POST TYPE

POPULAR POST

Macosty အွန်လိုင်းအရောင်းဈေးကွက် Platform တည်ထောင်သူ ကိုသတိုးထွန်းနှင့် တွေ့ဆုံခြင်း
26-Sep-2017 tagged as နည်းပညာ

ပြည်တွင်း၌ အွန်လိုင်းအရောင်းဆိုင် အများစုသည် လူမှုကွန်ရက် ဖေ့ဘွတ်ခ်ပေါ်တွင် စာမျက်နှာ ဖွင့်လှစ်ပြီး ရောင်းချသည့်ပုံစံဖြင့် ရပ်တည်နေကြသည်။ အွန်လိုင်းအရောင်းဆိုင်များအပြင် ပုံနှိပ်မီဒီယာများ၊ အွန်လိုင်းမီဒီယာများ အပါအဝင် လုပ်ငန်းအများစုက လူမှုကွန်ရက်ကို ရှောင်ရှားနိုင်ရန် မလွယ်ကူသည့် အခြေအနေဖြစ်သည်။ ပြည်တွင်းအွန်လိုင်း အရောင်းဈေးကွက်အတွင်း ဈေးကွက် Platform များကို တည်ထောင်ပြီး အွန်လိုင်းဈေးကွက်ကြီးတစ်ခုအဖြစ် တည်ထောင်ရန်လည်း ကြိုးပမ်းမှုများလည်း ရှိနေသည်။ ယင်းတို့အနက် Macosty အွန်လိုင်းအရောင်းဈေးကွက် Platform တည်ထောင်သူ ကိုသတိုးထွန်းနှင့် တွေ့ဆုံပြီး ပြည်တွင်း အွန်လိုင်းဈေးကွက် အခြေအနေများ၊ အွန်လိုင်းအရောင်းဆိုင်များ၏ အခြေအနေများနှင့် နှစ်အနည်းငယ်အတွင်း ပြောင်းလဲတိုးတက်လာမည့် ပြည်တွင်းအွန်လိုင်း အရောင်းဈေးကွက် အခြေအနေများကို မေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။


Voice : အွန်လိုင်းအရောင်းဈေးကွက် Platform တစ်ခုဖြစ်တဲ့ Macosty အကြောင်းနဲ့ ဒီအပေါ်မှာ ဘယ်လိုဝန်ဆောင်မှုတွေ ရရှိနိုင်မလဲဆိုတာ ပထမဆုံး ပြောပေးပါဗျ။

TTH : Macosty ကနေပြီး ဈေးကွက်ရှာဖွေ ရောင်းချတာ၊ ငွေပေးချေတာနဲ့ ဝယ်ယူသူတွေဆီကို ပို့ဆောင်ပေးတာတွေကို အွန်လိုင်းက ရောင်းချသူတွေအတွက် လုပ်ပေးထားပါတယ်။ လွန်ခဲ့တဲ့ ၃ လ ကစပြီး Express Platform လို့ နာမည်ပေးထားတဲ့ ကိုယ်ပိုင် e-Commerce Platform ကို သုံးပြီး ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေက Checkout လုပ်နိုင်အောင် ကူညီပေးနေပါတယ်။ နောက်ပိုင်းမှာလည်း အရိုးရှင်းဆုံး ဈေးကွက်နေရာတစ်ခု ဖြစ်အောင် အကျိုးတူ အကောင်အထည်ဖော် တည်ဆောက်သွားမှာပါ။ အောက်တိုဘာလ ၁ ရက်နေ့မှာ မိတ်ဆက်ပွဲကို Junction Maw Tin မှာ လုပ်နေကျ သီတင်းကျွတ် Promotion နဲ့အတူ ကျင်းပသွားမှာပါ။

Voice : အွန်လိုင်းအရောင်းဆိုတဲ့ နေရာမှာ ဝယ်သူဘက်ကပဲ ဒီနေရာမှာ ဝယ်နိုင်မှာလား။ ရောင်းချင်တဲ့သူတွေကရော ဒီအပေါ်မှာတင်ပြီး ရောင်းချလို့ ရနိုင်မလားဗျ။ ရနိုင်တယ်ဆိုရင် ဒီအပေါ်မှာလာပြီး ရောင်းချတဲ့အတွက် ဝန်ဆောင်ခ သဘောမျိုးကရော ဘယ်လောက်ရာခိုင်နှုန်း သတ်မှတ်ထားတာ ရှိမလဲဗျ။

