News

POST TYPE

POPULAR POST

ACE ကုမ္ပဏီတွင် တွေ့ရသော National Security Agency တံဆိပ်မှာ လုံခြုံရေး ကုမ္ပဏီ ထောင်ရန်ဟု ရဲမှူးကြီး ပြောကြား
16-Oct-2017 tagged as


ရန်ကုန်၊အောက်တိုဘာ ၁၆

အားကစားဝန်ကြီးဟောင်း၏သား ဦးဖြိုးကိုကိုတင့်ဆန်းနှင့် ACE ကုမ္ပဏီတွင် တွေ့ရှိသော NSA (National Security Agency) တံဆိပ်ပါ ကားများနှင့် အင်္ကျီ၊ တံဆိပ်ပြားနှင့် စတစ်ကာများမှာ လုံခြုံရေး ကုမ္မဏီထောင်ရန် ပြုလုပ်ထားသည်ဟု သိရှိရကြောင်း နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က The Voice သို့ ပြောကြားသည်။

“NSA ဆိုတာ သူတို့ဘာသာ လုံခြုံရေးကုမ္ပဏီ ထောင်ဖို့ လုပ်ထားတဲ့တံဆိပ်လို့ သိရတယ်။ တရားမဝင်ပါဘူး၊ ဒီအဖွဲ့အစည်း တည်ထောင်ဖို့ သက်ဆိုင်ရာကို တင်ပြထားတာလဲ မရှိဘူး။ သူ့ဘာသာ စိတ်ကြိုက် ဒီဇိုင်းဆွဲပြီး လုပ်ထားတာ ဖြစ်မယ်။”ဟု ၎င်းက ရှင်းပြသည်။

အောက်တိုဘာလ ၁၅ ရက် ညပိုင်းက နေပြည်တော်မှ ရန်ကုန်သို့ MNA လေကြောင်းလိုင်းဖြင့် လိုက်ပါမည့် ဝန်ကြီးဟောင်း၏သား ဦးဖြိုးကိုကိုတင့်ဆန်းနှင့် ဦးရဲမင်းဆွေ၊ ဦးဇော်ဝင်းထိုက်တို့၏ ခရီးဆောင်အိတ်များကိုစစ်ဆေးရာ ဦးဖြိုးကိုကိုတင့်ဆန်း၏ ခရီးဆောင်အိတ်ထဲမှ WY စာတမ်းပါ စိတ်ကြွဆေးပြား ၁၂ ပြား၊ အိုက်စ်အချို့နှင့် ၉ မမ ပစ္စတို သေနတ် ၂ လက်၊ ကျည် ၇၂ တောင့်၊ ကျည်အိမ် ၂ ခု၊ ဆက်သွယ်ရေးစက် ၃ လုံးနှင့် ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။

ယင်းသို့ တွေ့ရှိပြီးနောက် ဦးဖြိုးကိုကိုတင့်ဆန်းထံမှ ပိုင်ဆိုင်သည့် နေပြည်တော် ACE ဟိုတယ်ကို ရှာဖွေခဲ့ရာ ဦးဖြိုးကိုကိုတင့်ဆန်း၏ အခန်းအတွင်း သံဘီဒိုထဲမှ ပစ္စတိုသေနတ် ၅ လက်၊ ၉ မမ ကျည် ၆၃၈ တောင့်၊ M-16 ကျည် ၂၀ တောင့်၊ ကျည်အိမ် ၉ ခု၊ ကျည်ကာအင်္ကျီတစ်ထည်၊ စနိုက်ပါမှန်ပြောင်း တစ်လက်၊ ACE ရုံးအဖွဲ့ဝင် ဦးရဲမင်းဆွေနှင့် ဦးဇော်ဝင်းထိုက်တို့၏ အခန်းအတွင်းမှ ပစ္စတိုသေနတ် နှစ်လက်နှင့် ကျည် ၁၆ တောင့်တို့ကို ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရသည်။

“NSA တံဆိပ်ပါတဲ့ မော်တော်ယာဉ်တွေကို မသိမ်းပါဘူး။ ဒီကားတွေက တရားဝင် လိုင်စင်ဝင်ထားတဲ့ ကားတွေလို့ စစ်ဆေးသိရှိရတယ်။”ဟု ရဲမှူးကြီး ဇော်ခင်အောင်က ဆိုသည်။

လက်ရှိ ရန်ကုန်မြို့ရှိ ACE ကုမ္ပဏီတွင် ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်နေဆဲဖြစ်ပြီး သိမ်းဆည်းရမိမှုစာရင်းကို ရဲတပ်ဖွဲ့မှ အတည်ပြု ဖြေကြားခြင်း မရှိသေးပေ။

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ဆောင်ခွင့်လိုင်စင် ပေးထားခြင်းမရှိကြောင်း ယင်းကိစ္စတွင် အမှုတည်ဆောက်ဆဲနှင့် စစ်ဆေးဆဲကာလဖြစ်သောကြောင့် အကြောင်းအရာ အားလုံးကို ပြောကြားနိုင်ခြင်း မရှိသေးသော်လည်း၊ လက်နက်ဥပဒေ၊ မူးယစ်ဆေးဝါး ဥပဒေတို့ဖြင့် အရေးယူ သွားရမည်ဖြစ်ကြောင်း နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က မီဒီယာများကို ပြောကြားသည်။

S-01၊ S-03

  • TAGS