News

POST TYPE

POPULAR POST

ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်များ အမြန်ဆုံး အကောင်အထည်ဖော်ရန် မြန်မာအစိုးရကို အိန္ဒိယနှင့် အီးယူ တိုက်တွန်း

နယူးဒေလီ-ရန်ကုန်၊ အောက်တိုဘာ ၉

ရခိုင်ပြည်နယ်ရေးရာ ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် ဦးဆောင်တင်သွင်းခဲ့သည့် အစီရင်ခံစာပါ အကြံပြုချက်များအတိုင်း မြန်မာနိုင်ငံ အစိုးရအနေနှင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် အိန္ဒိယနိုင်ငံနှင့် ဥရောပသမဂ္ဂ(အီးယူ)တို့က တိုက်တွန်းပြောကြားလိုက်သည်။ 

ရခိုင်ပြည်နယ်နှင့် ဘင်္ဂါလီဒုက္ခသည် များပြဿနာကြောင့် နိုင်ငံတကာ၏ ဖိအား ပေးမှုများနှင့်ရင်ဆိုင်နေရသော မြန်မာအစိုးရအနေနှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးဟောင်း ကိုဖီအာနန်၏ အကြံပြုချက်များကို အကောင်အထည် ဖော်သင့်ပြီဖြစ်သည်ဟု အိန္ဒိယနှင့် အီးယူတို့က ၁၄ ကြိမ်မြောက် အိန္ဒိယ-အီးယူ ထိပ်သီး ညီလာခံတွင် ကြေညာချက်ထုတ်ပြန်သည်။ 

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် ဥရောပကောင်စီဥက္ကဋ္ဌ ဒေါ်နယ်တပ်စ်၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ ဂျန်းကလောင် ဒါဂျန်ကာတို့ နယူးဒေလီမြို့တွင် တွေ့ဆုံ ဆွေးနွေးပြီးနောက် ယင်းကြေညာချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ 

လက်ရှိ ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်နေသော အကြမ်းဖက် တိုက်ခိုက်မှုများနှင့် လူထောင်ပေါင်း များစွာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားရမှုများအတွက် အထူးပင် စိုးရိမ်ပူပန်မိကြောင်း အိန္ဒိယနှင့် အီးယူတို့က အလေးအနက်ထား ဖော်ပြသည်။ 

ထို့ပြင် မြန်မာနိုင်ငံအနေနှင့် ရွှေ့ပြောင်းထွက်ပြေးခဲ့ကြသော ဒုက္ခသည်များ ရခိုင်ပြည်နယ်တွင် ပြန်လည် နေရာချထားပေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် ပူးတွဲ အလုပ်လုပ်ရန်လည်း အိန္ဒိယနှင့် အီးယူတို့က တိုက်တွန်းသည်။ 

ယခုလိုဖြစ်ရပ်များသည် ARSA အကြမ်းဖက်အုပ်စု၏ အဆက်မပြတ် တိုက်ခိုက်ခဲ့မှုကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်သည်ဟူသောအချက်ကို အိန္ဒိယနှင့် အီးယူ နှစ်ဖက်စလုံးက မှတ်သားထားသည်ဟု ဆိုသည်။ 

ထို့ပြင် အကြမ်းဖက် တိုက်ခိုက်မှုများ အဆုံးသတ်ရေး၊ ရခိုင်ပြည်နယ်တွင်း အမြန်ဆုံး တည်ငြိမ်အေးချမ်းမှု ပေါ်ပေါက်လာရေးတို့ လိုအပ်သည်ဟူသောအချက်ကိုလည်း နားလည် လက်ခံထားကြောင်း နှစ်ဖက်စလုံးက ဖော်ပြသည်။ 

F-01