News

POST TYPE

POPULAR POST

ချိန်ဘာလိန်းထက် ကီယန်ဂစ်ဘ်ကို လက်လွှတ်လိုက်ရခြင်းအပေါ် ပိုမိုနာကျင်ခံစားရကြောင်း အာစင်ဝင်းဂါး အသိပေး
24-Sep-2017
လန်ဒန်၊ စက်တင်ဘာ ၂၄

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ပိတ်သိမ်းပြီးစီးသွားခဲ့သည့် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်တွင် ကစားသမားများ ရောင်းထုတ်ခဲ့ရာ၌ ချိန်ဘာလိန်းကို လက်လွှတ်လိုက်ရခြင်းထက် ကီယန်ဂစ်ဘ်ကို ရောင်းထုတ်လိုက်ရသည်အား ပိုမိုနာကျင်ခံစားခဲ့ရသည်ဟု ဖွင့်ဟပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

ကီယန်ဂစ်ဘ်သည် အာဆင်နယ်အသင်း လူငယ်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး အသက် ၁၈ နှစ် အရွယ်တွင် နည်းပြအာစင်ဝင်းဂါးက ၎င်းကို အာဆင်နယ်အသင်းကြီး အဆင့်တွင် စတင်နေရာပေးခဲ့ကာ အာဆင်နယ်ထံတွင် ကစားသမားဘဝ ဖြတ်သန်းခဲ့စဉ် ကာလအတွင်း ကီယန်ဂစ်ဘ်က ပြိုင်ပွဲအရပ်ရပ်၌ ပွဲစဉ်ပေါင်း ၂၃၀ ပါဝင်ကစားခွင့်ကို ရရှိခဲ့သည်။

အသက် ၂၇ နှစ် အရွယ်ရှိ ကီယန်ဂစ်ဘ်သည် ယမန်နှစ် ဘောလုံးရာသီ၌ ပရီးမီးယားလိဂ်တွင် ပွဲစဉ် ၁၁ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ခြင်း၊ နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်တွင် အသင်းခံစစ်ကို အားဖြည့်ရန်အတွက် နည်းပြအာစင်ဝင်းဂါးက ကိုလာဆီနက်ကို ခေါ်ယူလိုက်ခြင်း စသည့် အချက်များကြောင့် အာဆင်နယ်ကို စွန့်ခွာသွားခဲ့ခြင်း ဖြစ်ပြီး ကီယန်ဂစ်ဘ်ကို လက်လွှတ်ပေးလိုက်ရခြင်းအတွက် မိသားစုဝင်တစ်ဦးကို ဆုံးရှုံးလိုက်ရသကဲ့သို့ ၎င်းအနေနှင့် ခံစားခဲ့ရကြောင်းလည်း အာစင်ဝင်းဂါးက ပြောကြားသွားခဲ့သေးသည်။

ကီယန်ဂစ်ဘ်သည် ယနေ့ (တနင်္လာနေ့) ညတွင် ဝက်စ်ဘရွန်းအသင်းကို ကိုယ်စားပြု၍ အသင်းဟောင်း အာဆင်နယ်ကို ရင်ဆိုင်ရန် အာဆင်နယ်အသင်းပိုင် အမ်းမရိတ်စ် ဘောလုံးကွင်းသို့ ပြန်လည်ရောက်ရှိလာလိမ့်မည် ဖြစ်ပြီး ကီယန်ဂစ်ဘ်နှင့် အာဆင်နယ်အကြားတွင် နှစ်ဦးနှစ်ဖက် သဘောတူညီချက်မျိုးဖြင့် လမ်းခွဲသွားခြင်းဖြစ်သည့်အတွက် ယခင်ကကဲ့သို့ ကောင်းမွန်သည့် ဆက်ဆံရေးများ အမြဲရှိသွားမည်သာ ဖြစ်ကြောင်းလည်း အာစင်ဝင်းဂါးက ထပ်လောင်းအသိပေး သွားခဲ့သေးသည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် အာစင်ဝင်းဂါးက “ကီယန်ဂစ်ဘ်ဟာ မတတ်သာလွန်းတဲ့ အခြေအနေတွေကြောင့် နှစ်ဦးနှစ်ဖက် သဘောတူညီချက် ရယူပြီး အာဆင်နယ်ကနေ ထွက်ခွာသွားခဲ့တာပါ။ ကစားသမား ရောင်းထုတ်လိုက်တာချင်း အတူတူမှာ ချိန်ဘာလိန်းထက် ကီယန်ဂစ်ဘ်ကို ကျွန်တော် ပိုပြီးနှမျောပါတယ်။ သူဟာ အာဆင်နယ် အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ကစားသမားပါ။ အသက် ၁၀ နှစ်အရွယ် ကတည်းက သူဟာ အာဆင်နယ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေခဲ့တာဖြစ်ပါတယ်။ အစောပိုင်းက သူဟာ တိုက်စစ်တောင်ပံကစားသမားအဖြစ် ကစားခဲ့သူပါ။ အသင်းကြီးအဆင့်ကိုရောက်မှ သူ့ကို ခံစစ်ကစားသမားအဖြစ် ကျွန်တော် ပုံသွင်းယူခဲ့တာ ဖြစ်ပါတယ်။ အသင်းအကယ်ဒမီထွက် ကစားသမားတစ်ယောက်ရဲ့ တန်ဖိုးဟာ ကျွန်တော့်အတွက်တော့ ဘာနဲ့မှမလဲနိုင်တဲ့ အရာတစ်ခုပါပဲ။ ဒါကြောင့်လည်း ကီယန်ဂစ်ဘ် အသင်းပြောင်းသွားတာကို မိသားစုဝင်ကောင်းတစ်ယောက် ဆုံးရှုံးလိုက်ရသလိုမျိုး ကျွန်တော် ခံစားခဲ့ရတာပါ” ဟု ပြောကြားသွားခဲ့သည်။

E-11