TTH : Wholesale နဲ့ Retail ဗားရှင်းဆိုပြီး နှစ်ခု ရှိလာပါလိမ့်မယ်။ Supplier တွေက ကိုယ်ပိုင် Facebook Page Shop မှာ Retail ရော Wholesale ရောကို လက်ခံသွားနိုင်သလို Macosty Marketplace မှာလည်း အဲ့လိုတင်ပြီး ရောင်းချလို့ရပါတယ်။ ရောင်းချင်တဲ့သူ အားလုံးကို လက်ခံသွားပါမယ်။ ဝန်ဆောင်ခက အော်ဒါတစ်ခုချင်းအလိုက် ၅ ရာခိုင်နှုန်းက စပါတယ်။ အော်ဒါအပေါ် ရာခိုင်နှုန်းမပေးချင်ဘူးဆိုရင် လအလိုက် Package တွေ ရှိပါတယ်။ Macosty က နေပြီး ရောင်းချသူတွေအတွက် Photography, Product Profiling စတဲ့ အကူအညီတွေလည်း ပေးသွားမှာပါ။ အိမ်အရောက်ပို့ ဝန်ဆောင်မှု အတွက်လည်း အသက်သာဆုံးဖြစ်တဲ့ သူတွေနဲ့ ချိတ်ဆက်ထားလို့ ဈေးနှုန်းရော၊ ယုံကြည်စိတ်ချမှုရော အဆင်သင့်ပါပဲ။

အော်ဒါအပေါ် ရာခိုင်နှုန်းမပေးချင်ဘူးဆိုရင် လအလိုက် Package တွေ ရှိပါတယ်။ Macosty က နေပြီး ရောင်းချသူတွေအတွက် Photography, Product Profiling စတဲ့ အကူအညီတွေလည်း ပေးသွားမှာပါ။ 

Voice : ဘယ်လိုပစ္စည်းမျိုးတွေ ဒီကနေ ဝယ်ယူနိုင်မလဲဗျ။

TTH : စတင်ခဲ့တဲ့ အချိန်ကနေစပြီး ပစ္စည်းအမျိုး အစားတော်တော်များများ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ရိုးရာအထည်တွေ၊ လုပ်မှုပစ္စည်းတွေ၊ ရိုးရာအသုံးအဆောင်တွေနဲ့ ပန်းချီကား အမျိုးမျိုးကို အသက်သာဆုံးဈေးနှုန်းနဲ့ ရရှိဖို့ ကြိုးစားထားပါတယ်။ ဒီနှစ်ထဲမှာတော့ တခြားပစ္စည်းတွေဖြစ်တဲ့ လူသုံးကုန်တွေ၊ အိမ်သုံးကုန်ပစ္စည်း အမျိုးမျိုးကိုပါ ထပ်ပြီးဖြည့်သွားမှာပါ။ ဖြစ်နိုင်ရင် အများဈေးနဲ့ အသက်သာဆုံး ရောင်းချပေးသွားမှာပါ။

Voice : သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု၊ ငွေပေးချေမှုတွေကိုရော ဘယ်လိုပုံစံမျိုး ထည့်သွင်းပေးထားသလဲ။ ဒီမှာက ငွေပေးချေမှုအတွက်ဆိုရင် နည်းနည်းအခက်အခဲ ရှိဦးမလားဗျ။ ဆိုလိုတာက ငွေပေးချေမှု စနစ်တွေလည်း အတိုင်းအတာတစ်ခု အထိတော့ ရှိပေမယ့် လူတိုင်းသုံးတဲ့ အခြေအနေမျိုးတော့ မဟုတ်သေးတော့လေ။

TTH : သယ်ယူပို့ဆောင်ခကတော့ ၁၅၀၀ ကျပ် ကနေ ၃၀၀၀ ကျပ်ကြားပဲ ရှိပါတယ်။ ကျွန်တော်တို့နဲ့ ပူးပေါင်းထားတဲ့ လုပ်ငန်းတွေနဲ့ ဝန်ဆောင်မှုပေးမှာ ဖြစ်တဲ့အတွက် ယုံကြည်စိတ်ချရပြီး အာမခံနိုင်တဲ့သူတွေ ဖြစ်ပါတယ်။ ငွေပေးချေမှုကတော့ လက်ရှိငွေသား၊ ဘဏ်ကပေးချေတဲ့ပုံစံ၊ MPU၊ Visa/Master၊ Wave တို့ကို လက်ခံနိုင်ပါတယ်။ လက်ရှိလူတွေအသုံးပြုနေတဲ့ ငွေပေးချေမှု ပုံစံတွေ အကုန်လုံးကို ထည့်သွင်းသွားမှာပါ။ လူတိုင်းသုံးလာတဲ့အထိ လွယ်ကူအောင် လုပ်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် လူတွေအသုံးပြုနေတဲ့ ဘယ်လိုငွေပေးချေမှု ပုံစံကိုမဆို Macosty ဝန်ဆောင်မှုမှာ အမြန်ဆုံး ထပ်မံထည့်သွင်းသွားမှာပါ။

