News

POST TYPE

POPULAR POST

ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (စစ်တွေ) ဒုတိယ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးစိုးရွှေနှင့် တွေ့ဆုံခြင်း

ရခိုင်ပြည်နယ် မောင်တောဒေသတွင် အစွန်းရောက် အကြမ်းဖက်သမားများကို တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့မှု အခြေအနေနှင့် နေရပ်စွန့်ခွာ ထွက်ပြေးလာရသော တိုင်းရင်းသားများ နေရပ်ပြန်နိုင်ရေးအတွက် တပ်မတော်က ဆောင်ရွက်သည့် ကိစ္စရပ်များကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်  လက်အောက်ခံ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (စစ်တွေ) ဒုတိယကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးစိုးရွှေထံ The Voice သတင်းစာက တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြပါသည်။

Voice : အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ နယ်မြေတွေကို တပ်မတော်က ထိန်းချုပ်နိုင်ပြီလား ခင်ဗျား၊  လုံခြုံရေး အခြေအနေ စိုးရိမ်ရတုန်းပဲလား။

SS : ထိန်းချုပ်ထားနိုင်ပါပြီ။ နယ်စပ်လိုင်းတွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော ဒေသအားလုံးကို ထိန်းချုပ်နိုင်ပါပြီ၊ ရရှိထားတဲ့ သတင်းတွေအရ စိုးရိမ်ဖွယ် မရှိပါဘူး။

Voice : ဒေသခံများ နေရပ်ပြန်နိုင်ဖို့ တပ်မတော်က လုံခြုံရေးကို ရေတို-ရေရှည် စီမံကိန်းတွေနဲ့ ဘယ်လိုတွေ ဆောင်ရွက်ထားလဲဆိုတာ သိပါရစေ။

SS : စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်ဒေသဘက်ကို ရောက်နေကြတဲ့ နေရပ်စွန့်ခွာလာကြတဲ့  တိုင်းရင်းသားတွေက သူတို့ မူလရွာမှာ ကျန်နေတဲ့လူတွေ ရှိတယ်။ ရှိတော့ ရွာမှာကျန်ခဲ့တဲ့သူတွေက နယ်မြေတည်ငြိမ်လာပြီ၊ ပြန်လည်လုပ်ကိုင်နေထိုင်လို့ရတဲ့ အနေအထားတွေကို ဖုန်းနဲ့ပြောဆိုကြတယ်။ ဒီမှာနေတဲ့ အဖွဲ့တွေက လုံခြုံရေး တည်ငြိမ်တာရယ် ရွာမှာ ကျန်ခဲ့တဲ့သူတွေက ပြန်ခေါ်တဲ့အခါမှာ သူတို့ဆန္ဒအရ ပြန်လည်သွားနေတဲ့ အနေအထားရှိတယ်။ အမြန်ရေယာဉ်တွေ၊ သင်္ဘောတွေနဲ့ ကျွန်တော်တို့ဘက်က ပြန်ပို့ပေးနေတာ ရှိပါတယ်။ အဲဒီအနေအထားကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စက်လှေတွေ၊ ကားတွေနဲ့ ပို့ပေးတယ်။ အဲဒီရွာတွေမှာလည်း တပ်မတော်က  လှည့်ကင်းတွေနဲ့ ဆောင်ရွက်နေပါတယ်။

Voice : ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုဖြစ်စဉ်က နှစ်ကြိမ်ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တယ်။ ဒီလိုဖြစ်စဉ်မျိုး အလားတူ မဖြစ်ပေါ်နိုင်အောင် တပ်မတော်က လူထုကို အာမခံချက်ပေးနိုင်လား ခင်ဗျ။

