News

POST TYPE

POPULAR POST

အာစင်ဝင်းဂါးကို ထောက်ခံသည့် အာဆင်နယ် ပရိသတ်ပမာဏ ငါးရာခိုင်နှုန်းသာရှိ
01-Sep-2017
လန်ဒန်၊ သြဂုတ် ၃၁

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အသင်းအားပေးသူ ပရိသတ်များ၏ ထောက်ခံမှု ကျဆင်းသည့် အခြေအနေကို ရင်ဆိုင်နေရပြီဖြစ်ကာ လက်ရှိတွင် အာစင်ဝင်းဂါးကို ထောက်ခံသည့် အာဆင်နယ် ပရိသတ် ပမာဏမှာ ငါးရာခိုင်နှုန်းသာ ရှိတော့ကြောင်း The Mirror က ဖော်ပြထားသည်။

အာဆင်နယ်သည် ပရီးမီးယားလိဂ် ရာသီဖွင့်ပွဲစဉ် သုံးပွဲတွင် တစ်ပွဲသာ အနိုင်ရကာ နှစ်ပွဲရှုံးနိမ့်ထားပြီး လက်ရှိတွင် အသင်းရှိ ကစားသမားများကလည်း နည်းပြ အာစင်ဝင်းဂါးကို ယုံကြည်မှု လျော့ကျနေကြပြီ ဖြစ်သည်။

အာစင်ဝင်းဂါးသည် အာဆင်နယ်က လက်စတာကို လေးဂိုး သုံးဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ရာသီဖွင့် ပရီးမီးယားလိဂ်ပွဲစဉ် အပြီးတွင် အသင်းအားပေးသူ ပရိသတ်များ၏ ထောက်ခံမှု ပမာဏ ၃၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့သေးကာ သီတင်းနှစ်ပတ်အတွင်းတွင် ၎င်းအပေါ် ပရိသတ် ထောက်ခံမှုမှာ ရုတ်ချည်းကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။

အာဆင်နယ်အသင်း ပရိသတ်အများစုသည် အသင်းတာဝန်ရှိသူများ အနေနှင့် အာစင်ဝင်းဂါးကို ရာထူးက ထုတ်ပယ်လိုက်သင့်ပြီ ဖြစ်ကြောင်း တိုက်တွန်းတောင်းဆိုနေကြပြီ ဖြစ်ပြီး လက်ရှိတွင် ရာထူးထုတ်ပယ်ခံရနိုင်ခြေ ရှိသော နည်းပြစာရင်း၌ အာစင်ဝင်းဂါး၏ အလေးပေးချက်များမှာ  တဖြည်းဖြည်းချင်း မြင့်တက်နေပြီလည်း ဖြစ်သည်။

Voice of the fans စစ်တမ်းကောက်ယူရေးအဖွဲ့သည် အသင်းတစ်သင်းချင်းစီ၏ ပရိသတ်များကို ဆန္ဒမဲများ ပေးအပ်စေကာ လူကြိုက်များမှု အများဆုံး နည်းပြစာရင်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ယင်းစာရင်းကို အသင်းအားပေးသူ ပရိသတ်များ၏ ထောက်ခံမဲ ပမာဏ ၉၉ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးနေရာက ဦးဆောင်နေသည်မှာ ဟတ်ဒါးစဖီးလ်အသင်းနည်းပြ ဒေးဗစ်ဝက်ဂ်နာ ဖြစ်သည်။   

E-11