News

POST TYPE

POPULAR POST

ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ကို ဖျက်သိမ်းပစ်လိုက်သင့်ပြီဟု အာစင်ဝင်းဂါး ပြောကြား
06-Sep-2017
လန်ဒန်၊ စက်တင်ဘာ ၆

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ဥရောပ ဘောလုံးလောကတွင် ဇန်နဝါရီကာလ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်ကို မထားရှိသင့်တော့ဘဲ ဖျက်သိမ်းပစ်လိုက်သင့်ပြီဟု ဖွင့်ဟအသိပေးသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

အာစင်ဝင်းဂါးသည် ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက် ရှိနေသည့်အတွက် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်တွင် အသင်းပြောင်းရန် အဆင်မပြေ ဖြစ်ခဲ့ကြရသည့် ကစားသမားများမှာ လက်ရှိအသင်းအတွက် အာရုံစူးစိုက်မှု အပြည့်အဝ ထားရှိကစားပေးရန်ထက် ဇန်နဝါရီလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက် ပြန်လည် ဖွင့်လှစ်မည့်အချိန်ကိုသာ စိတ်ရောက်နေတတ်ကြလေ့ရှိသည်ဟု ထောက်ပြသွားခဲ့ပြီး ဘောလုံးရာသီတစ်ခုအတွက် အပြောင်းအရွှေ့ ဈေးကွက်တစ်ခုတည်းသာ ထားရှိခြင်းကသာ သင့်တင့်မျှတမှု အပြည့်ရှိကြောင်း ၎င်းက မှတ်ချက်ပေးအပ်သွားခဲ့သေးသည်။

အာဆင်နယ် တိုက်စစ်မှူး ဆန်းချက်ဇ်သည် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက် နောက်ဆုံးနေ့တွင် မန်စီးတီးထံသို့ ပြောင်းရွှေ့နိုင်ရန် နီးစပ်ခဲ့အပြီးတွင်မှ ၎င်း၏ အပြောင်းအရွှေ့ ပျက်ပြယ်သွားခဲ့ရသည်ကို အလွန်အမင်း စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ပြီး လာမည့် ဇန်နဝါရီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက် ဖွင့်လှစ်ချိန်တွင် မန်စီးတီးက ၎င်းအတွက် အာဆင်နယ်ထံသို့ ပြန်လည် ကမ်းလှမ်းဆက်သွယ်လာလိမ့်မည်ဟု ဆန်းချက်ဇ်က မျှော်လင့်ချက်ထားရှိနေဆဲဖြစ်သည်။

မန်စီးတီးသည် ဆန်းချက်ဇ်ကို ခေါ်ယူရန်အတွက် ပိတ်သိမ်းပြီးစီးသွားခဲ့သည့် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်၌ အာဆင်နယ်ထံသို့ ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၆၀ ဖြင့် ကမ်းလှမ်း ဆက်သွယ်ခဲ့ပြီး အာဆင်နယ်အနေနှင့် ဆန်းချက်ဇ်ကို လာမည့်ဇန်နဝါရီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်တိုင်သည်အထိ စာချုပ်သစ် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိခဲ့ပါက ၎င်းနှင့် အာဆင်နယ်အကြားရှိ စာချုပ်သက်တမ်းမှာ ခြောက်လသို့တိုင် လျော့ကျသွားတော့မည်ဖြစ်၍ မန်စီးတီးက ဈေးနှိမ်မှုများ မလွဲမသွေ ရှိလာတော့မည်ဖြစ်သည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် အာစင်ဝင်းဂါးက “နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်မှာ အသင်းပြောင်းဖို့ အဆင်မပြေဖြစ်ခဲ့ရတဲ့ ကစားသမားတွေက အောက်တိုဘာလရောက်တာနဲ့ လက်ရှိအသင်းအတွက် ကောင်းကောင်းမွန်မွန် ကစားပေးချင်စိတ် မရှိတော့ပါဘူး။ လာမယ့်ဇန်နဝါရီရောက်ရင် အသင်းပြောင်းနိုင်ဖို့အတွက် ဒဏ်ရာအနာတရ ကြီးကြီးမားမား ဖြစ်မနေဖို့လိုတယ်ဆိုတဲ့ အတွေးမှားတွေက သူတို့ခေါင်းထဲကို ဝင်ရောက်လာပါတော့တယ်။ ဇန်နဝါရီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်ဟာ ဘောလုံးလောကအတွက် အနှောင့်အယှက်ပါပဲ။ ဒီဈေးကွက်ကို ဖျက်သိမ်းလိုက်သင့်ပါပြီ။ ဇန်နဝါရီဈေးကွက်ဟာ ကစားသမားတွေရဲ့ အနာဂတ် မတည်ငြိမ်မှုနဲ့ ရင်ဆိုင်နေရတဲ့ အသင်းတွေအတွက် အရမ်းကို အထိနာစေပါတယ်”ဟု ပြောကြားသွားခဲ့သည်။


  • VIA