News

POST TYPE

POPULAR POST

အာဆင်နယ်အတွက် အောင်မြင်သည့် အပြောင်းအရွှေ့ ဈေးကွက်တစ်ခု ဖြစ်ခဲ့ကြောင်း ဂါဇီဒစ် အံ့သြသင့်ဖွယ် ပြောကြား
04-Sep-2017
လန်ဒန်၊ စက်တင်ဘာ ၄

အာဆင်နယ်အသင်း အားကစားဒါရိုက်တာ ဂါဇီဒစ်သည် ပိတ်သိမ်းပြီးစီးသွားခဲ့သည့် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်မှာ အသင်းအတွက် အောင်မြင်သည့် အပြောင်းအရွှေ့ ဈေးကွက်တစ်ခု ဖြစ်ခဲ့သည်ဟု အံ့သြသင့်ဖွယ် ထုတ်ဖော် ပြောကြားသွားခဲ့ကြောင်း Sky Sports က ဖော်ပြထားသည်။

အာဆင်နယ်အသင်း အားပေးသူများ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ ဘောလုံးပရိသတ်များသည် အာဆင်နယ်၏ နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက် လှုပ်ရှားမှုများကို အားမလို အားမရ ဖြစ်ခဲ့ကြပြီး ဂါဇီဒစ်၏ မှတ်ချက်စကားများမှာ ၎င်းတို့အတွက် လွန်စွာအံ့အားသင့်စရာ ဖြစ်ခဲ့ရကြောင်း အင်တာနက် လှုမှုကွန်ရက် စာမျက်နှာများကတစ်ဆင့် အာဆင်နယ်အသင်း အားပေးသူများက တုံ့ပြန်နေကြပြီဖြစ်သည်။

အာဆင်နယ်သည် ပိတ်သိမ်းပြီးစီးသွားခဲ့သည့် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်တွင် ရှော်ကေးနောက်ခံလူ ကိုလာဆီနက်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်လည်းကောင်း၊ လိုင်ယွန်တိုက်စစ်မှူး လာကာဇက်ကို အသင်းသမိုင်းကြောင်းတစ်လျှောက် စံချိန်တင် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၅၂ သန်းဖြင့်လည်းကောင်း ခေါ်ယူအားဖြည့်ကာ ဆန်းချက်ဇ်နှင့် အိုဇေးလ်တို့ကို စာချုပ်သစ် မချုပ်နိုင်ဘဲနှင့် အသင်းတွင် ဆက်လက် ထိန်းသိမ်းထားလိုက်သည်မှာ လွန်စွာ အန္တရာယ် များလွန်းလှသည့် အခြေအနေ တစ်ရပ်ဖြစ်ကြောင်းလည်း အာဆင်နယ် ပရိသတ်များက ထောက်ပြလျက်ရှိသည်။

အာဆင်နယ်သည် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်အတွင်း အသုံးစရိတ် စုစုပေါင်း ပေါင် ၅၂ သန်းသာ ရှိခဲ့ပြီး ကစားသမား ပြန်လည် ရောင်းထုတ်ခြင်းနှင့် အငှားချခြင်းကတစ်ဆင့် ပြန်လည်ရရှိသော ဝင်ငွေပမာဏမှာ ပေါင် ၇၉ သန်းရှိခဲ့သည့်အတွက် စာရင်းချုပ်လိုက်မည်ဆိုပါက ပေါင် ၂၇ သန်း အမြတ်ထွက်ခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် ဂါဇီဒစ်က “ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်က ဆန်းချက်ဇ်နဲ့ အိုဇေးလ်တို့ကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ ဖြစ်တယ်လို့ အပြောင်းအရွှေ့ဈေးကွက် မဖွင့်လှစ်ခင်ကတည်းက ပြောခဲ့ပါတယ်။ အခုအနေအထားအရ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဟာ အောင်မြင်မှု ရခဲ့တယ်လို့ပဲ ပြောရမှာပါ။ အရည်အသွေးမြင့် ကစားသမား နှစ်ယောက်ကို ခေါ်ယူပြီး အသင်းကို ထပ်မံ အင်အားဖြည့်တာမျိုးလည်း ကျွန်တော်တို့ ဆောင်ရွက်လိုက်နိုင်ပါတယ်။ ဆန်းချက်ဇ်နဲ့ အိုဇေးလ်တို့ကို ငွေရေးကြေးရေး အခန်းကဏ္ဍတွေ ထည့်မတွက်ဘဲ အသင်းမှာ ဆက်ထိန်းထားဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်”ဟု ပြောကြားသွားခဲ့သည်။


  • VIA