News

POST TYPE

POPULAR POST

အကြောအဆစ်နှင့် ကိုယ်အင်္ဂါ ပြန်လည် သန်စွမ်းရေး ဆေးပညာဌာန ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာခင်စောဦးနှင့် တွေ့ဆုံခြင်း
11-Oct-2017 tagged as

နေထိုင်စားသောက်မှုပုံစံ မမှန်သည့် အကြောင်းအရင်းများကြောင့် ယနေ့ခေတ်ကာလတွင် ရောဂါမျိုးစုံသည် လူတို့၏ ခန္ဓာကိုယ်တွင် နေရာယူလာကြသည်။ ထိုကဲ့သို့ နေထိုင်မှု မမှန်ခြင်းများကြောင့် အရိုးကျီးပေါင်းသည်လည်း အဖြစ်များလာသည်။ ယင်းနှင့်ပတ်သက်၍ မြောက်ဥက္ကလာပ သင်ကြားရေးနှင့် အထွေထွေ ဆေးရုံကြီး၊ အကြောအဆစ်နှင့် ကိုယ်အင်္ဂါ ပြန်လည် သန်စွမ်းရေး ဆေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာခင်စောဦးနှင့် The Voice က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ကျီးပေါင်းဖြစ်ပွားရတဲ့ အကြောင်းရင်းကို ပြောပြပေးပါဦး။
Dr.KSO : ဆရာမတို့ဆီကို လူငယ်တွေရော၊ လူကြီးတွေရော လာတာ များလာတယ်။ အခုက နေထိုင်မှုပုံစံတွေက ပြောင်းလာတယ်။ အခုခေတ်က အလုပ်လုပ်တဲ့အခါမှာလည်း ကွန်ပျူတာနဲ့ပဲ အလုပ်လုပ်တာ များလာတယ်။ နောက်ပြီး အထပ်မြင့် တိုက်တွေများလာတော့ အတက်အဆင်းတွေ အရမ်း များလာတယ်။ ကိုယ်ခန္ဓာကို ပုံမှန်ထက် ပိုအသုံးပြုလာတဲ့အခါကျတော့ အခုနောက်ပိုင်းမှာ အရင်ထက်တော့ ပိုပြီးအဖြစ် များလာတယ်။ ထိခိုက်ဒဏ်ရာ ရတာ၊ အဝလွန်တာ၊ မျိုးရိုးလိုက်တာ၊ ဆေးလိပ် သောက်တာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

Voice : အရိုးကျီးပေါင်းက ဘယ်လိုနေရာတွေမှာ အဖြစ်များသလဲဆိုတာ ပြောပြပေးပါဦး။
Dr.KSO : အရိုးကျီးပေါင်းက ဘယ်နေရာတွေမှာ အများဆုံး ဖြစ်လဲဆိုတော့ လည်ပင်းရိုး၊ ခါးရိုး၊ ဒူးဆစ်ရိုးတွေက အဖြစ်များတဲ့နေရာပေါ့။ တခြားဖြစ်နိုင်တဲ့ နေရာတွေကတော့ တင်ပါးဆုံရိုးနဲ့ လက်ချောင်းရိုးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ 

Voice : အရိုးကျီးပေါင်းက ဘယ်လို အသက်အရွယ်တွေမှာ အဖြစ်များပါသလဲ။
Dr.KSO : ဒါက အသက်အရွယ်ကြီးလို့ ဖြစ်တာ။ Aging Process ပေါ့။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ အသက်အရွယ် ကြီးတဲ့သူတွေမှာတင် မဟုတ်ဘူး။ အသက် ငယ်ရွယ်တဲ့သူတွေမှာလည်း ဖြစ်လာတာကို တွေ့ရပါတယ်။ 

