News

POST TYPE

POPULAR POST

ထိုင်းရောက်မြန်မာများအတွက် ရွှေ့ပြောင်း အလုပ်သမား ပညာပေး APP စတင်ဖြန့်ချိ
07-Sep-2017 tagged as မြန်မာ ထိုင်း

ရန်ကုန်၊ စက်တင်ဘာ ၇

ထိုင်းရောက် မြန်မာလုပ်သားများအတွက် လူကုန်ကူးခံရမှုနှင့် အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများကို ကာကွယ်ရန်ရည်ရွယ်၍ ရွှေ့ပြောင်း အလုပ်သမား ပညာပေး APP ကို စက်တင်ဘာလ ၇ ရက်တွင် စတင် ဖြန့်ချိလိုက်ပြီဖြစ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)ထံမှ သိရသည်။

ထိုင်းရောက် မြန်မာများအတွက် ရည်ရွယ်ထုတ်လုပ်သည့် ရွှေ့ပြောင်းအလုပ် သမားပညာပေး FED’s  Myanmar Mobile Application မိတ်ဆက်ပွဲကို စက်တင်ဘာလ ၇ ရက်က ရန်ကုန်မြို့ Orchid Hotel တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ လူမျိုးတွေအတွက် သတင်း အချက်အလက်က အရေးကြီးပါတယ်။ အခက်အခဲရှိရင် မြန်မာသံအရာရှိ ဘယ်လို ဆက်သွယ်ရမလဲ၊ ဘယ်မြို့တွေမှာ ဘယ်လိုအဖွဲ့အစည်းတွေ ရှိသလဲ၊ ဘယ်လို ဆက်သွယ်လို့ရမလဲ ဆိုတာကို သိနိုင်မယ်။ နောက်ပြီး လူကုန်ကူးခံရမှု၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုတွေ လျော့နည်းအောင်ပါ”ဟု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ၏ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ဆိုသည်။  

FED Myanmar Mobile APP တွင် Uptodate နေ့စဉ်သတင်းများ၊ ရွှေ့ပြောင်း အလုပ်သမားများအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၏ အရေးပေါ် ကြေညာချက်များ၊ သံရုံးအရာရှိများ ဖုန်းနံပါတ်များ၊ အလုပ်သမားများ အရေးပေါ် အခက်အခဲရှိလျှင် အကူအညီ တောင်းခံရန်အတွက် ရင်ဖွင့်ချက်များ၊ သက်ဆိုင်ရာ ဌာနများထံ တိုက်ရိုက်ပေးပို့နိုင်ခြင်း၊ လွှတ်တော်ရေးရာ၊ ဌာနဆိုင်ရာများထံ အကြောင်းကြားစာများ ပေးပို့၍ အကူအညီ ရယူနိုင်ရန်၊ မီဒီယာဌာနများထံသို့ သတင်းပေးပို့နိုင်ခြင်း၊ NGO များထံ တိုက်ရိုက် အကူအညီ တောင်းခံနိုင်ခြင်း၊ ထိုင်း၊ မြန်မာ၊ အင်္ဂလိပ်၊ ကမ္ဘောဒီးယား ဘာသာစကားများကို ဘာသာပြန်သည့် Application ပါ ပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းအက်ပလီကေးရှင်း ထုတ်လုပ်ရန် မြန်မာငွေ သိန်း ၅၀ ဝန်းကျင် ကုန်ကျပြီး FED ဖောင်ဒေးရှင်းနှင့် ထိုင်းနိုင်ငံ အခြေစိုက် ILO အဖွဲ့အစည်းတို့ ထောက်ပံ့ပေးသည်။ 

J-18