News

POST TYPE

POPULAR POST

မျောက်များ လက်ဖက်ရည်ပါတီပွဲ ကျင်းပသည့် ကလပ်အသင်းဖြစ်သွားပြီဟု အာဆင်နယ်ကို အီယန်ရွိုက် ဝေဖန်
02-Sep-2017

လန်ဒန်၊ စက်တင်ဘာ ၂

အာဆင်နယ်အသင်းဂန္ထဝင်တိုက်စစ်မှူးဟောင်း အီယန်ရွိုက်သည် လက်ရှိ အာဆင်နယ်အသင်းမှာ အပေါ်ထပ် တစ်နေရာတွင် မျောက်များ လက်ဖက်ရည်ပါတီပွဲ ကျင်းပလျက်ရှိသည့် ကလပ်အသင်းနှင့် အလားသဏ္ဍာန် တူနေပြီဟု ပြင်းပြင်းထန်ထန် ဝေဖန်ဖြစ်တင်သွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

အီယန်ရွိုက်သည် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက် တရားဝင် ပိတ်သိမ်းပြီးစီးသွားချိန်တွင် တွစ်တာလူမှုကွန်ရက် စာမျက်နှာရှိ ၎င်း၏ Profile ဓာတ်ပုံကို ပြောင်းလဲလိုက်ပြီး ၎င်းပြောင်းလဲလွှင့်တင်လိုက်သည့် ဓာတ်ပုံသစ်မှာ အသင်းလာဘ်ကောင်ရုပ်က အသင်းလိုဂို အမှတ်တံဆိပ်တွင် ပါရှိသည့် အမြောက်၏ပြောင်းဝကို ပါးစပ်အတွင်းသို့ ထည့်သွင်းကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် ပြင်ဆင်နေသည့်ပုံဖြစ်သည်။

အီယန်ရွိုက်သည် အာဆင်နယ်အနေနှင့် သောမတ်စ်လီမာကို ခေါ်ယူမည့်ကိစ္စကို အချိန်စောစီးစွာ စီစဉ်ခဲ့သင့်ကြောင်း ထောက်ပြသွားခဲ့ပြီး လီမာကို ခေါ်ယူရရှိခြင်း မရှိသည့်အတွက် ဆန်းချက်ဇ်ကို အသင်းတွင် ဆက်လက်ထိန်းသိမ်းထားရန် ဆုံးဖြတ်လိုက်ခြင်းမှာ အာဆင်နယ်အတွက် ကြီးစွာသော အမှားကျူးလွန်မှုတစ်ခု ဖြစ်လာလိမ့်မည်ဟု အီယန်ရွိုက်က ပြောကြားသွားခဲ့သည်။

အီယန်ရွိုက်သည် ဆန်းချက်ဇ်မှာ အာဆင်နယ်အတွက် အာရုံစူးစိုက်မှု အပြည့်ဖြင့် ကစားပေးတော့မည် မဟုတ်ကြောင်းလည်း သုံးသပ် ထောက်ပြထားပြီး လာမည့် ၂၀၁၈ ခုနှစ် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဆန်းချက်ဇ်နှင့် အိုဇေးလ်တို့ နှစ်ဦးလုံးကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်လိုက်ရပါက အာဆင်နယ်၏ အခြေအနေမှာ လွန်စွာ ယိမ်းယိုင်သွားလိမ့်မည်ဟု အီယန်ရွိုက်က အသိပေးသွားခဲ့သေးသည်။

အာဆင်နယ်သည် ဆန်းချက်ဇ်နှင့် အိုဇေးလ်တို့ကို လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီကာလတိုင်သည်အထိ စာချုပ်သစ် လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်း မရှိပါက ယင်းဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်အတွင်း အဆိုပါကစားသမား နှစ်ဦးမှာ အင်္ဂလန်ပြင်ပရှိ ပြည်ပ ကလပ်အသင်းများနှင့် လွပ်လပ်စွာ ဆွေးနွေးခွင့် ရှိသွားတော့မည်ဖြစ်ပြီး လက်ရှိတွင် ဆန်းချက်ဇ်ကို ခေါ်ယူရန် စောင့်ကြည့်နေသော အသင်းများအနက်၌ မန်စီးတီးအပြင် ပီအက်စ်ဂျီလည်း ပါဝင်လာခဲ့ပြီဖြစ်သည်။


  • VIA