POST TYPE

POPULAR POST

ဗြိတိန် ဆူပါမားကက်များ၌ လက်ချောင်းဖြင့် ငွေပေးချေသည့်စနစ် ပထမဆုံး စတင်
02-Oct-2017 tagged as နည်းပညာ

လန်ဒန်၊ အောက်တိုဘာ ၁

ဗြိတိန်နိုင်ငံအတွင်းရှိ ဆူပါမားကက်ကြီးများတွင် ကမ္ဘာ့ပထမဆုံး လက်ချောင်းဖြင့် ငွေပေးချေခြင်းစနစ်ကို စတင်တော့မည် ဖြစ်ကြောင်း The Telegraph သတင်းတွင် ဖော်ပြထားသည်။

လန်ဒန်ရှိ Brunel တက္ကသိုလ်အတွင်း ဖွင့်လှစ်ထားသည့် Costcutter စတိုးဆိုင်ကြီးများတွင် ဖောက်သည်များကို လက်ထိပ်ဖျား သက်သေခံ စစ်ဆေးသည့် စက်များဖြင့် စတင်ရောင်းချနေပြီ ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

ယင်းလက်ချောင်းအသိအမှတ်ပြု ရောင်းချသည့်စနစ်ကို Sthaler ကုမ္ပဏီက တီထွင်ထားခြင်းဖြစ်ပြီး၊ မကြာမီ ဗြိတိန်နိုင်ငံအတွင်းရှိ ဆူပါမားကက်ဆိုင်ကြီးများ၏ ငွေပေးချေသည့် နေရာများတွင်ထားကာ အဆင့်မြင့်နည်းပညာဖြင့် ငွေပေးချေခြင်းများကို ဆောင်ရွက်နိုင်တော့မည်ဟု ကုမ္ပဏီ တာဝန်ရှိသူများက ပြောကြားသည်။

လက်ချောင်းမှ သွေးစနစ်ကို စက်များက စကင်ဖတ်လိုက်ပြီးနောက် ဘဏ်များတွင် စာရင်းသွင်း ငွေထည့်ထားသည့် ကတ်များနှင့် တိုက်ဆိုင်စစ်ဆေးပြီး ငွေလက်ခံမှုများကို ချက်ချင်းဆောင်ရွက်ပေးသွားနိုင်စေရန် အဆင့်မြင့် နည်းပညာတစ်ခုကို Sthaler က တီထွင်ထားခြင်း ဖြစ်သည်။

ဘဏ်များတွင် ငွေသွင်းထားမှုကို အတည်ပြုရန်အတွက် Worldpay ဆိုသည့် ကြားခံကုမ္ပဏီတစ်ခုက ဆောင်ရွက်ပေးပြီး အွန်လိုင်းကတစ်ဆင့် ကတ်ဖြင့်ငွေပေးချေမှုများအတိုင်း တိကျစွာ ဆောင်ရွက်ပေးမည် ဖြစ်သည်။

ဆူပါမားကက်ကြီးများတွင် ငွေပေးငွေယူ လုပ်နေမှုများအတွက် ကြာမြင့်စွာ တန်းစီနေစရာ မလိုတော့ဘဲ လက်ချောင်းများကို သုံးစက္ကန့်အတွင်း အတည်ပြုပြီး ကျသင့်ငွေများကို ဘဏ်စာရင်းက ဖြတ်ပေးထားမည် ဖြစ်သည်။

ယခင်က လက်ဗွေဖြင့် မိုဘိုင်းလ်ဖုန်းကတစ်ဆင့် ငွေပေးချေမှုများကို လုပ်ဆောင်ခဲ့ဖူးသော်လည်း ဟက်ကာများ ခိုးဖောက်နိုင်ခဲ့ခြင်းကြောင့် မအောင်မြင်ခဲ့ပေ။

ယခုဆောင်ရွက်နေသည့် စနစ်မှာ လူတစ်ယောက်၏ သွေးစနစ်ကိုပါ Biometric စနစ်ဖြင့် သက်သေခံချက်များ ရယူထားသဖြင့် အမှားမရှိနိုင်ကြောင်း၊ သွေးစနစ်ဖြင့် အတည်ပြုချက် ယူထားသဖြင့် ခိုးယူရန် လည်းကောင်း၊ လက်ဗွေကဲ့သို့ ကော်ပီကူးရန် လည်းကောင်း မလွယ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

Sthaler ကုမ္ပဏီသည် တက္ကသိုလ်ဝင်းအတွင်း ဆိုင်များတွင် ကျောင်းသားများနှင့် စတင်စမ်းသပ်စဉ် ကျောင်းသား ၃၀၀၀ ခန့် ပထမဦးစွာ မှတ်ပုံတင်စာရင်းပေးပြီး လက်ထိပ်ဖျား စစ်ဆေးနည်းဖြင့် ဈေးများ ဝယ်ယူခဲ့ကြသည်။ 

လက်ထိပ်ကို စက်ပေါ်တင်လိုက်သည်နှင့် စက်က အလိုအလျောက် သွေးခုန်နှုန်း၊ သွေးထဲတွင် ပါဝင်သည့် သွေးနီဥများကို တိုက်ဆိုင်စစ်ဆေးပြီး တူညီမှ လက်ခံသည့်စနစ် ဖြစ်ကြောင်း The Telegraph တွင် ရေးသားထားသည်။