News

POST TYPE

POPULAR POST

KL. Day 4

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော အားကစားကလောင်ရှင် ဦးချစ်ဝင်းမောင်၏ ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည်။

ဒီနေ့ညလည်း ဟိုတယ်အပြန် နောက်ကျပြန်ပါတယ်။ UiTM ကွင်းမှာ ကစားတဲ့ အမျိုးသမီးဘောလုံးပွဲက မလေးစံတော်ချိန် ည ၁၀:၃၀ နာရီမှာ ပြီးပါတယ်။ ကွင်းထဲကထွက်တော့ ည ၁၁ နာရီစွန်းစွန်း။ Shah Alam ကနေ မြို့ထဲ Bukit Bintang မှာရှိတဲ့ Federal ဟိုတယ်ရောက်တော့ မနက် ၁ နာရီ ၅ မိနစ်တိတိ ရှိပါပြီ။ လမ်းမှာ နှစ်နာရီကျော် ကြာသွားတယ်။ အရင်နေ့က ည ၁၂ နာရီကျော်လောက် ပြန်ရောက်ပေမယ့် ဒီနေ့တော့ လမ်းမှာ အကြာကြီး ကားတွေပိတ်နေလို့ ပိုနောက်ကျသွားပါတယ်။ KL စည်ပင်က ညဘက် လမ်းခင်းနေလို့ ယာဉ်ကြောတစ်ကြော ပိတ်ထားတဲ့အတွက် ပိုကြာသွားတာပါ။ ည ၁၂ နာရီကျော်လာပြီ ဆိုတော့ ဗိုက်ကလည်းဆာ၊ ပင်ပန်းပြီး အိပ်လည်းငိုက်စ ပြုလာတယ်။

Petaling jaya မှာ ကားပိတ်နေတုန်း ဖေ့စ်ဘွတ်ခ်သတင်းတွေ တက်လာတယ်။ အမျိုးသမီးအသင်း စီးမယ့်ကား ဒရိုင်ဘာ နေမကောင်းလို့ ကားမောင်းတဲ့သူမရှိ ဖြစ်နေတယ်။ ည ၁၁:၄၀ အထိ သူတို့ကွင်းထဲက မထွက်နိုင်သေးဘူးဆိုတဲ့သတင်း။ ဘာဖြစ်တာလဲတော့မသိ။ ထုံးစံအတိုင်း မလေးတွေကတော့ ညစ်ပြန်ပြီလားမသိ။ ဖြစ်ပုံက ဒီနေ့အမျိုးသမီးအသင်းပွဲစဉ်မှာ မြန်မာအမျိုးသမီးအသင်းက မလေးအမျိုးသမီးအသင်းကို ၅-၀ နဲ့ နိုင်သွားတယ်။ ဒါက မဆန်းပါဘူး။ အမြဲနိုင်နေကြပါ။ ဒါတောင် ဒီနေ့ ပထမပိုင်း ကစားပုံ ဖရိုဖရဲဖြစ်ပြီး ဂိုးမသွင်းနိုင်ခဲ့ဘူး။ မလေးတို့ အင်ဒိုတို့က အမျိုးသမီးဘောလုံး အားမပေးတဲ့ နိုင်ငံတွေပါ။ မလေးအသင်းမှာဆို ဂိုးသမားက ဘူခါ ဆောင်းထားသေးတယ်။ ခု ဆီးဂိမ်းအမျိုးသမီးဘောလုံးပွဲမှာ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား စုစုပေါင်း ၅ သင်းပဲ ဝင်ပြိုင်တယ်။ ဒီနေ့ပွဲမှာ မြန်မာက ဂိုးပြတ်နိုင်သွားလို့ တမင်ညစ်နေပြီလားပေါ့။

