News

POST TYPE

POPULAR POST

ကမ္ဘာ မှားသလား မြန်မာ မှားသလား
မတူတဲ့ တုံ့ပြန်မှုများ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအပေါ် နိုင်ငံတကာအမြင်နဲ့ ပြည်တွင်းအမြင် အတော် ကွာနေတာ၊ ပြောင်းပြန်နီးပါး ဖြစ်နေတာကို စာဖတ်ပရိသတ်တွေ သိပြီးဖြစ်မှာပါ။ ဘာကြောင့် ဒီလို ကွာနေတာလဲဆိုတာကို မပြောခင် ဘယ်လိုကွာနေသလဲ ဆိုတာကို အရင် လေ့လာကြည့်ရအောင်ပါ။

အများမြင်သာတဲ့ ဥပမာကို ထုတ်ပြရမယ်ဆိုရင် နိုင်ငံတကာ မီဒီယာတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေ၊ ကုလသမဂ္ဂ အရာရှိတွေက မြန်မာအစိုးရ ခေါင်းဆောင် (တပ်မတော်ကို အမိန့်ပေးခွင့် ရှိ၊ မရှိက တစ်ပိုင်းပါ) ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြင်းအထန် ဝေဖန်နေပြီး အထူးသဖြင့် ဗြိတိန်ဘက်ကဆိုရင် အောက်စဖို့ဒ် တက္ကသိုလ်မှာ ချိတ်ထားတဲ့ပန်းချီကားကို ဖြုတ်ချ၊ င်္Freedom of the City ဆုကို ပြန်ရုပ်သိမ်းတဲ့အထိ ပြင်ဆင်နေပါတယ်။

ဒါက ဂုဏ်သိက္ခာပိုင်းအရ မြန်မာအစိုးရ ခေါင်းဆောင်ပိုင်းအပေါ် ထိခိုက်မှုတွေပါ။ လက်တွေ့ အရေးယူမှု အနေနဲ့ကတော့ ဒီဖြစ်စဉ်မှာ အဓိက တာဝန်ရှိတဲ့ မြန်မာစစ်ခေါင်းဆောင်တွေ၊ ရခိုင်နိုင်ငံရေးသမားတွေကို ပိတ်ဆို့အရေးယူမှု လုပ်ဖို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂဘက်က စတင် ကြိုးစားနေပြီလို့ သိရပါတယ်။ 

ဒါပေမဲ့ မြန်မာနိုင်ငံတွင်းက ပြည်သူတချို့ရဲ့ တုံ့ပြန်မှုကတော့ နိုင်ငံတကာ တုံ့ပြန်မှုနဲ့ တကယ့်ကို တခြားစီ။ နိုင်ငံတကာရဲ့ ပြောဆိုမှုတွေကို လက်မခံနိုင်ကြောင်း၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အဝ ထောက်ခံကြောင်း လူထုစုဝေးပွဲ၊ ဟောပြောပွဲတွေ အခုရက်ပိုင်း ဆက်လုပ်နေတာကိုသာ တွေ့နေရပါတယ်။ 

မန္တလေး၊ မကွေးနဲ့ တနင်္သာရီတိုင်းက ဟောပြောပွဲတွေကို လေ့လာမိသလောက်ကတော့ နိုင်ငံတကာ သတင်းဖော်ပြမှုတွေ မှားယွင်းနေတယ်၊ ဘင်္ဂါလီတွေဘက်ကို ဘက်လိုက်မှု ရှိနေတယ်။ ကုလသမဂ္ဂလည်း ဘက်လိုက်နေတယ်။ ဒါကြောင့်မို့ ဆုတွေ ရုပ်သိမ်းလည်း ဂရုမစိုက်ဘူး။ ပြည့်အင်အားဟာ ပြည်တွင်းမှာသာ ရှိတယ်။ ခေါင်းဆောင်နဲ့ပြည်သူ တစ်သားတည်းရှိရင် နိုင်ငံတကာ ဖိအားကို ဂရုစိုက်စရာ မလိုဘူး။ ဒေါ်အောင်ဆန်းစုကြည်နောက်မှာ အားလုံး အတူတကွ ရပ်ပါ။ We Stand Togather, We Stand with you ဆိုတာတွေကို တွေ့ရပါတယ်။