Voice : အွန်လိုင်းအရောင်းလို့ ဆိုလိုက်လို့ရှိရင် လူမှုကွန်ရက် အဓိကက ဖေ့စ်ဘွတ်စာမျက်နှာပေါ့လေ။ ဒီပေါ်ကနေတစ်ဆင့် ရောင်းချကြတယ်။ ဒီလို အွန်လိုင်းအရောင်းဈေးကွက်ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်ဆိုရင်ရော ဘာပြောဖို့ ရှိမလဲဗျ။

TTH : အခုလက်ရှိမှာ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခု ဖွင့်ပြီး အွန်လိုင်းရောင်းချတဲ့ပုံစံက များပါတယ်။ သူကတော့ တစ်ပိုင်တစ်နိုင် လုပ်ငန်းတွေ များတာပေါ့။ ကုမ္ပဏီကြီးတွေကတော့ ဖေ့စ်ဘွတ်ခ်ထက်စာရင် ဝက်ဘ်ဆိုက်နဲ့ မိုဘိုင်းလ် App ပါ တွဲလုပ်ကြပါတယ်။ ဒါပေမဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေကနေ ရောင်းချတဲ့ စံချိန်ကို မမီသေးပါဘူး။ အခုခေတ်ပေါ်စကားလုံးနဲ့ ပြောရင်တော့ လူမှုကွန်ရက် စီးပွားရေးပါ။ လူတွေရဲ့အကြိုက်၊ လိုအပ်မှုအပေါ် မူတည်ပြီး ပစ္စည်းတွေကို နည်းနည်းကနေ များများစားစားအထိ ယူပြီးရောင်းချကြပါတယ်။ ကျွန်တော်တို့ရဲ့ Platform ကတော့ အဲ့ဒီသူတွေ ပါလာပြီး ရောင်းချနိုင်အောင် လုပ်ဆောင်ထားပါတယ်။ သုံးချင်သူများ အနေနဲ့ တရားဝင် မှတ်ပုံတင်လုပ်ပြီး သုံးလို့ရပါတယ်။ Macosty အနေနဲ့ အားလုံးနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော်တို့ရဲ့ Platform ကို အသုံးပြုမယ်ဆိုရင် ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေကို ယုံကြည်စိတ်ချရမှု၊ လုံခြုံမှုတွေအတွက် အာမခံမှု ပေးနိုင်ပါတယ်။

Voice : ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ကြော်ငြာပြီး ရောင်းတယ်။ ဒီနေရာမှာ ပြောစရာရှိတာက ဖေ့စ်ဘွတ်ခ်ကို ပေးလိုက်ရတဲ့ ကြော်ငြာခတွေပေါ့။ ဒီဟာက ဘယ်အခွန်မှ ဆောင်စရာမလိုဘဲ၊ တစ်လတစ်လကို စုစုပေါင်း ဘယ်လောက်ပမာဏ ကိုယ့်ဆီက ပေးနေရသလဲ အတိအကျ မသိနိုင်တဲ့ အနေအထားတစ်ခုပေါ့။ ဒီအပေါ်မှာ ဘာပြောဖို့ ရှိမလဲဗျ။

TTH : အားလုံးက ဖေ့စ်ဘွတ်ခ်ကြော်ငြာကို အာရုံစိုက်နေတာပါ။ ဘာလို့လဲဆိုတော့ ဖေ့စ်ဘွတ်ခ်မှာပဲ အသုံးပြုသူတွေက စုပြုံနေတာကိုး။ အခွန်ကိစ္စကတော့ ကျယ်ပြန့်ပါတယ်။ ဖေ့စ်ဘွတ်ခ်ပဲဖြစ်ဖြစ်၊ Apple ပဲဖြစ်ဖြစ်၊ Alibaba ပဲဖြစ်ဖြစ် Online Transactionတိုင်းကို အခွန်ကောက်လို့ မလွယ်ကူပါဘူး။