ဘောလုံးအဖွဲ့ချုပ် စီအီးအိုကိုယ်တိုင် ပေါက်ကွဲပြီး ဖေ့စ်ဘွတ်ခ်ပေါ် ဓါတ်ပုံနဲ့တကွ တင်ထားတော့ အွန်လိုင်းပေါ်မှာပါ ဂယက်ရိုက်ကုန်တယ်။ မြန်မာအမျိုးသမီးအသင်း အပြန်နောက်ကျအောင် တမင်လုပ်တဲ့အတွက် Shame on you Malaysia ဆိုပြီး ပို့စ်တွေချက်ခြင်းတက်လာတာတွေရတယ်။ ဒီရက်ထဲ မလးဆီးဂိမ်းကျင်းပရေးကော်မတီက ဒုတိယတန်းအဆင့်ရှိ ကွင်းတွေမှာ ကစားစေတာ၊ ရုပ်သံရိုက်ကူးထုတ်လွှင့် မပေးနိုင်တာ၊ မြန်မာပရိသတ်အတွက် လက်မှတ်အလုံအလောက် ရောင်းမပေးတာတွေကြောင့် အွန်လိုင်းပေါ်မှာလည်း ပေါက်ကွဲနေကြတဲ့သူတွကို တွေ့နေရတယ်။ ခုတစ်ခါ အမျိုးသမီးအသင်း အပြန်နောက်ကျအောင် တမင်လုပ်ပြန်ပြီလား ဆိုပြီးတော့ ဒေါသထွက်နေကြတယ်။

ကွင်းနဲ့ ဟိုတယ်ကြား လမ်းတစ်ဝက်မှာ ကားတွေပိတ်ပြီး ရှေ့မတိုးနိုင် ဖြစ်နေချိန်မှာ ဒီသတင်းတက်လာတယ်။ နောက်တော့ ဘယ်လိုစီစဉ်ကြသလဲမသိ။ ၁၁:၄၀ နာရီအကျော်မှာ အမျိုးသမီးအသင်းကား ထွက်လာနိုင်ခဲ့တယ်။ သူတို့က ရှေ့ပြေးလမ်းရှင်း မော်တော်ဆိုင်ကယ် ပါလာတော့ ကိုယ်တို့အဖွဲ့ ကားကိုပါ လမ်းတစ်ဝက်မှာ ကျော်သွားတယ်။ ကိုယ်တို့ နောက်ကျတာက အရေးမကြီးဘူး။ ကစားသမားအဖွဲ့ နောက်ကျတာက အရေးကြီးတယ်။ ဒီလိုနဲ့ ဟိုတယ်ကို မနက် ၁:၀၅ မိနစ်မှာ ပြန်ရောက်ပါတယ်။ အတူလိုက်ပါလာတဲ့ ဘောလုံးလက်ရွေးစင်ဟောင်း ဦးအေးမောင်ကြီးကတော့ “တော်ပြီကွာ နောက်နေ့ လိုက်မကြည့်တော့ဘူး။ ပင်ပန်းလိုက်တာ” ဆိုပြီး ညဉ်းပါတယ်။