Voice : အရိုးကျီးပေါင်းနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲဖြစ်နိုင်တဲ့ ရောဂါတွေကို ပြောပြပေးပါဦး။
Dr.KSO : အရိုးကျီးပေါင်းက ရောဂါ မဟုတ်ပါဘူး။ အရိုးကျီးပေါင်းကတော့ အသက် လေးဆယ်ကျော်တဲ့သူတွေမှာ ဓာတ်မှန် ရိုက်ကြည့်လိုက်မယ်ဆိုရင် ၈၀ ရာခိုင်နှုန်းလောက်က ကျီးပေါင်း အတက်လေးတွေ ထွက်နေတာကို တွေ့ရတယ်။ ဒီလို အတက်လေးတွေ ထွက်နေတိုင်း၊ အရိုးကျီးပေါင်း ရှိနေတိုင်း ရောဂါ ဝေဒနာ ခံစားရတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအတက်လေးတွေရယ်၊ အရိုးအကြောတုံး တစ်ခုနဲ့တစ်ခုကြားမှာရှိတဲ့ အရိုးနုပြားချပ် ရှိတယ်။ အတွင်းနဲ့ အပြင်ဆိုပြီး။ အတွင်းက အရိုးနု အပျော့စားလေးက တဖြည်းဖြည်းနဲ့ အသက်အရွယ် ရလာလို့ပဲဖြစ်ဖြစ်၊ ခါးတွေ၊ ဇက်တွေကို ပိုပြီးအသုံးပြုတဲ့အခါမှာ ပိုပြီး ဝန်ပိလာတဲ့အခါမှာ အရိုးနုပြားချပ်လေးက အပြင်ကို ကျွံထွက်လာတာရှိတယ်။ နောက် အရိုးကျီးပေါင်းလေးတွေကနေပြီးတော့ လက်တွေ၊ ခြေတွေကို သွားတဲ့ အာရုံကြောတွေကို သွားထောက်လာတာတွေ ရှိတယ်။ တစ်ခါတလေကျတော့လည်း ကျွံထွက်လာတဲ့ အရိုးနုပြားချပ်က အနောက်မှာရှိတဲ့ အာရုံကြောမကြီးရဲ့ အပေါ်ယံ ဖုံးအုပ်လွှာကို သွားပြီးတော့ ထိမိ၊ ဖိမိတာလေးတွေ ရှိတယ်။ အဲဒီလိုတွေ ဖြစ်လာပြီဆိုရင် ဝေဒနာလေးတွေ ခံစားရပါတယ်။ အဲဒီအခါ ဇက်တို့၊ ခါးတို့မှာ နာတာ၊ ကျင်တာအပြင် အာရုံကြော အပေါ်ယံလွှာကို သွားဖိတဲ့အခါကျရင် ထုံနာ၊ ကျဉ်နာတွေကမှတစ်ဆင့် အာရုံကြော အသားကို သွားဖိတဲ့အခါကျရင် ကြွက်သား အားပျော့တာအထိ ဖြစ်လာနိုင်ပါတယ်။ ဒူးဆိုရင်လည်း အကွေးအဆန့် လုပ်တဲ့အခါ၊ အတက်အဆင်း လုပ်တဲ့အခါတွေမှာ ဒူးဆစ်မှာ နာတယ်၊ ရောင်တယ်။ ပိုဆိုးလာရင် ဒူးဆစ်ပုံစံ ပျက်လာတယ်။ ဒါမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

Voice : အရိုးကျီးပေါင်း မဖြစ်အောင် ဘယ်လို အချက်တွေနဲ့ ကြိုတင်ကာကွယ်လို့ ရနိုင်မလဲ။
Dr.KSO : ကြိုတင် ကာကွယ်တာကတော့ ဖြစ်လာတဲ့ ကျီးပေါင်းလေးတွေကြောင့် နာတာ ကျဉ်တာတွေ မဖြစ်အောင်၊ ကျီးပေါင်းကိုလည်း မဖြစ်အောင် ကြိုတင် ကာကွယ်ခြင်းကတော့ ကောင်းတာပေါ့။ အဓိက ဘာကြောင့်ဖြစ်တာလဲ ဆိုတော့ ဇက်၊ ခါး၊ ဒူးတွေပေါ်မှာ နေထိုင်မှု မမှန်ဘဲ ဝန်ပိတဲ့အတွက်၊ ဒီအရာတွေကို သုံးတာ များတာကြောင့်ဖြစ်တာဆိုတော့ ဒါတွေကို သုံးတဲ့အခါ ဘယ်လိုသုံးမလဲ၊ ဘယ်လိုထိုင်မလဲ၊ အိပ်တာ ဘယ်လိုအိပ်မလဲ၊ နေ့စဉ် သွားလာမှုတွေ ဘယ်လိုလုပ်မလဲ ဆိုတာတွေမှာ ဝန်မပိအောင် နေထိုင်တဲ့ပုံစံကို ပုံစံမှန်အောင် လုပ်ဖို့လိုတယ်။ နောက်ပြီး ပုံမှန် လေ့ကျင့်ခန်းတွေ လုပ်ဖို့လိုတယ်။ ဖြစ်လာခဲ့ရင်လည်း နောက်ဆက်တွဲတွေ ထပ်မဖြစ်အောင် စက်ကိရိယာတွေနဲ့ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ဖို့လိုတယ်။ ဒါတွေနဲ့ ကုသလို့ရပါတယ်။

