမယ်။ အခုကတော့ အားအရမ်းမရလိုက်ဘူး။ မရလိုက်ဘူးဆိုတာ အထက်မှာ ပြောခဲ့တဲအတိုင်းပေါ့။   

Voice : လက်ရှိ ကားဈေးကွက် အခြေအနေက ဘယ်လိုရှိလဲ။
UHH : လက်ရှိကတော့ တချို့က ဈေးပိုခေါ်ကြတယ်။ တချို့က ဈေးမလျှော့ပေးကြတော့ဘူး။ အဲဒီလောက်ပါပဲ။ ဈေးကတော့ အတက်ဘက်ပဲ သွားနေတာဆိုတော့ အခုဆို ပိုသေချာသွားပြီပေါ့။

Voice : အခုမူဝါဒ အပြောင်းအလဲနဲ့ ပတ်သက်ပြီးတော့ ဘာများ မှတ်ချက်ပေးချင်တာများ ရှိဦးမလဲ။
UHH : အဓိကကတော့ ပြည်သူတွေပါပဲ။ အခုချိန်မှာ အရောင်းမှား၊ အဝယ်မှား မဖြစ်ဖို့တော့ လိုမယ်လို့ ထင်တယ်။ အရောင်းမှားဆိုတာကျတော့ လက်ရှိ ပေါ်လစီ အနေအထားအရ ဈေးကွက် အနေအထားကို မသိဘဲနဲ့ ငါဒီလောက်ပဲ မြတ်နေတာပဲ။ အရင်းရနေတာပဲဆိုပြီးတော့ ရောင်းတတ်ကြတယ်လေ။ ဈေးကွက်မှာ ဘယ်လောက် တန်ကြေးရှိနေမှန်းမသိဘဲနဲ့ ရောင်းတတ်ကြတယ်လေ။ တချို့ကျတော့လည်း တက်တော့မယ်၊ တက်တော့မယ်ဆိုပြီးတော့ အမြင့်ဈေးကြီးနဲ့ ကောက်ဝယ်လိုက်တာမျိုးလည်း မဖြစ်စေချင်ဘူး။ ရောင်းတာပဲဖြစ်ဖြစ်၊ ဝယ်တာပဲဖြစ်ဖြစ် အွန်လိုင်းမှာပဲ ဖြစ်ဖြစ်၊ သိတဲ့ တတ်တဲ့သူတွေကိုပဲဖြစ်ဖြစ် တိုင်ပင်ကြပါလို့ အကြံပေးချင်တယ်။

ဟိန်းမြတ်စိုး

  • TAGS