အရင် စစ်အစိုးရခေတ်ကလည်း နိုင်ငံတကာ ဖိအား များလာရင် ဒီလိုပွဲမျိုး လုပ်လေ့ရှိတာမို့ နည်းနာအသစ် မဟုတ်ပါဘူး။ ဒါပေမဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဦးဆောင်တဲ့ ရွေးကောက်ခံ အစိုးရသစ်က ဘာကြောင့် နည်းဟောင်းကြီးကို ဆက်သုံးနေတာလဲ။ ဒီထက်ကောင်းတဲ့နည်း၊ ဒီထက် ခေတ်မီပြီး ပိုထိရောက်မယ့်နည်း၊ ၂၁ ရာစုနဲ့ နိုင်ငံတကာ အခင်းအကျင်းနဲ့ကိုက်မယ့် နည်းနာသစ်တွေ မရှိတော့ဘူးလား။

ဘယ်လိုမတူတာလဲ

နိုင်ငံတကာနဲ့ မြန်မာတွေအကြား အဓိက မတူတဲ့အချက်ကတော့ ဘင်္ဂါလီတွေ (နိုင်ငံတကာ မီဒီယာအခေါ် ရိုဟင်ဂျာ) အပေါ် ဘယ်လိုသဘောထားသလဲ ဆိုတဲ့အချက် ဖြစ်ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂဘက်က လူသားချင်း စာနာတဲ့ထောင့်သက်သက်ကနေ ပြောနေပြီး မြန်မာတွေဘက်ကတော့ အချုပ်အခြာ အာဏာတို့၊ အမျိုး-ဘာသာ သာသနာတို့ဘက်ကနေ အလေးပေး ပြောနေတယ်လို့ စာရေးသူက မြင်ပါတယ်။ 

ဒီလို အခြေခံ ရပ်တည်ချက် ကွာတဲ့အတွက် နိုင်ငံတကာ မီဒီယာသမားတစ်ဦးရဲ့အမြင်နဲ့ ဗုဒ္ဓဘာသာ-မြန်မာမီဒီယာသမားတစ်ဦးရဲ့အမြင် ကွာကောင်း ကွာနေနိုင်ပါတယ်။ တကယ်တော့ မီဒီယာသမားတွေတင် မကပါဘူး။ မြန်မာပညာရှင်တွေ၊ မြန်မာအကဲခတ် ဝေဖန်သူတွေရဲ့လေသံထဲမှာလည်း အချုပ်အခြာအာဏာ၊ အမျိုးဘာသာ-သာသနာ၊ အမျိုးသားရေး စိတ်ဓာတ်တွေရဲ့ အငွေ့အသက်တွေကို တွေ့နေရပါတယ်။

လူထုကိုပညာပေးနေတဲ့ ပညာရှင်တွေ၊ မီဒီယာသမားတွေမှာတောင် ဒီလို အမြင်ရှိနေရင် သာမန် အရပ်သားတွေဆို ပိုဆိုးပြီပေါ့။ စာရေးသူ တွေ့မိသလောက် သာမန် အရပ်သားတွေကတော့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကိုကြားတာနဲ့ အဲဒီလူမျိုး မြန်မာနိုင်ငံမှာ မရှိဘူး။ ဒီလူတွေကို လက်မခံနိုင်ဘူးဆိုပြီး တန်းပြောတော့တာပါပဲ။ ဆိုတော့ ဒီကိစ္စပြေလည်အောင် ဘယ်လိုဖြေရှင်းရင် ကောင်းမလဲဆိုတဲ့အဆင့်ထိတောင် ဆွေးနွေးလို့ မရခဲ့ပါဘူး။ ဒါ ဒုက္ခသည်အဖြစ် တတိယနိုင်ငံတွေဆီ ရောက်နေတဲ့လူတွေပါ။ မြန်မာနိုင်ငံ အတွင်းမှာနေပြီး အမျိုးသားရေး စိတ်ဓာတ် တက်ကြွနေသူတွေဆို ပိုဆိုးမှာပေါ့။

