News

POST TYPE

POPULAR POST

မိန်းခွန်းပြောမည့်အချိန်ဖြစ်၍ အကြမ်းဖက်မှု ရှုတ်ချပွဲ ခွင့်မပြု
18-Sep-2017 tagged as မန္တလေး


(ပုံစာ - ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းပြောကြားမှုကို LED ဘုတ်ဖြင့် ပြသရန် မနော်ရမ္မံကွင်းတွင် ပြင်ဆင်နေသည်ကို စက်တာဘာလ ၁၈ ရက် မွန်းလွဲ ၂ နာရီခန့်က တွေ့ရစဉ်။)
မန္တလေး၊ စက်တင်ဘာ ၁၈

မန္တလေးမြို့ မနော်ရမ္မံ လူထုဟစ်တိုင်ကွင်းတွင်ပြုလုပ်မည့် အကြမ်းဖက် တိုက်ခိုက်မှုများ ရှုတ်ချမည့်အစီအစဉ်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည့်အချိန်နှင့်တိုက်ဆိုင်နေ၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်မပြုကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

အမျိုးသာသာ ချစ်မြတ်နိုးသူများက ဦးဆောင် ကျင်းပမည့် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ ရှုတ်ချပွဲ အခမ်းအနားကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မနော်ရမ္မံ လူထုဟစ်တိုင်ကွင်းတွင် စက်တင်ဘာလ ၁၉ ရက် နံနက် ၈ နာရီမှ ၁၂ နာရီအထိ ကျင်းပခွင့်ရရန် ဦးဆောင်သူ ဦးမောင်မောင်လွင်က မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် တိုင်းဒေသကြီးအစိုးရထံ ခွင့်ပြုချက်တင်ခဲ့ခြင်းဖြစ်သည်။

“သူတို့ပွဲလုပ်မယ့်အချိန်နဲ့ မိန့်ခွန်းပြောတာကို တိုက်ရိုက်ပြသမယ့် အချိန်က တိုက်နေတဲ့အတွက် ရှုတ်ချပွဲမလုပ်ဖို့ ပြောထားပါတယ်။ ကျွန်တော်တို့က LED ဘုတ်နဲ့ပြဖို့ အရင် စီစဉ်ထားတာဖြစ်တယ်။ သူတို့က ခွင့်ပြုချက်ကို မနေ့ (စက်တင်ဘာလ ၁၇ ရက်နေ့)ကမှ တင်လာတာဖြစ်တဲ့အတွက် သူတို့ကို တားမြစ်လိုက်တာ ဖြစ်ပါတယ်”ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောကြားသည်။

အဆိုပါ ရှုတ်ချပွဲတွင် ဦးလှဆွေ (ဘူးလတ်) အပါအဝင် လေးဦးတို့က ဟောပြောမှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော် အချုပ်အခြာ အာဏာတည်မြဲရေး၊ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ ပပျောက်ရေး၊ ပြည်ပစွက်ဖက်မှုအန္တရာယ် ကာကွယ်တားဆီးရေး စသည့်ကြွေးကြော်သံများ ကြွေးကြော်ကာ၊ ဆိုင်းဘုတ် ဗီနိုင်းများ ကိုင်ဆောင်မည်ဖြစ်ကြောင်း အကြောင်းကြားစာတွင် ဖော်ပြပါရှိသည်။

ယင်းသို့ အကြမ်းဖက်မှုများ ရှုတ်ချပွဲပြုလုပ်မည့် နေရာတွင်ပင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့်မိန့်ခွန်းကို LED ဘုတ်ဖြင့် မြန်မာဘာသာပြန်ဆိုကာ တိုက်ရိုက် ထုတ်လွှင့်ပြသပေးရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်နေခြင်းဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၉ ရက် နံနက်ပိုင်း ၁၀ နာရီတွင် The National Reconciliation and Peace အကြောင်း နေပြည်တော် MICC (II)၌ အင်္ဂလိပ်ဘာသာစကားဖြင့် ပြောကြားမည်ဖြစ်သည်။

M-04