ပင်ပန်းလာတော့ ဟိုတယ်ရောက်ရောက်ချင်း ခေါင်းထိုးပြီး အိပ်လိုက်တာ မနက်မိုးလင်းအထိ တစ်ရေးထဲပါပဲ။ မနက် Breakfast စားတော့ မမျှော်လင့်ဘဲ မလေးရှားတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ သူက ဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကိုကိုသိန်းရဲ့ liaison officer လို့ သိရတယ်။ “ညတုန်းက အမျိုးသမီးအသင်း ဘာဖြစ်သွားတာ မင်းသိလား” ဆိုတော့ “သိတယ်” တဲ့။ တကယ်အဖြစ်မှန်က “ကားဒရိုင်ဘာကို ရဲက ဖမ်းသွားတာ” တဲ့။ “ဘယ်အချိနှ်ာ ဖမ်းတာလဲ” မေးကြည့်တော့ “ပွဲအပြီးမှာ” တဲ့။ “ဘာလို့ဖမ်းတာလဲ” မေးကြည့်တော့ သူအသေအချာ မသိဘူးတဲ့။ ဒါဆိုလည်း အဲဒီအကြောင်းကို မြန်မာအမျိုးသမီး အသင်းအုပ်ချုပ်သူဆီကို အကြောင်းကြားရမှာပေါ့လို့ ဆိုတော့ “ဟုတ်ပါတယ” တဲ့။ “ဒီကိစ္စ Liaison officer မှာ တာဝန်ရှိပါတယ်” လို့ ပြောသွားပါတယ်။ ဒါက မနက်စောစောမှာ ရလိုက်တဲ့ သတင်းပါ။ မလေးဘက်က တမင်ညစ်ပြီး ဒရိုင်ဘာ အပျောက်ရိုက်သွားတာတော့ ဟုတ်ဟန်မတူဘူး။ သူတို့ အတွင်းရေးကိစ္စတွေ ရှိကောင်းရှိပါလိမ့်မယ်။ ဆီးဂိမ်းအိမ်ရှင်နိုင်ငံတစ်နိုင်ငံ အနေနဲ့ လာရောက်ယှဉ်ပြိုင်တဲ့ ဧည့်သည်နိုင်ငံများရဲ့ သွားရေး၊ လာရေး၊ စားသောက်၊ နေထိုင်ရေး ကိစ္စအဝဝကို တာဝန်ယူပေးရပါတယ်။ ခုလိုဟိုတယ်က ကားထွက်ချိန်၊ ကစားကွင်းရောက်ချိန်၊ ကစားကွင်းက ပြန်ထွက်ချိန်အထိ တိတိကျကျ ရှိရပါတယ်။ ပျက်ကွက်လို့ မရပါဘူး။ ခုကိစ္စမှာတော့ မတော်တဆ လွဲချော်မှုလား။ တမင်သက်သက်လားတော့ မသိနိုင်ဘူး။ ဒီကိစ္စ သူတို့ ဆီးဂိမ်းကျင်းပရေး တာဝန်ရှိသူများဘက်က တာဝန်ယူပေးရမှာပါ။ 

အခုဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်တွေမှာလည်း အတော်လေး လှုပ်ခတ်နေတာ တွေ့ရတယ်။ တချို့ကလည်း မကျေနပ်မှုတွေ၊ ဒေါသတွေ၊ အမုန်းတွေနဲ့ ရေးသားတုံ့ပြန်နေကြတာ တွေ့ရတယ်။ ဒီလိုအခြေအနေမှာ ပြိုင်ပွဲတွေကလည်း မပြီးသေးတော့ ပရိသတ်ချင်း၊ လူမျိုးချင်း အားကစားပြိုင်ပွဲကနေ အမုန်းပွား ပဋ္ဋိပက္ခတွေ ဖြစ်လာမှာလည်း စိုးရိမ်ပါတယ်။ တစ်ခု သတိပေးချင်တာကတော့ တာဝန်ရှိသူတွေကိုယ်တိုင်က ဆိုရှယ်မီဒီယာတွေပေါ်မှာ အမုန်းစကား (hate speech) တွေ မရေးမိ၊ မတင်မိစေဖို့ပါ။ အားလုံးထိန်းထိန်းသိမ်းသိမ်း ဖြစ်စေချင်ပါတယ်။

KL. Day 4 ရဲ့ဖြစ်ရပ်တွေထဲမှာတော့ အမျိုးသမီး ဘောလုံးအသင်း ကားနောက်ကျရတဲ့ ကိစ္စအပြင် မြန်မာက ခြင်းလုံးပြိုင်ပွဲမှာ နောက်ထပ်ရွှေတစ်ခု ရပေမယ့် လာအိုက ကန့်ကွက်ထားတယ်ဆိုတဲ့ သတင်းလည်း ပါပါတယ်။ ဒါပေမယ့် ရွှေတံဆိပ်ဆု စာရင်းပိတ်ချန်မှာတော့ မြန်မာက ရွှေနှစ်ခုနဲ့ တန်းစီဇယား တတိယနေရာမှာ ရောက်နေပါတယ်။ ခုထိတော့ မြားပစ်ကလည်း ဆုတံဆိပ် မချိတ်သေးပါဘူး။ Jalan Bukit Bintang က မြန်မာအားကစားအဖွဲ့ တည်းခိုရာ Federal Hotel ကိုတော့ မြန်မာအားကစားအဖွဲ့တွေ တဖွဲဖွဲ ထပ်မံရောက်ရှိနေကြောင်းပါ။

ချစ်ဝင်းမောင်
၁၈-၈-၂၀၁၇