ဒါက ပဋိပက္ခမှာ ကိုယ်တိုင် ပါဝင်နေသူ (မြန်မာနိုင်ငံသားတိုင်း ဒီပဋိပက္ခမှာ ပါဝင်နေဟုယူဆ)နဲ့ ဘာမှမဆိုင်ဘဲ ပြင်ပကမ္ဘာကနေ သီးခြား လာပြီး လေ့လာသူတို့အကြား မတူညီတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေခံအချက်ပါ။ ကဲ- သတင်း အချက်အလက်ပေါ် အခြေခံတဲ့ အချက်တွေမှာကော ကမ္ဘာ့သတင်းနဲ့ မြန်မာ့သတင်းက ဘယ်လို ကွာနေရပြန်တာလဲ။ 

မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက တိုက်ခိုက် သတ်ဖြတ်လို့ ဘင်္ဂါလီတွေ ရာနဲ့ချီ သေတာကြောင့် အိုးအိမ်စွန့်ပြီး နယ်စပ်ဖြတ်ကျော် ထွက်ပြေးရတာ အခု ဘင်္ဂလားဒေ့ရှ်ထဲ ၅ သိန်းကျော်နေပြီ။ မြန်မာတပ်သားတွေက အိမ်တွေကိုလည်း မီးရှို့တယ်။ ဘင်္ဂါလီ အမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်။ ဒါကြောင့် ထွက်ပြေးကြတာ လမ်းမှာ လှေမြုပ်လို့သေသူ၊ အစာငတ်လို့ သေသူတွေလည်း မနည်းဘူး။ ဒီအတွက် မြန်မာအစိုးရကို အရေးယူမှဖြစ်မယ်လို့ နိုင်ငံတကာ မီဒီယာတွေက ရေးသားဖော်ပြနေကြပါတယ်။

မြန်မာ့အလင်းနဲ့ အစိုးရအာဘော် မီဒီယာတွေကို ကြည့်မယ်ဆိုရင်တော့ ဒီဖြစ်စဉ်ကြီးတစ်ခုလုံးဟာ ARSA (Arakan Rohingya Salvation Army) က ကြိုတင်စီမံ အကွက်ဖော်ခဲ့တာ ဖြစ်တယ်။ ဒီဒေသမှာ မွတ်ဆလင်- လွတ်မြောက်နယ်မြေ ထူထောင်ဖို့ စနစ်တကျ အကွက်ချ ဖော်ဆောင်ခဲ့တာဖြစ်တယ်။ ဘင်္ဂါလီတွေဟာ သူတို့အိမ်သူတို့ မီးရှို့ပြီး ထွက်ပြေးတယ်။ တကယ် နစ်နာသူက ဘင်္ဂါလီတွေ မဟုတ်ဘဲ ရခိုင်တိုင်းရင်းသားတွေသာ ဖြစ်တယ်။ အထူးသဖြင့် ဟိန္ဒူဘာသာဝင်တွေဟာ ရာနဲ့ချီပြီး ARSA ရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတယ်။ ဟောဒီမှာ အစုအပြုံလိုက်မြှုပ်ထားတဲ့အလောင်း တွေ တွေ့လား။ ဒါတွေကို နိုင်ငံတကာ မီဒီယာတွေက ဘာကြောင့် မဖော်ပြတာလဲဆိုပြီး မေးခွန်းထုတ်ထားတာ တွေ့ရပါလိမ့်မယ်။

