News

POST TYPE

POPULAR POST

မြန်မာ-ဘင်္ဂလားဒေ့ရှ် ခြံစည်းရိုးခတ်ရန် ကျန်ရှိသည့် မိုင် ၄၀ ကာရံရန် ဘတ်ဂျက်မရှိ
ရန်ကုန်၊ စက်တင်ဘာ ၃

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နယ်နိမိတ် ခြံစည်းရိုး  မိုင်ပေါင်းလေးဆယ်ကျော် ကာရန် ကျန်ရှိသည့် စီမံကိန်းကို (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်အတွင်း ဘတ်ဂျက်မရှိ၍ ကာရံရန် မရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြား နယ်နိမိတ်အားဖြင့် မိုင်ပေါင်း ၁၆၈ ဒသမ ၅၇ မိုင်အား နယ်နိမိတ်စည်းရိုး ကာရံမှုကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က စတင်ပြုလုပ်ခဲ့ရာ လက်ရှိတွင် မိုင်ပေါင်း ၄၂ မိုင် ကာရံရန် ရှိနေသေးကြောင်း  ဒုသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာတွင် ဖော်ပြထားခြင်း ဖြစ်သည်။

ထို့အပြင် ကာရံပြီးဖြစ်သော နယ်နိမိတ် စည်းရိုးများတွင်လည်း ခြံစည်းရိုး ပျက်စီးနေသည့် အခြေအနေ မှတ်တမ်းများကိုလည်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ထိုကဲ့သို့ ဆက်လက်ကာရန် ကျန်ရှိသည့် မိုင်လေးဆယ်ကို ယခုနှစ် ဘဏ္ဍာနှစ်အတွင်း စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် မရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြား နယ်နိမိတ်ခြံစည်းရိုး ကာရန် ကျန်ရှိသည့် ကိစ္စရပ်အပေါ် ပြည်ထဲရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်ထွန်းဦး (ဒုတိယ အမြဲတမ်းအတွင်းဝန်) ထံ The Voice သတင်းစာ မေးမြန်းခဲ့ရာ “အဲ့ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မသိဘူး” ဟု ပြည်ထဲရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်ထွန်းဦးက ပြောကြားသည်။

လက်ရှိ မြန်မာ-ဘင်္ဂလားဒေ့ရ်ု ခြံစည်းရိုး ကာရံမှုကို ပြည်ထဲရေး ဝန်ကြီးဌာနမှ ဘတ်ဂျက်ရေးဆွဲပြီး စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများကို ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ကာကွယ်ရေး ဝန်ကြီးဌာန စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ စီမံကိန်း အကောင်အထည် ဖော်ရခြင်း ဖြစ်သည်။

“ခြံစည်းရိုးခတ်တဲ့ ကိစ္စကို ယခင်က ပြည်ထဲရေး ဝန်ကြီးဌာနက တာဝန်ယူလုပ်ဆောင်ပါတယ်။ ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ခုနှစ်အချိန်၌ ခြံစည်းရိုးခတ်ရမည် အကွာအဝေး၏ သုံးပုံနှစ်ပုံကို ဆောင်ရွက်ပြီး ဖြစ်တယ်။ လုပ်ရန်ကျန်တာပေါ့။ လမ်းပန်းဆက်သွယ်ရေးခက်တဲ့ တောင်ပေါ်ဒေသ၊ အဲ့ကိုသွားဖို့ လမ်းတောင်မရှိသေးတဲ့ နေရာပေါ့။ အဓိက အခက်အခဲကတော့ ဘတ်ဂျက်ပါပဲ။ လက်ရှိ ခတ်ပြီးသား ခြံစည်းရိုးတွေ ထိန်းသိမ်းတာက ပြည်ထဲရေးက ဆောင်ရွက်တယ်” ဟု နယ်စပ်ရေးရာ ဝန်ကြီးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ယင်းခြံစည်းရိုးသည် မြန်မာနိုင်ငံ လုံခြုံရေးအတွက် အရေးကြီးသောနယ်မြေ ဖြစ်ရာ   ပြည်ထောင်စုအစိုးရ အနေနှင့် အမြန်ဆုံး ဆောင်ရွက်သင့်ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဆိုသည်။

“ပြည်ထဲရေးမှာ ဘတ်ဂျက်မရှိဘူး ဆိုတာက မေးစရာပေါ့။ ပြည်ထဲရေးမှာ ဘတ်ဂျက်မရှိရင်လည်း နိုင်ငံတော်သမ္မတ သီးသန့်ရန်ပုံငွေကနေ သုံးစွဲလုပ်ရပါတယ်။ နယ်စပ်ခြံစည်းရိုး မလုံလို့ ယခုလို ပြဿနာတွေ ဖြစ်နေတာ” ဟု ဒေါက်တာအေးမောင်က ဆက်လက်ပြောသည်။

လက်ရှိအချိန်၌ ယင်းနယ်စပ်ခြံစည်းရိုးများ ယိုယွင်းပျက်စီးမှုအချို့ကို ပြည်ထဲရေးက ပြုပြင်ဆောင်ရွက်လျက် ရှိသော်လည်း ခြံစည်းရိုးခတ်ရန် ကျန်ရှိသည့် စီမံကိန်း ဧရိယာကို ဆက်လက်အကောင်အထည်ဖော်ခြင်း မရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

အထက်ပါကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးထံ ဆက်သွယ်မေးမြန်းရာ “ပြည်ထဲရေးကို မေးကြည့်ပါ။ ခြံစည်းရိုးကာတဲ့ ကိစ္စက သူတို့နဲ့ သက်ဆိုင်တာပါ” ဟု ပြန်လည်ဖြေကြားသည်။

J-07