News

POST TYPE

POPULAR POST

အင်တာနက် စသုံးတဲ့ ကလေးငယ်တွေကို ဘယ်လိုထိန်းကျောင်းပေးဖို့ လိုအပ်မလဲ
15-Aug-2017
ပြည်တွင်းမှာ အင်တာနက် အသုံးပြုမှုတွင် ကျယ်လာတာနဲ့အမျှ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ အင်တာနက် အသုံးပြုမှု များပြားလာတာကို တွေ့နိုင်ပါတယ်။ ဒီလိုအသုံးပြုမှုအပေါ်မှာ ပြည်တွင်းက နည်းပညာသမားတွေကို မေးမြန်းကြည့်တဲ့အခါ ကလေးငယ်တွေ စာလုံးကို ဖတ်တတ်ပြီဆိုရင်ပဲ အင်တာနက် အသုံးပြုသင့်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးတွေ မလုံခြုံမှုတွေ မဖြစ်ပွားဖို့ အတွက်တော့ မိဘတွေအနေနဲ့ ဂရုပြုသင့်တယ်လို့ ဆိုကြပါတယ်။ ပြည်တွင်းနည်းပညာရှင်တွေရဲ့ အကြံပြုချက် တချို့ကို ကြည့်ရအောင်။

ဘယ်ဝက်ဘ်ဆိုက်တွေ အသုံးပြုနေလဲ

အင်တာနက် အသုံးပြုပြီး ဝက်ဘ်ဆိုက်တွေမှာ သူတို့သိချင်တာတွေကို အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ကလေးငယ်က ဘယ်လိုဝက်ဘ်ဆိုက်တွေကို ဝင်ကြည့်နေသလဲ ဆိုတာကိုတော့ စောင့်ကြည့် ကြပ်မတ်ပေးသင့်ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ဘာတွေ သူလုပ်နေသလဲ။ ညစ်ညမ်းဝက်ဘ်ဆိုက်တွေ ကြည့်နေသလား။ ဝါဒမှိုင်းတွေ ဖြန့်ချိနေတဲ့ နေရာတွေမှာ သူရှိနေသလား စတာတွေကို စောင့်ကြည့်ထားသင့်ပါတယ်။

ဝက်ဘ်ဆိုက်တွေကို ပိတ်ထားပါ

သူအသုံးပြုနေတဲ့ လူမှုကွန်ရက်တွေ၊ ဝက်ဘ်ဆိုက်တွေကို လေ့လာပြီး လိုအပ်လို့ရှိရင် တချို့ဝက်ဘ်ဆိုက်တွေကို သူအသုံးမပြုနိုင်အောင် ပိတ်ထားသင့်ပါတယ်။ ကိုယ်တိုင်မလုပ်နိုင်ဘူးဆိုရင် နည်းပညာသမားတွေနဲ့ တိုင်ပင်ပြီး ကလေးရဲ့ အင်တာနက် အသုံးပြုမှုကို ကန့်သတ်ထားသင့်ပါတယ်။ 

အလွန်အကျွံ ဂိမ်းဆော့နေသလား

ကလေးငယ်တွေက ကွန်ပျူတာဂိမ်းတွေ အပေါ်မှာ စွဲလမ်းမှုတော့ ရှိကြတာပါပဲ။ အလွန်အကျွံ မဖြစ်အောင်တော့ ထိန်းကျောင်းပေးသင့်ပါတယ်။ ဒီနေရာမှာ မျက်လုံးထိခိုက်နိုင်ခြေ ရှိတာနဲ့ ကျောင်းသင်ခန်းစာတွေကို မလစ်ဟင်းစေဖို့ ပြောလိုရင်း ဖြစ်ပါတယ်။ ခေတ်ကို မျက်ကွယ်ပြုပြီး e-Sport ဆိုတာကို မေ့ထားလို့ မရပါဘူး။ 

လမ်းညွှန်ပြသပါ

ကလေးငယ်တွေကတော့ သူ့အတွက် ဗဟုသုတတွေကို ကိုယ်တိုင်ရှာဖွေနိုင်ချင်မှ ရှာဖွေနိုင်ပါလိမ့်မယ်။ သူလမ်းမှားနေတယ်ဆိုရင် ကိုယ်က လမ်းမှန်ကို ပြနိုင်ဖို့ လိုအပ်ပါတယ်။ ဒါမသုံးရဘူးဆိုပြီး ပိတ်ထားရင် ဘယ်ဟာကို အသုံးပြုရမယ် ဆိုတာကိုတော့ လမ်းညွှန်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အထက်ပါအချက်တွေက အင်တာနက် စသုံးတဲ့ ကလေးငယ်တွေကို ထိန်းကျောင်းပေးနိုင်ဖို့ မိဘတွေ သိထားသင့်တဲ့ အကြံပြုချက်တွေဖြစ်တဲ့အတွက် ဒီတစ်ပတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။