စာဖတ်သူတွေကော ဘယ်လို အမြင်ရှိကြပါသလဲ။ ပြည်တွင်းမီဒီယာရော၊ ပြည်ပမီဒီယာပါ နှစ်ခုစလုံး ကြည့်ဖြစ်၊ ဖတ်ဖြစ်ကြပါရဲ့လား။ ပြည်တွင်း- ပြည်ပ သတင်းထောက်တွေက ဘယ်နေရာတွေကနေ သတင်းယူပြီး ရေးသား ဖော်ပြနေကြတာလဲ ဆိုတာကိုကော သတိထားမိကြပါရဲ့လား။ ကော့ဘဇား သတင်းထောက်နဲ့ နေပြည်တော် သတင်းထောက်ပဲ များနေပြီး တကယ် ပြဿနာဖြစ်နေတဲ့ ဘူးသီးတောင်၊ မောင်တောမှာ နှစ်ဖက်သတင်းထောက်တွေ မရှိတာဟာ တကယ့် အားနည်းချက်ပါပဲ။

ဘယ်လိုအဖြေရှာမလဲ

သတင်းသမား တစ်ဦးအနေနဲ့ ပြောရမယ်ဆိုရင်တော့ ကော့ဘဇား သတင်းထောက်နဲ့ နေပြည်တော် သတင်းထောက်တွေကို ဘူးသီးတောင်၊ မောင်တောဆီ အရင်ဆုံး သတင်းယူခွင့်ပေးရေးပါ။ သတင်းယူခွင့် မပေးဘဲ BBC လိမ်နေသည်၊ VOA ညာနေသည်ဆိုပြီး စစ်အစိုးရခေတ် လက်ကျန်တီးလုံးတွေနဲ့ ဆက်ကနေလို့ မဖြစ်ပါ။ ဒီလို သတင်းယူခွင့်ပေးမှ နိုင်ငံတကာ ပရိသတ်က အဖြစ်မှန်ကို သိခွင့်ရပါလိမ့်မယ်။ ဟောဒီမှာ ဟိန္ဒူအလောင်းတွေ မတွေ့ဘူးလားဆိုပြီး စစ်တပ်ဘက်က သတင်းထုတ်ပြန်နေရုံနဲ့ နိုင်ငံတကာ မီဒီယာရဲ့ စိတ်ဝင်စားမှုကို မရနိုင်ပါ။

ဒုတိယကတော့ ကုလသမဂ္ဂဘက်က တောင်းဆိုနေတဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ အဲဒီဒေသဆီ ဝင်ခွင့်ပေးရေးပါ။ လောလောဆယ် ဝင်ခွင့်မပေးနိုင်သေးဘူး ဆိုရင်လည်း နိုင်ငံတကာက လက်ခံနိုင်လောက်တဲ့ ဆင်ခြေမျိုးပေးဖို့ လိုပါတယ်။ အဲလိုမဟုတ်ဘဲ အရင်စစ်အစိုးရခေတ်ကနည်းအတိုင်း “ဘူး”ခံနေမယ်ဆိုရင်တော့ မဟုတ်တာလုပ်ထားလို့ UN ကို ဝင်ခွင့်မပေးတာ ဖြစ်မှာပေါ့ဆိုပြီး အရင်ခေတ်လိုပဲ အမြင်ခံနေရဦးမှာ ဖြစ်ပါတယ်။

