News

POST TYPE

POPULAR POST

မြို့လယ်ခေါင်တွင် ခြိမ်းခြောက်ခံရဟု ဦးရောဘတ်စန်းအောင်ဆို
09-Aug-2017 tagged as ခြိမ်းခြောက်

ရန်ကုန်၊ သြဂုတ် ၈

ပုဇွန်တောင်မြို့နယ် တရားရုံးမှ နေအိမ်ပြန်လာသည့် ရှေ့နေ ဦးရောဘတ်စန်းအောင်မှာ ပုဇွန်တောင် Orchid Hotel အနီး မီးပွိုင့်တွင် သြဂုတ်လ ၈ ရက် ညနေ ၄ နာရီခန့်က YBS ယာဉ်မောင်းတစ်ဦး၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ခဲ့ရကြောင်း ၎င်းက ပြောသည်။

“ဗကသ ကျောင်းသူတစ်ယောက် အမှု ရုံးထုတ်သွားတာ။ ပြီးတော့ တရားလွှတ်တော်ရှေ့နေရော အခြားသူတွေရော ပါလာတယ်။ အားလုံး စုပြီး ပရိုဘောက် တက္ကစီနဲ့ ပြန်လာတာ။ ပြန်လာရင်းက YBS (၄) နဲ့ စငြိတာ။ ကားနံပါတ်က 1D/----ကားက အရှိန်နဲ့ မောင်းလာတာ။”ဟု ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုသည်။

အဆိုပါ YBS (၄) မှာ ဟွန်းမတီးရ ဇုန်အဖြစ် သတ်မှတ်ထားသည့် နယ်မြေအတွင်း ဟွန်းသံရှည်တီး၍ လမ်းပေးရန် အချက်ပြခဲ့ပြီး လမ်းမပေးခဲ့သောကြောင့် အနော်ရထာလမ်းနှင့် ဗိုလ်တထောင် ဘုရားလမ်းရှိ မီးပွိုင့်ထောင့် Orchid Hotel မျက်စောင်းထိုးတွင် YBS ကားသမားက ယာဉ်ပေါ်မှဆင်း၍ ရမ်းကားခြိမ်းခြောက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“သူက ကားပေါ်က ဆင်းလာပြီး မျိုးကန်းသွားမယ်။ YBS ကို ဒီလိုလာမစမ်းနဲ့ အခြား ဆဲဆိုမှုတွေပြုပြီး ကားဘောနက်နဲ့ တံခါးတွေကို လက်သီးနဲ့ထိုးတယ်။ ကျွန်တော်က ဝင်ပြောတော့ မင်းပါ သေသွားချင်လား ပြောပြီးတယ်။ ပြီးတော့ ကျွန်တော်တို့ကားကို လမ်း ၅၀ မှတ်တိုင်ကနေ ပိတ်စောင့်နေတယ်”ဟု ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

အဆိုပါ ကားမှာ ပိတ်စောင့်နေသောကြောင့် ရဲတပ်ဖွဲ့ထံ အကူအညီ တောင်းခဲ့ရာ ယာဉ်ထိန်း ရဲတပ်ဖွဲ့ ရောက်ရှိလာပြီး စစ်ဆေးကာ ခရီးသည် ပါလာသည့် YBS (၄) ယာဉ်နှင့် ဦးရောဘတ်စန်းအောင် ပါလာသည့် အငှားယာဉ်တို့အား စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

အဆိုပါအမှုကို ရဲစခန်းတွင် တိုင်ကြားခဲ့သော်လည်း ပုဇွန်တောင် မြို့မရဲစခန်းက အမှုဖွင့်လှစ်ပေးခြင်း မရှိသဖြင့် ယနေ့ (သြဂုတ်လ ၉ ရက်နေ့)တွင် နိုင်ငံတော် သမ္မတရုံး အပါအဝင် ပြည်ထဲရေးနှင့် သက်ဆိုင်ရာ ဌာနများထံ တိုင်ကြားရန် စီစဉ်ထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပုဇွန်တောင် မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ “အမှုဖွင့်ပေးမလို့ပါ။ သူက လက်မခံဘူး။ လွဲမှားမှု ရှိကောင်း ရှိနိုင်သလို ပြစ်မှုကျူးလွန်ချင်တာလဲ ဖြစ်နိုင်တယ်။ ဒါက တရားစီရင်ရေး အပိုင်းပါ။ ဥပဒေကြောင်းအရ သွားချင်တယ်ဆိုလဲ သွားပါ။ ကျွန်တော်တို့ရတဲ့ ဖြစ်စဉ်အမှန် ချပြပေးသွားမှာပါ”ဟု ရဲအရာရှိ တစ်ဦးက ဆိုသည်။

S-03