News

POST TYPE

POPULAR POST

KL. Day 2
16-Aug-2017 tagged as မလေးရှား SEA Games

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော အားကစားကလောင်ရှင် ဦးချစ်ဝင်းမောင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။ 

အရပ်စကားနဲ့ပြောရရင် “ဒါတော့ နည်းနည်း များသွားပြီ”လို့ဆိုရမယ်။ KL. Day 2 ရဲ့ဖြစ်ကြောင်းကုန်စင်ထဲမှာ အဟော့ဆုံး အကြောင်းအရာက Broadcasting rights ရုပ်သံထုတ်လွှင့်ခွင့်ကိစ္စပါ။ တော်တော် ရင်နာစရာ ကောင်းသလို စိတ်ထဲ ကသိကအောင့် ဖြစ်ရတဲ့ကိစ္စပါပဲ။ 

ကြားရတဲ့သတင်းတွေအရ အမျိုးသမီး ဘောလုံးပွဲတွေရယ်၊ လာအို၊ ဘရူနိုင်းတို့နဲ့ ကစားမယ့် အမျိုးသား ဘောလုံးပွဲစဉ်တွေရယ်ကို ရုပ်သံရိုက်ကူးခွင့် မရသလို ထုတ်လွှင့်ခွင့်လည်း မရဘူးလို့ သိရပါတယ်။ ဒါကြောင့် မြန်မာပြည်က ဘောလုံးဝါသနာရှင် ပရိသတ်တွေ တီဗီကနေ အားပေးကြည့်ရှုခွင့် မရတော့ပါဘူး။ ဒါဟာ ဆီးဂိမ်းသမိုင်း အစဉ်အဆက်မှာ ဖြစ်လေ့ဖြစ်ထမရှိဘဲ ခု မလေးရှားဆီးဂိမ်းကျမှပဲ ကြုံကြရတာပါ။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူ နှစ်ဦးဖြစ်တဲ့ ဦးကိုကိုသိန်းနဲ့ ဦးစိုးမိုးတို့ အစွမ်းကုန် ကြိုးစားပြီး ရုပ်သံက ပြနိုင်အောင် ကြိုးစားခဲ့ပေမယ့် အချည်းအနှီးပါပဲ။ 

HB လို့ခေါ်တဲ့ Host Broadcaster ရထားတဲ့ မလေးရှား ရုပ်သံတွေရော၊ မလေးအိုလံပစ် ကော်မတီကရော ခေါင်းမာမာနဲ့ ငြင်းကြတယ်လို့ဆိုတယ်။ 

“ဒီမှာရှိတဲ့ တာဝန်ရှိ အကြီးအကဲအားလုံးကို ကျွန်တော် ဝင်တွေ့တယ်။ ဒီဘက်က Facilities မရှိလို့ မရိုက်နိုင်ဘူးဆိုရင် ကိုယ့်အစီအစဉ်နဲ့ကိုယ် ရိုက်မယ်ဆိုတာလည်း ခွင့်မပြုဘူး။ ဒါဆိုရင် ဖေ့စ်ဘွတ်ခ် Livestream တော့ ရိုက်ခွင့်ပြုပါ ဆိုတော့လည်း ခွင့်မပြုပြန်ဘူး။ ဘာမှလုပ်လို့ မရဘူး။ သူတို့က HB rights ယူထားတော့ သူတို့ခွင့်မပြုဘဲလုပ်ရင် ပြဿနာကြီးနိုင်တယ်”လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ဦးစိုးမိုးက ရှင်းပြတယ်။

ဒီနေ့မှာ ထိုင်းအမျိုးသမီးအသင်းနဲ့ အဖွင့်ပွဲ ကစားဖို့ရှိတယ်။ အာဆီယံ အမျိုးသမီး ဘောလုံးလောကမှာ ထိုင်း၊ ဗီယက်နမ်နဲ့ မြန်မာ အမျိုးသမီးအသင်းတွေက အဓိက ပြိုင်ဘက်တွေပါ။
မှတ်မိကြဦးမလားတော့ မသိဘူး။ နေပြည်တော် ဆီးဂိမ်းတုန်းက အကြိတ်အနယ် ကစားခဲ့ကြတာ။ အခု မလေးဆီးဂိမ်းမှာ ပြိုင်ဘက်နှစ်သင်း ပြန်တွေ့ကြပြီဆိုတော့ ဒီပွဲကလည်း စိတ်ဝင်စားစရာ ကောင်းတယ်။