တတိယကတော့ ဒီဖြစ်စဉ်အပေါ် အပြင်းအထန် ဝေဖန်နေတဲ့ လူ့အခွင့်အရေးသမားတွေ၊ သတင်းမှားတွေ၊ ဘက်လိုက်သတင်းတွေ ဖော်ပြနေတယ်ဆိုတဲ့ မီဒီယာကြီးတွေ၊ နိုင်ငံတကာ အစိုးရတာဝန်ရှိသူတွေကို အစိုးရဘက်က ဖိတ်ခေါ်ပြီး အသေအချာ ဆွေးနွေးတင်ပြသင့်ပါတယ်။ နိုင်ငံတကာဖိအား ဂရုစိုက်စရာ မလိုဘူးဆိုပြီး လူစုအော်ပွဲ လုပ်နေရုံနဲ့ မရပါ။ အဲဒီလူစုအော်ပွဲတွေဟာ နိုင်ငံတကာ ဖိအားကို လျော့ကျမသွားစေတဲ့အပြင် ဘေးထွက်ဆိုးကျိုးအဖြစ် အမျိုးသားရေး အစွန်းရောက် စိတ်ဓာတ်တွေ များလာစေပြီး စစ်အစိုးရခေတ်ကလို ကိုယ့်ရွာကို ခြံအသေကာတဲ့ စိတ်၊ ခြေရာခွက်ထဲ လသာတဲ့စိတ်၊ Isolationism ခေတ်ဆီ တွန်းပို့သွားနိုင်ပါတယ်။

ဒီအတွက် အစိုးရဘက်က ဘာတွေ ဆောင်ရွက်နေသလဲ။ တစ်လောက (အောက်တိုဘာ ၄ ရက်) တော့ တစ်ချိန်လုံး ငြိမ်သက်နေတဲ့ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်ကိုယ်တိုင် ရှေ့ထွက်လာပြီး မြန်မာမီဒီယာသမားတွေနဲ့ ဆွေးနွေးပွဲတစ်ခု လုပ်ခဲ့တာကို တွေ့ရပါတယ်။ နိုင်ငံတကာ မီဒီယာတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက သတင်းအမှားတွေ၊ လိုရာဆွဲဖော်ပြနေမှုတွေကို ဘယ်လို တုံ့ပြန်ဆောင်ရွက်ရင် ကောင်းမလဲပေါ့။ ဒီလိုဆွေးနွေးဖို့ စိတ်ကူးရတာကို ကြိုဆိုရမှာဖြစ်ပေမယ့် ဘာကြောင့် ဒီလောက်အထိ နောက်ကျခဲ့ရသလဲ ဆိုတာကတော့ မေးခွန်းထုတ်စရာပါ။

တကယ်ဆို ပြန်ကြားရေးအောက်မှာ (ဘေးတိုက်တွဲထားတာလည်း ဖြစ်နိုင်ပါတယ်) စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ပြည်သူ့ဆက်ဆံရေးဌာနဆိုတာ ရှိပြီးသား မဟုတ်ပါလား။ နိုင်ငံတကာမှာ မြန်မာပြည်ဆိုင်ရာ သတင်းတွေကို ဘယ်လိုရေးသားဖော်ပြနေသလဲ၊ ဘယ်လိုတုံ့ပြန်ရမလဲ၊ တစ်နည်းအားဖြင့် နိုင်ငံတကာ မီဒီယာထိုးနှက်ချက်ကို ဘယ်လိုနည်းနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ပြန်လုပ်ရမလဲ။ ဘယ်လို ဝါဒဖြန့်ရမလဲဆိုတာကို ဒီဌာနက တစ်ချိန်လုံး ပြင်ဆင်နေရမှာပေါ့။ အခုတော့ အဲလိုမစဉ်းစားဘဲ မြန်မာအချင်းချင်းကြားမှာ ဝါဒဖြန့်ဖို့လောက်သာ စိတ်ဝင်စားနေလို့ အခုလို ခံရတာဆိုပြီး မိတ်ဆွေ မီဒီယာသမားတချို့က ဝေဖန်ပါတယ်။

