News

POST TYPE

POPULAR POST

g & g ဆိုင် ဓားပြတိုက်သည့်အဖွဲ့မှ ခေါင်းဆောင်နှစ်ဦး လွတ်မြောက်
13-Aug-2017

ရန်ကုန်၊ ဩဂုတ် ၁၃

စမ်းချောင်းမြို့နယ်၊ စမ်းချောင်း (မြောက်)ရပ်ကွက်၊ စမ်းချောင်းလမ်းပေါ်ရှိ g & g စတိုးဆိုင်ကို ဓားပြဝင်တိုက်သူ ခြောက်ဦးမှ လေးဦး ဖမ်းမိထားပြီး ခေါင်းဆောင်သူ နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

“သူတို့အဖွဲ့သားတွေ အားလုံးက ၉ ယောက်ရှိတယ်၊ မနေ့က သူတို့အဖွဲ့ထဲက သုံးယောက်ကို ထပ်မိတယ်၊ ဒါပေမဲ့ စမ်းချောင်းလမ်းက ဆိုင်ထဲကို ဝင်တိုက်တဲ့သူတွေတော့ မဟုတ်ဘူး၊ စမ်းချောင်းဆိုင်ထဲကို ဝင်တိုက်တဲ့သူတွေထဲက လေးယောက်ပဲ မိထားသေးတာ၊ ခေါင်းဆောင်တဲ့ နှစ်ယောက်က ထွက်ပြေးနေတုန်း၊ ဓာတ်ပုံမှတ်တမ်းတော့ ရထားတယ်”ဟု ၎င်းက ဆက်လက် ရှင်းပြသည်။

ယင်း g & g စတိုးဆိုင်ကို ဓားပြဝင်တိုက်မှုဖြင့် ဖမ်းမိထားသူများမှာ မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်တွင် နေထိုင်သူများ ဖြစ်သည့် အသက် ၁၈ နှစ်အရွယ် စည်သူလွင်၊ အသက် ၂၃ နှစ်အရွယ် အာယုကျော်၊ အသက် ၁၉ နှစ်အရွယ် ဖိုးလပြည့် (ခ) အောင်ပြည့်မြတ်နှင့် အသက် ၁၈ နှစ်အရွယ် ကျော်ထူး (ခ) လှမျိုးနိုင်တို့ဖြစ်ပြီး ထွက်ပြေး လွတ်မြောက်နေသည့် ခေါင်းဆောင် နှစ်ဦးမှာ အသက် ၂၀ အရွယ် အောင်ဖြိုးကျော် (ခ) ဆိုးပေနှင့် အသက် ၁၈ နှစ်အရွယ် ပြည့်ဖြိုးအောင် (ခ) ရှောက်ပေါင်းတို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့အဖွဲ့မှာ ၂၄ နာရီဖွင့် ရောင်းချလျက်ရှိသော g & g စတိုးဆိုင်များဖြစ်သည့် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ ဆိုင်တစ်ဆိုင်၊ ဘုရင့်နောင်ဈေးအနီးရှိ ဆိုင်တစ်ဆိုင်နှင့် အလုံမြို့နယ်ရှိ ဆိုင်တစ်ဆိုင်တွင်လည်း ပူးပေါင်းကျူးလွန်ထားကြောင်း၊ ယင်းကျူးလွန်မှုများကို သက်ဆိုင်ရာ မြို့မရဲစခန်းများတွင် အမှုဖွင့် အရေးယူနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဩဂုတ်လ ၁၁ ရက်နေ့ ညမှာပဲ ဘုရင့်နောင်က ဆိုင်တစ်ဆိုင်ကို အရင် ဝင်လုတယ်၊ ပြီးမှ စမ်းချောင်းကို ရောက်လာတာ၊ ဘုရင့်နောင်ဆိုင်မှာက ဆိုင်ဝန်ထမ်း ကောင်မလေး နှစ်ယောက်တည်း၊ စမ်းချောင်းမှာက ကောင်လေး နှစ်ယောက်၊ “မင်းတို့ပစ္စည်း မဟုတ်ဘူး၊ အသာလေး ပါးစပ်ပိတ်နေလိုက်၊ အော်ရင် ဓားနဲ့ထိုးလိုက်မယ်”ဆိုပြီး ခြိမ်းခြောက်တာ၊ ပြီးမှ ကောင်တာအံဆွဲထဲမှာရှိတဲ့ ဖုန်းငွေဖြည့်ကတ်တို့၊ ရောင်းရငွေတို့ကိုယူပြီး ကားနဲ့ထွက်ပြေးတာ၊ အလုံမှာလုတဲ့အချိန်က သုံးတဲ့ ကားတစ်စီးပါ ထပ်သိမ်းဆည်းထားတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆက်လက် ရှင်းပြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၄ နာရီဖွင့်လှစ်သော g & g စတိုးဆိုင်များ အပါအဝင် အခြားအရောင်းဆိုင်များအနေနှင့် မိမိတို့၏ စီးပွားရေး တစ်ခုတည်းကိုသာ အာရုံထား ဆောင်ရွက်နေခြင်းထက် လုံခြုံရေးပိုင်းကိုလည်း အထူးဂရုပြု ဆောင်ရွက်ရန်၊ သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့များ ပူးပေါင်း ဆောင်ရွက်ကြရန်၊ ထူးခြားမှုရှိပါက အချိန်မီ သတင်းပေး တိုင်ကြားကြရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က တိုက်တွန်း နှိုးဆော်ထားသည်။

J-16

  • VIA