News

POST TYPE

POPULAR POST

မြန်မာနိုင်ငံသို့ လာရောက်ကြည့်ရှုရန် ကုလအကြီးအကဲကို ဖိတ်ကြားထားဟု လုံခြုံရေးကောင်စီတွင် ဦးသောင်းထွန်း ပြောကြား
29-Sep-2017

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရီစ်အနေနှင့် လူမျိုးတုန်း သတ်ဖြတ်မှုများ ရှိနေသည်ဟု စွပ်စွဲခံနေရသော ရခိုင်ပြည်နယ်သို့ လာရောက်ကြည့်ရှုရန် ဖိတ်ကြားလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

အဆိုပါ ရခိုင်ပြည်နယ်သို့ လာရောက်လည်ပတ်မည့် ကိစ္စကို အထွေထွေအတွင်းရေးမှူးက မှန်ကန်သည့် အခြေအနေရောက်လျှင် စဉ်းစားမည် ဖြစ်သည်ဟု ပြောဆိုထားကြောင်း ကုလသမဂ္ဂ အရာရှိတစ်ဦးက ပြောကြားသည်။ 

အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းသည် ကြာသပတေးနေ့က ပြုလုပ်သည့် ရခိုင်အရေးကိစ္စ ဆွေးနွေးပွဲတွင် အထွေထွေအတွင်းရေးမှူးကို မြန်မာနိုင်ငံသို့ လာရောက်ကြည့်ရှုရန် ဖိတ်ကြားထားကြောင်း လုံခြုံရေးကောင်စီကို အသိပေး ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ကြာသပတေးနေ့က မြန်မာ့အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးက ရှင်းလင်းပြောကြားရာတွင် ရခိုင်ပြည်နယ်တွင်း လုပ်ဆောင်လျက်ရှိသည့် စစ်ဆင်ရေးများကို ရပ်ဆိုင်းပေးပြီး ပဋိပက္ခဖြစ်ရာ ဒေသများသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခွင့် ပြုသွားရန် မြန်မာအစိုးရကို တောင်းဆိုလိုက်သည်။ 

ကုလသမဂ္ဂအဆိုင်ရာ အမေရိကန် သံအမတ်ကြီး နစ်ကီဟာလေကမူ ရခိုင်ပြည်နယ်တွင်း ဘင်္ဂါလီ ဒုက္ခသည်များကို မျိုးဖြုတ်ရှင်းလင်းနေမှုသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော မြန်မာအစိုးရကို အရှက်ရစေသည်ဟုပင် ယင်းနေ့ဆွေးနွေးပွဲတွင် စွပ်စွဲပြောဆိုခဲ့သည်။