ဒါက ပြန်ကြားရေးဝန်ကြီးဌာန။ နိုင်ငံခြားရေး ဝန်ကြီးဌာနကော ဘာတွေ ဆောင်ရွက်နေပါသလဲ။ သူက သံတမန်လုပ်ငန်းဆိုတော့ ပြန်ကြားရေးလို မီဒီယာအပေါ် ထုတ်ပြောဖွယ်မရှိပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ နော်ဝေရှိ မြန်မာသံအမတ်တစ်ဦးပဲ ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး နော်ဝေ မီဒီယာတွေရဲ့အမေးကို ရဲရဲဝံ့ဝံ့ ဖြေကြားသွားတာ တွေ့ရပါသေးတယ်။ တကယ်ပြောရမယ့် အမေရိကန်၊ UN နဲ့ ဗြိတိန်ရှိ မြန်မာသံအမတ်တွေ CNN, BBC တို့ကို ဘာမှပြန်မပြောတာ (ပြောတာကို TV မှာမတွေ့မိ) ဟာ မေးခွန်းထုတ်စရာပါပဲ။

နိုင်ငံတကာမှာရောက်နေတဲ့ သာမန် အရပ်သားတွေတောင် မွတ်ဆလင်- ဘင်္ဂါလီ လူနည်းစုအပေါ် ဗုဒ္ဓဘာသာ မြန်မာ လူအများစုက ဖိနှိပ်ညှဉ်းပန်းနေတယ် ဆိုတဲ့မေးခွန်းတွေနဲ့ နေ့စဉ် ကြုံနေရရင် သံတမန်တွေက ပိုကြုံ ရမှာပေါ့။ ဒီမေးခွန်းကို သူတို့ ဘယ်လိုဖြေဆိုနေကြသလဲ။ ဝေဖန်သူတွေကတော့ အရင်ခေတ်လက်ကျန် သံတမန်တွေဟာ Proactive (ကြိုတင်လှုပ်ရှားမှု) မဖြစ်ဘဲ အပေါ်က အမိန့်လာမှ တာဝန်ကျေအလုပ်လုပ်တဲ့ Reactive သမားတွေ များနေဆဲလို့ ပြောကြပါတယ်။

အနှစ်ပြန်ချုပ်ရရင်တော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုတာဟာ တပ်မတော်နဲ့ NLD ပါတီကြား ပြေလည်ရေးတစ်ခုတည်း မဟုတ်ပါ။ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးနေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ အဆင်ပြေအောင် ဆက်လုပ်ဖို့လိုသလို နိုင်ငံတကာနဲ့ ပြေလည်အောင် ဆက်ဆံရေးဟာလည်း အရေးကြီးလှပါတယ်။ အခုပဲ နိုင်ငံတကာဘက်က စီးပွားရေး ပိတ်ဆို့မှု လုပ်မယ်လို့ လေသံပစ်နေပါပြီ။ NLD အစိုးရခေတ်မှာ အနောက်နိုင်ငံတွေနဲ့ အဆင်ပြေမယ်၊ စီးပွားရေး ပိတ်ဆို့မှု မရှိတော့ဘူး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတော့မယ် ဆိုတဲ့စိတ်ကူးကို ပျက်သွားစေနိုင်ပါတယ်။ 

ဒီလိုအချိန်မှာ နိုင်ငံတကာဘက်က ပြောချင်ရာပြော၊ ငါတို့ဂရုမစိုက်ဘူးဆိုပြီး လူစုအော်နေလို့မရပါ။ ဘေးထွက်ဆိုးကျိုးအဖြစ် အမျိုးသားရေး အစွန်းရောက်စိတ်တွေ ထိန်းမနိုင် သိမ်းမရ ဖြစ်လာရင် သက်တမ်း ၂ နှစ် မပြည့်သေးတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် တစ်ခုလုံး ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် ၂၁ ရာစု သံတမန်ဆက်ဆံရေး နည်းနာတွေသုံးပြီး နိုင်ငံတကာနဲ့ ပြေလည်မှု အမြန်ပြန်ရအောင် အင်အားစု အားလုံး လက်တွဲ ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။ ။

ထက်အောင်ကျော်