SS : လုံခြုံရေး အခြေအနေအရ နောက်တစ်ကြိမ် မဖြစ်ပေါ်နိုင်အောင် လိုအပ်တဲ့ နယ်စပ်ခြံစည်းရိုးတွေကိုလည်း ပျက်စီးတဲ့ နေရာတွေကိုလည်း ပြင်ဆင်ဖို့ ရှိတယ်။ ကာဖို့အတွက်လည်း နိုင်ငံတော်ဘတ်ဂျက်နဲ့ ဆောင်ရွက်မှာ ဖြစ်တယ်။ ပြီးတော့ အကြမ်းဖက်အဖွဲ့တွေရဲ့ သတင်းတွေကို ပြန်လည်ထောက်လှမ်းပြီးတော့မှ နယ်မြေပေါ် မူတည်ပြီး  ဆောင်ရွက်နေတာ ရှိပါတယ်။ ရေရှည်မှာလည်း ဒီလိုမဖြစ်အောင် ကာကွယ်နိုင်ပြီးတော့မှ ဖြစ်လာမယ် ဆိုရင်လည်း ချက်ချင်းအရေးယူ ဆောင်ရွက်နိုင်တဲ့ အနေအထား ရှိပါတယ်။

Voice : အကြမ်းဖက်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်မတော် ပူးပေါင်းဆောင်ရွက်မှုတွေရှိလား ခင်ဗျ။

SS : နှစ်နိုင်ငံအခြေအနေအရ ဘင်္ဂလားဒေ့ရှ်ကလည်း သူ့ရဲ့ နယ်စပ်မှာ သူတို့ နယ်ခြားစောင့်အဖွဲ့တွေက ကင်းလှည့်တာတွေ ရှိတယ်။ ကျွန်တော်တို့ နိုင်ငံဘက်မှာလည်း နယ်ခြားစောင့်တပ်ဖွဲ့တွေက သူတို့ရဲ့ ဧရိယာတွေကို အမြဲမပြတ် လုံခြုံရေး ဆောင်ရွက်နေတာတွေ ရှိပါတယ်။

Voice : နှစ်နိုင်ငံ တပ်မတော် ပူးပေါင်းဆောင်ရွက်မှုကော ရှိလားခင်ဗျ။

SS : နှစ်နိုင်ငံ တပ်မတော်တွေ လောလောဆယ် တွေ့ဆုံမှု မရှိပါဘူး။ ကျွန်တော်တို့ နယ်စပ်မှာဆိုရင် အလံတင် အခမ်းအနားတွေက နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေက နှစ်နိုင်ငံ အလံတင် အခမ်းအနားမှာ   တွေ့ဆုံတာတွေ ရှိပါတယ်။

Voice : နယ်မြေရှင်းလင်းရေး ဆောင်ရွက်တဲ့အခါ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်ဆိုပြီး ရေးသားနေတာ တွေ့ရတယ်။

SS : တပ်မတော်သားတွေက သူတို့စွပ်စွဲချက်တွေကို ကျူးလွန်ထားတာ မရှိဘူး။ တပ်မတော်က  စနစ်တကျ စည်းကမ်းတကျနဲ့ ဥပဒေနဲ့ စနစ်တကျ ဖွဲ့စည်းထားတာ ဖြစ်တယ်။ ဥပဒေကို ကျောရိုးမဏ္ဍိုင် ပြုထားတဲ့တပ်ဖွဲ့ ဖြစ်တယ်။ ဥပဒေနဲ့အညီ လုပ်ဆောင်တယ်။ ကျွန်တော်တို့အနေနဲ့လည်း အောက်ခြေစစ်သည်အထိ ဥပဒေနဲ့အညီ လုပ်ဆောင်နိုင်ဖို့  သက်ဆိုင်တဲ့ ဥပဒေ အိတ်ဆောင်စာအုပ်တွေကို ပေးထားပါတယ်။ အဲဒီဥပဒေအတိုင်း စစ်သည်တွေက  လုပ်ဆောင်တယ်။ စစ်သည်အဆင့်အတန်းအားလုံး လိုက်နာတဲ့အတွက် ဥပဒေ ချိုးဖောက်မှု မရှိဘူးလို့ ပြောနိုင်တယ်။

Voice : အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။         

ကျော်စိုးဦး