ညနေ ၄ နာရီ မလေးရှား တက္ကသိုလ်ကွင်းမှာ ကစားမှာဆိုတော့ ဟိုတယ်ကနေ ၂ နာရီ ထွက်ခဲ့ကြတယ်။ ဒီကွင်းက ဆီလာရန်းကွင်းလောက် မဝေးဘူး။ မာလာယုတက္ကသိုလ်နယ်မြေက တောင်ကုန်းတွေ လျှိုမြောင်တွေ သစ်တောအုပ်တွေကြားမှာ တော်တော်လေး ဆိတ်ဆိတ်ငြိမ်ငြိမ်ပါပဲ။ လမ်းတွေက ကျဉ်းပေမယ့် ဖြောင့်ဖြူးညီညာတယ်။ 

အီကွေတာ ရာသီဥတုကြောင့်ပဲလား၊ စနစ်တကျ ထိန်းသိမ်းထားလို့လား မသိဘူး။ သစ်ပင် သစ်တောတွေက သဘာဝအတိုင်း စိမ်းလန်းစိုပြေနေတယ်။ မလေးတက္ကသိုလ်ကွင်းက အတော် ကောင်းပါတယ်။ ကွင်းအရှေ့ဘက်ခြမ်းမှာ ပွဲကြည့်စင်မရှိဘဲ တောင်ကုန်းတစ်ခုပဲ ရှိတယ်။ ဒီဘက်ခြမ်းပွဲကြည့်စင်ကတော့ သုံးထပ်ထိရှိပြီး ပရိသတ် နှစ်ထောင်လောက် ဆံ့တယ်လို့ဆိုတယ်။ ကွင်းနေရာကလည်း ခေါင်၊ အမျိုးသမီးပွဲကလည်း ဖြစ်နေတော့ ကွင်းကိုရောက်တဲ့အချိန်မှာ ပရိသတ်တစ်ယောက်မှမရှိဘဲ တိတ်ဆိတ်နေတာ တွေ့ရတယ်။ ဆီးဂိမ်း အမျိုးသမီး ဘောလုံးပွဲတွေက အမျိုးသားပွဲတွေလောက် စိတ်ဝင်စားမခံရသလို အိမ်ရှင်နိုင်ငံတိုင်းက ဒီလိုပွဲတွေကို မထင်မရှား ကွင်းတွေမှာ ကျင်းပလေ့ရှိတယ်။ ကိုယ်တွေကသာ ရုပ်သံရိုက်ခွင့်မရ။ တီဗီလွှင့်ခွင့် မရလို့ စိတ်ပျက်နေပေမယ့် မလေးတွေအတွက် ဒါအရေးကြီးပုံ မရဘူး။ 

ဆီးဂိမ်းဖွင့်ပွဲက လာမယ့် စနေနေ့ကျမှ ဆိုပေမယ့် ဒီရက်ထဲ ဘောလုံးပွဲ အပါအဝင် ပြိုင်ပွဲတချို့ ကစားနေကြပြီ။ ဒီနေ့တစ်နေ့ထဲမှာ အမျိုးသား ဘောလုံးပွဲစဉ် သုံးပွဲ၊ အမျိုးသမီးပွဲစဉ် နှစ်ပွဲဆိုတော့ သူတို့ဘက်က ပြိုင်ပွဲတိုင်း ရုပ်သံရိုက်ကူးပေးဖို့ Facilities မရှိဘူးလို့ဆိုတယ်။ အမှန်တော့ အမျိုးသမီး ဘောလုံးပွဲက အရေးမကြီးဘူးလို့ သဘောထားပုံရတယ်။ ကိုယ်တို့ကျတော့လည်း ကိုယ့်ပရိသတ်တွေအကြောင်း ကောင်းကောင်း သိတယ်။ အမျိုးသားပွဲဖြစ်ဖြစ် အမျိုးသမီးပွဲဖြစ်ဖြစ် တခြားနိုင်ငံနဲ့ပြိုင်ပြီဆိုရင် အလုံးအရင်းနဲ့ အားပေးတတ်ကြတာ ကိုယ်တို့ပရိသတ်တွေပါ။