Voice : မြောက်ဥက္ကလာပ အကြောအဆစ်နဲ့ ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေး ဆေးပညာဌာနအနေနဲ့ ဘယ်လိုကုသမှုတွေ ဆောင်ရွက်ပေးနေပါသလဲ။
Dr.KSO : ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေနဲ့ သင်ကြားရေး ဆေးရုံကြီး၊ သမိုင်း အမျိုးသား ပြန်လည် သန်စွမ်းရေး ဆေးရုံအပြင် ရန်ကုန်မြို့မှာရှိတဲ့ ဆေးရုံကြီးတွေမှာရော၊ ပြည်နယ်နဲ့ တိုင်းမှာရှိတဲ့ ဆေးရုံကြီးတွေမှာရော ကိုယ်အင်္ဂါ ပြန်လည် သန်စွမ်းရေး ဆေးပညာဌာန ရှိပါတယ်။ အစိုးရဆေးရုံတွေအပြင် အပြင်ဆေးခန်းတွေမှာလည်း ဒီလိုဌာနတွေ ရှိပါတယ်။ ဒီဌာနမှာ ဆရာမတို့က ကျီးပေါင်းကြောင့် နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ နာကျင်မှုတွေအပြင် အခြားနာကျင်မှု အမျိုးမျိုး၊ နောက်ပြီး လေဖြတ်တာပဲဖြစ်ဖြစ်၊ အာရုံကြောမကြီး ထိလို့ပဲဖြစ်ဖြစ်၊ အောက်ပိုင်း မသန်စွမ်းတာပဲဖြစ်ဖြစ်၊ ကလေးသူငယ်ဆိုင်ရာ ပြန်လည် သန်စွမ်းမှုမျိုးအပြင် ခန္ဓာကိုယ်မှာ တစ်ခုခုကြောင့် မသန်မစွမ်း ဖြစ်လာနိုင်တဲ့ နာကျင်မှုတွေ အကုန်လုံးကို နာကျင်မှု ပျောက်ကင်းအောင်၊ သန်စွမ်းအောင် ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေး ဆေးပညာဆိုင်ရာ ဆရာဝန်တွေရယ်၊ အကြောအဆစ် ကျွမ်းကျင် ပညာရှင်တွေရယ် အကုန် ပူးပေါင်းပြီး လူနာတွေ ပြန်လည် သန်စွမ်းအောင် ကုသပေးပါတယ်။

Voice : လာရောက်ပြသတဲ့ လူနာတွေထဲမှာ ဘယ်လိုလူနာတွေ များပါသလဲ။
Dr.KSO : ပြင်ပ လူနာဌာနအနေနဲ့ ဆိုရင်တော့ နာကျင်မှုအတွက် လာတဲ့လူနာတွေ များပါတယ်။ ဇက်နာ၊ ခါးနာ၊ ဒူးနာပေါ့။ Ward ထဲမှာတော့ လေဖြတ်လို့ ပြန်လည် သန်စွမ်းအောင် လုပ်တာ၊ အာရုံကြောမကြီး ထိခိုက်ပြီး အောက်ပိုင်း မသန်စွမ်းဖြစ်သွားတဲ့ လူနာတွေ၊ ခါးနာတဲ့လူနာတွေက အိမ်ကနေလာပြီး ကုသမှု ယူဖို့ခက်ခဲတယ်။ ဆေးရုံတက်ပြီးမှ ကုသမှုခံမှရမယ့် လူနာမျိုးတွေ ကုသပေးတာပေါ့။

Voice : ဆရာမအနေနဲ့ ကျီးပေါင်းနဲ့ပတ်သက်ပြီး လူထုကို သတင်းစကားပါးပေးပါဦး။
Dr.KSO : အခုက လူကြီးလူငယ်မရွေး အရိုးကျီးပေါင်းတွေ ဖြစ်လာကြတယ်။ အရိုးကျီးပေါင်းကြောင့် တင်မဟုတ်ဘဲ ဇက်နာတာ၊ ခါးနာတာ၊ ဒူးနာတာ၊ လက်နာတာ၊ တင်ပါးဆုံနာတယ် စသဖြင့် နာတာတွေက အများကြီးပါပဲ။ မနာအောင်ကတော့ ကာကွယ်တာက အကောင်းဆုံးပဲ။ ဘယ်လိုကာကွယ်မလဲဆိုရင်တော့ ဒီနာတဲ့နေရာတွေကို ဝန်မပိအောင် နေထိုင်မှု ပုံစံကို တတ်နိုင်သလောက် ပုံစံမှန်မှန်နဲ့နေဖို့၊ ဖြစ်လာခဲ့ပြီ ဆိုရင်လည်း ဖြစ်လာတာကို ဆေးမြီးတိုတွေနဲ့ ကုတာမျိုးမဟုတ်ဘဲနဲ့ တတ်ကျွမ်းတဲ့ ပညာရှင်တွေဆီမှာ သေသေချာချာ ကုသမှုခံယူဖို့ တိုက်တွန်းချင်ပါတယ်။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ

  • TAGS