News

POST TYPE

POPULAR POST

ဘင်္ဂလားဒေ့ရှ်သို့ ၅ နှစ်အတွင်း ဆန်တန်ချိန် တစ်သန်း တင်ပို့မည်

နေပြည်တော်၊ စက်တင်ဘာ၇

မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၅ နှစ်အတွင်း ဆန်တန်ချိန် တစ်သန်းတင်ပို့ရောင်းချမည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားသည်။

နေပြည်တော် Hilton ဟိုတယ်တွင် စက်တင်ဘာ ၇ ရက် ည ၆ နာရီကျော်ကပြုလုပ်သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ဘင်္ဂလားဒေ့ရှ် စားနပ်ရိက္ခာ ဝန်ကြီးဌာနတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းမပြုမီ မီဒီယာများကို တွေ့ဆုံပြောကြားခြင်းဖြစ်သည်။

ယခုနှစ်တွင် မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၂ သိန်းခွဲနှင့် ပေါင်းဆန် ၂ သောင်း အပါအဝင် စုစုပေါင်း သုံးသိန်းနီပါးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရောင်းချရန် နားလည်မှု သဘောတူညီချက် MoU ရေးထိုးမှာဖြစ်ပြီး ၅ နှစ်အတွင်း ဆန်တန်ချိန် တစ်သန်း တင်ပို့နိုင်ရေးကို ဆက်လက်ဆောင်ရွက်မည်ဟု ဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌက ဆိုသည်။

ဆန်များတင်ပို့ရေးအတွက် အစိုးရအချင်းချင်း ဈေးကွက်ကို ချိတ်ဆက် ဆောင်ရွက်မှာဖြစ်ပြီး ဘင်္ဂလာဒေ့ရှ်ဘက်မှလည်း အရည်အသွေး ကောင်းသည့် ဆန်များဖြစ်သည် ဆန်ကွဲ ၁ဝ ရာခိုင်းနှုန်းသာ ပါဝင်သော ဆန်များ ဝယ်ယူနိုင်ရေးနှင့် ၃ လအတွင်း တင်ပို့ရောင်းချရေး သဘောတူညီချက်တွင် ပါဝင်ကြောင်း၊ မြန်မာဘက်က ရောင်းချမည့်ဈေးနှုန်းမှာ ကမ္ဘာ့ပေါက်ဈေးထက် မနိမ့်သော ဈေးနှုန်းကိုရရှိမည်ဟု ဦးအောင်သန်းဦးက ဆိုသည်။

“ရောင်းချမယ့် ဈေးနှုန်းတော မသတ်မှတ်ရသေးပါဘူး။ ဒီလိုဈေးကွက်ရထားတာ အခွင့်အရေးတစ်ရပ်ပါ”ဟု ၎င်းကဆိုသည်။

မြန်မာဆန်မှာ နိုင်ငံခြားသို့ တင်ပို့နိုင်သည့် အနေအထားရှိကြောင်းနှင့် ဆန်စပါးဈေးကွက်သည် တရုတ်မှ ဘင်္ဂလားဒေ့ရှ် ဈေးကွက်ကို ပြောင်းလာသည့်အတွက် ခိုင်မာသည့်ဈေးကွက် ဖြစ်လာနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင်က ပြောကြားသည်။

မြန်မာနိုင်ငံသည် ယခုနှစ်တွင် စပါးစိုက်ပျိုးမှု မိုးစပါး ၁၅သန်းရှိပြီး မိုးစပါး ၂ သန်းရှိသည်ဟု စိုက်ပျိုးရေးဦးစီးဌာနမှ စုံးစမ်းသိရှိရသည်။

T.L