ဒီနေ့အဖို့ကတော့ ရုပ်သံက ပြခွင့်မရတော့ အတော်စိတ်ပျက်စရာ ကောင်းခဲ့တယ်။ ကိုယ်တွေ ဒီမှာအားပေးသလို ကိုယ့်နိုင်ငံသား ပရိသတ်တွေကိုလည်း ကြည့်စေချင်တယ်။ ပြီးတော့ ကစားရမှာက ထိုင်းအမျိုးသမီးအသင်းနဲ့။ ပြည်တွင်းမီဒီယာ တစ်ခုကတော့ ဒီပွဲကို Livestream ရိုက်နေတာ တွေ့ရတယ်။ 

HB rights အရဆိုရင် ဒါဟာ တရားမဝင်ဘူး။ သူတို့ဘက်က တရားစွဲရင် ပေးလိုက်ရမယ့် လျော်ကြေးက မနည်းဘူးလို့ သိရတယ်။ အမျိုးသမီးပွဲက ပထမပိုင်းမှာ ထင်မှတ်မထားဘဲ ကောင်းနေတယ်။

၂၃ မိနစ်မှာ ထောင်ကန်ဘောကတစ်ဆင့် ခေါင်းတိုက်ပြီး မြန်မာအမျိုးသမီးအသင်း အဖွင့်ဂိုးရသွားတဲ့အခါ ဆယ်ဂဏန်းလောက်ရှိတဲ့ မြန်မာပရိသတ်တွေရဲ့အသံက ဆူညံသွားတယ်။ အကယ်၍ ဒီပွဲကိုသာ တီဗီက ပြနိုင်ခဲ့ရင် မြန်မာပြည်က ပရိသတ်တွေ ဘယ်လောက် ခုန်ပေါက်ပျော်မြူးနေမလဲဆိုတာ မြင်ယောင်မိတယ်။ ပထမပိုင်းပြီးသွားတဲ့အထိ မြန်မာအမျိုးသမီးအသင်းက ၁-၀ နဲ့ ဦးဆောင်နေတော့ ပျော်ပြီပေါ့။ ကံကောင်းတယ်ပဲ ပြောရမလား။ ထိုင်းအမျိုးသမီးအသင်းက ကိုယ့်အသင်းထက် ပိုကောင်းပြီး သူတို့ဘက်က အပိုင်ကန်ချက် နှစ်ခုစလုံ ဂိုးတိုင်ထိပြီး ထွက်သွားခဲ့တာလည်း ရင်တမမပါပဲ။ ကိုယ့်ထက်သာတဲ့အသင်းကို ဒုတိယပိုင်းမှာ တောင့်ခံနိုင်ပါ့မလား တွေးနေတုန်းမှာပဲ မိနစ် ၆၀ ကျော်မှာ သူတို့က ချေပဂိုးနဲ့ အနိုင်ဂိုး သွင်းသွားတော့ အားငယ်သွားပြန်တယ်။ ကံကောင်းချင်တော့ မိနစ် ၈၀ ကျော်မှာ ကိုယ့်ဘက်က ဖရီးကစ်ကို တိုက်ရိုက် ကန်သွင်းပြီး ၂-၂ သရေကျသွားတော့ ပရိသတ်တွေ ထခုန်ကြပြန်တယ်။ ကံကြမ္မာက ကိုယ့်ဘက်မှာ မရှိပါဘူး။ မိနစ် ၉၀ ကျော်လေးမှာ ထိုင်းအမျိုးသမီးက တတိယဂိုး သွင်းသွားတော့ အားလုံး ငိုင်သွားကြတယ်။ ပွဲက ဒီလိုနဲ့ ပြီးသွားခဲ့တာပါ။ ဒီပွဲသာ ရုပ်သံကလွှင့်ခွင့် ရခဲ့ရင်လည်း ပရိသတ်တွေ အပျော်တစ်ဝက်နဲ့ နောက်ဆုံး စိတ်ပျက်တာကိုပဲ ခံစားရမှာပါပဲ။