မြန်မာပြည်က တိုးတက်လာတဲ့ အခါကျတော့ ပြည်တွင်း Credit/debit ကတ်တွေကို နေရာတော်တော်များများမှာ သုံးလို့ရနေပါပြီ။ ဒါကို ကောင်းတဲ့ဘက်က အရင်လက်ခံပြီး အကျိုးရှိရှိ သုံးနိုင်မယ်ဆိုရင် စီးပွားရေးရော ပညာရေး၊ လူမှုရေး ကိစ္စတွေမှာပါ ယခုထက် တိုးတက်အောင်မြင်လာနိုင်ပါတယ်။

Voice : ပြည်တွင်းမှာဆိုရင် ရှေ့မှာလည်း တချို့ ဒီလိုအွန်လိုင်းဈေးကွက်တွေ ထူထောင်ဖို့ ကြိုးစားခဲ့ကြတာ ရှိတယ်။ အတိုင်းအတာတစ်ခု အထိတော့ အောင်မြင်တာ ရှိကောင်းရှိမယ်။ အများစုကတော့ ဖေ့စ်ဘွတ်ခ်ကို အားကိုးနေကြရတာပဲ။ ဒီအခြေအနေမှာ ထိုးဖောက်ပြီး ထွက်နိုင်ဖို့ဆိုရင် ဘာတွေလုပ်ဖို့ လိုမယ်လို့ သုံးသပ်မလဲဗျ။

TTH : စလုပ်ဖို့က လွယ်ကူကောင်းလွယ်ကူမှာပါ။ ဒါပေမဲ့ ရေရှည်တည်တံ့အောင် လုပ်ဆောင်ဖို့က  အင်မတန် ခက်ပါတယ်။ ကျွန်တော်တို့က စတင်ကတည်းက Offline ရော Online ရောနဲ့ စခဲ့တာပါ။ အခုလပိုင်းအတွင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေနဲ့ပါ ပေါင်းစပ်အသုံးပြုနိုင်အောင် စီစဉ်ထားပါတယ်။ ကျွန်တော်တို့ အဓိက ရည်ရွယ်ချက်က ပြည်တွင်းထုတ်ကုန်တွေ၊ ထုတ်လုပ်သူတွေ၊ ရောင်းချသူတွေကို ပိုပြီး အွန်လိုင်းမှာ ရောင်းနိုင်အောင်၊ ဝင်ငွေတွေ ပိုပြီးတိုးတက်အောင် လုပ်ပေးချင်တဲ့အတွက် တည်ထောင်ခဲ့တာပါ။ ဒီလိုပဲ နိုင်ငံတကာက ဝင်ရောက်ရောင်းချချင်တဲ့ သူတွေကိုလည်း ချက်ချင်းလက်ငင်း Risk တစ်ခု မယူဘဲ ရောင်းချနိုင်အောင် ကူညီပေးနိုင်ပါတယ်။ ဒီဈေးကွက်မှာ လိုအပ်ချက်အပေါ် မူတည်ပြီး ပြောင်းလဲလုပ်ကိုင်သွားမှာပါ။

Voice : အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒီနိုင်ငံရဲ့ အွန်လိုင်းအရောင်းအဝယ် ဈေးကွက်အခြေအနေကိုရော နှိုင်းယှဉ်ပြီး ပြောပေးပါဦးဗျ။ ဒီမှာက အဲ့ဒီအလေ့အထ အားကောင်းလာဖို့ လိုအပ်ဦးမလားပဲ။

TTH : အိမ်နီးချင်းနိုင်ငံတွေမှာ e-Commerce က ထွန်းကားပြီးတဲ့ နိုင်ငံတွေ များပါတယ်။ ပြီးတော့ ငွေပေးချေမှု စနစ်တွေကလည်း ခိုင်မြဲထွန်းကားနေတာ ကြာခဲ့ပါပြီ။ မြန်မာပြည်မှာတော့ ဖေ့စ်ဘွတ်ခ်ကို အားထားပြီး ရောင်းချသလို အိမ်နီးချင်း နိုင်ငံတွေမှာလည်း Chat (Wechat, Line), instagram, Facebook စတဲ့ ကွန်ရက်တွေကိုသုံးပြီး ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနေကြပါတယ်။ e-Commerce ဝက်ဘ်ဆိုက်ကို တည်ထောင်ပြီး ရောင်းချတဲ့ခေတ်က ကျန်ခဲ့ပါပြီ။