အမျိုးသမီးပွဲ ပြီးသွားတော့ နောက်နေ့ လာအိုနဲ့ အမျိုးသားပွဲစဉ် ရုပ်သံထုတ်လွှင့် မပြနိုင်တဲ့ကိစ္စက အရေးကြီးလာပြန်တယ်။ တကယ်ဆို ဆီးဂိမ်းဘောလုံးပြိုင်ပွဲ သမိုင်းမှာ ကိုယ့်မြန်မာဘောလုံးအသင်း ကစားတဲ့ပွဲတိုင်း ပြည်တွင်းမှာ ထုတ်လွှင့်မပြသနိုင်ဘူးဆိုတာ တစ်ကြိမ်တစ်ခါမှ မရှိခဲ့ပါဘူး။ အခု မလေးရှားဆီးဂိမ်းကျမှပဲ ပွဲစဉ် နှစ်ပွဲ (လာအို၊ ဘရူနိုင်း) ထုတ်လွှင့်မပြသနိုင်တာကတော့ အတော် ရုပ်ဆိုးသွားပါပြီ။ 

နောက်ပြီး ခေတ်ကြီးက အင်မတန် မြန်ဆန်ပြီး ဘာမှဖုံးကွယ်ထားလို့ မရနိုင်တော့တဲ့ ဒစ်ဂျစ်တယ် မီဒီယာခေတ်ကြီး။ ဒီလိုခေတ်ကြီးမျိုးမှာတောင် မလေးဆီးဂိမ်းပြိုင်ပွဲ ကျင်းပရေး အာဏာပိုင်တွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် Facebook Livestream လွှင့်ဖို့တောင် ခွင့်မပြုနိုင်ဘူးဆိုတော့ ဒီကိစ္စဟာ အိမ်ရှင်နိုင်ငံအတွက် အင်မတန် အရုပ်ဆိုးတဲ့ကိစ္စ ဖြစ်သွားပါပြီ။ 
မလေးဆီးဂိမ်းကတော့ ပြောစရာတွေ အများကြီး ဖြစ်ခဲ့ပါပြီ။ အိမ်ရှင်အခွင့်အရေးကို အပြည့်အဝ အသုံးချပြီး သူတို့ကစားတဲ့ပွဲတိုင်း ကွင်းကြီးမှာ ကစားပြီး မြန်မာ၊ လာအို၊ ကမ္ဘောဒီယား စတဲ့အသင်းတွေကိုတော့ ဒုတိယတန်းစား ကွင်းတွေမှာ ကစားစေရုံမက တီဗီရိုက်ကူးထုတ်လွှင့်ဖို့လည်း စီစဉ်မပေးတာကတော့ ဧည့်သည်တွေအပေါ် ဥပေက္ခာပြုလွန်းရာ ကျပါတယ်။ 

ကိုယ့်နိုင်ငံက ပရိသတ်အကြောင်းက ကိုယ်တွေပဲသိတယ်။ ဘယ်လောက်အထိ ဘောလုံးကို ရူးသွပ်အားပေးကြသလဲ။ ပထမနေ့က ရန်ကုန်မြို့တော် ခန်းမရှေ့မှာ အယ်လ်အီးဒီ စကရင်ဘုတ်ကြီးနဲ့ ပြတော့ အားပေးလိုက်တဲ့ ပရိသတ်၊ နည်းမှမနည်းပဲ။ မန္တလေးမြို့မှာဆိုရင် ဝန်ကြီးချုပ်ကိုယ်တိုင် ဖဲကြိုးဖြတ်ပြီး Live ပွဲကို ဖွင့်ပေးခဲ့တာ။ 
အခု လာအိုပွဲကိုလည်း ပရိသတ်တွေက မျှော်နေမှာပဲ။ မပြပေးနိုင်ရင် မျက်နှာပူစရာ ကောင်းလှတယ်။ ဒီဘက်မှာလည်း ပြပေးနိုင်ဖို့ အမျိုးမျိုး ကြိုးစားတောင်းဆိုနေတယ်။ သူတို့တုံ့ပြန်မှု အရာမထင်တဲ့အခါ သက်ဆိုင်ရာ MRTV ကလည်း ပရိသတ်ကို ကြိုတင်မေတ္တာ ရပ်ခံရတဲ့ထိ ဖြစ်သွားတယ်။

(အခု နောက်ဆုံးရရှိတဲ့သတင်းကတော့ လာအို၊ ဘရူနိုင်း ပွဲစဉ်နှစ်ပွဲကို မလေးရှား ဆီးဂိမ်းအိုလံပစ် ကော်မတီ MASOC ရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ Facebook Live Streaming ထုတ်လွှင့်ခွင့်ရသွားပြီ ဆိုတာပါပဲ)

ချစ်ဝင်းမောင်
၁၆-၈-၂၀၁၇