Voice : တချို့လည်း ဖုန်းနံပါတ်အမှားတွေ ရိုက်ထည့်တာရှိမယ်၊ အိမ်လိပ်စာ အမှားတွေပေးတာ ရှိမယ်ပေါ့လေ။ ဒါက တော်တော်ဆိုးရွားတဲ့ အခြေအနေပါ။ လက်ရှိမှာ ဆိုရင်လည်း လာပို့တဲ့အခါကျမှ ဖုန်းမကိုင်တာ၊ ရှောင်နေတာမျိုးတွေလို အနှောင့်အယှက်တွေလည်း ရှိနိုင်တာပေါ့။ ဒါကို ဘယ်လိုဖြေရှင်းဖို့ စဉ်းစားထားသလဲဗျ။

TTH : ဒီကိစ္စက နှစ်ခုရှိပါတယ်။ တစ်ခုက ပစ္စည်းမှာပြီး ရောက်မှ ပိုက်ဆံပေးတာရယ်၊ နောက်တစ်ခုက ပိုက်ဆံအရင်ပေးပြီးမှ ပစ္စည်းပို့တာရယ်ပါ။ ကျွန်တော်တို့ Macosty က အသုံးပြုသူတွေရဲ့ ဖုန်းနံပါတ်ကို အော်ဒါလက်မခံခင်မှာ ပထမဆုံးအနေနဲ့ အရင်တောင်းပြီး စစ်ဆေးပါတယ်။ အိမ်လိပ်စာကိုလည်း ဖုန်းခေါ်ဆိုပြီး သေသေချာချာ အတည်ပြုပေးပါတယ်။ ဒါက တခြားနဲ့မတူတဲ့ ဝန်ဆောင်မှုပါ။ ဝယ်သူတွေကို ယုံကြည်မှု တည်ဆောက်ပြီး အဖြစ်နိုင်ဆုံး လက်ခံနိုင်အောင် ကြိုးစားထားပါတယ်။

Voice : ဒီအင်တာဗျူးရဲ့ နောက်ဆုံးမေးခွန်းအနေ နဲ့ ပြည်တွင်းအွန်လိုင်းအရောင်းအဝယ် ဈေးကွက်ရဲ့ လက်ရှိသွားနေတဲ့ပုံစံနဲ့ နောက်လာမယ့် နှစ်အနည်းငယ်အတွင်း ပြောင်းလဲလာနိုင်တဲ့ အခြေအနေတွေကိုလည်း သုံးသပ်ပေးပါဦးဗျ။ ဖြည့်စွက်ပြီး ပြောကြားလိုတာရော ဘာများရှိဦးမလဲဗျ။ 

TTH : လက်ရှိမှာ သွင်းကုန်ထုတ်ကုန် လမ်းကြောင်းတွေ ပိုပြီးပွင့်လာပါပြီ။ မြန်မာနိုင်ငံရဲ့ ဈေးကွက်က တစ်ဆင့်ပြီးတစ်ဆင့် သွားဖို့မလိုဘဲ အလျင်အမြန် ခုန်ကူးနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ နောင်နှစ် အနည်းငယ်အတွင်းမှာ အာရှပစိဖိတ်ဒေသတွင်းမှာ Export အများဆုံး လုပ်နိုင်တဲ့ အဓိကနိုင်ငံထဲမှာ တစ်ခုဖြစ်လာနိုင်ပါတယ်။ အွန်လိုင်းကို အဓိက အသုံးချပြီးတော့ ကုမ္ပဏီအကြီးတွေလည်း ဒီနိုင်ငံမှာ အွန်လိုင်းစတိုးတွေ၊ စက်ရုံတွေ ပိုပြီးရောက်ရှိ ဖွင့်လှစ်လာကြမှာပါ။ ကောင်းတဲ့ဘက်က မြင်ထားတာပေါ့။ ဘာကြီးပဲ ဝင်လာဝင်လာ ငွေပေးချေမှုစနစ်တွေက အဲ့ဒီအချိန် ဆိုရင်တော့ ပိုပြီးတိုးတက်ပြီး ဖြစ်နေလောက်ပြီလို့ ယူဆပါတယ်။                                                   

မောင်မန်း